2016 အကြို အင်တာဗျူး တစ်ခုပါ...
===========================
အခုလာမယ့် ၂၀၁၆မှာ နည်းပညာ အပြောင်းအလဲတွေက ဘာတွေဖြစ်လာမလဲ ဆရာ့ရဲ့အမြင်။ ဘာတွေပိုပြီး အကျိုးခံစားခွင့်တွေရရှိလာမလဲ။ အခွင့်အလမ်းတွေကရော ဘာတွေဖြစ်လာနိုင်မလဲ။ ဘာတွေပြင်ဆင်ထားဖု့ိလိုလဲ။
နောက်ပြီးတော့ အခုနှစ်ထက် လာမယ့်၂၀၁၆မှာ နည်းပညာနဲ့ပတ်သက်တဲ့ သင်ကြားရေးပိုင်းတွေမှာရော ဘာတွေပြောင်းလဲလာနိုင်လဲဆိုတာ ဆရာ့အနေနဲ့သုံးသပ်ပေးပါ.....
....
ကျွန်တော်က ကျောင်းဆရာ တစ်ယောက်ဆိုတော့ ဆရာတစ်ယောက်ရဲ့ အမြင်ကိုပဲ ပြောပြပေးနိုင်ပါတယ်။ နည်းပညာ တိုးတက်ဖို့ဆိုတာဟာ တကယ်တမ်းတော့ နိုင်ငံတော်ရဲ့ ပံ့ပိုးပေးနိုင်မှုတွေ အပေါ်မှာ အများကြီး မူတည်နေတယ်လို့ ယူဆပါတယ်။
...
နည်းပညာဆိုတာ ရှေ့ကိုအရှိန်အဟုန်နဲ့ အမြဲဆက်သွားနေတဲ့ သဘောရှိပါတဲ့အပြင် နိုင်ငံတကာက နည်းပညာ အပြောင်းအလဲတွေဟာ ပြည်တွင်းကိုလဲ ဂယက်ရိုက်လေ့ ရှိပါတယ်။ ယနေ့ခေတ်ဟာ ပညာခေတ်ဖြစ်လို့ အဲဒီလို တိုးတက်ပြောင်းလဲမှုတွေဟာ အရှိန်အဟုန် ကြီးမားပါတယ်။ အင်တာနက်ရဲ့ ကျေးဇူးကြောင့်လည်း တစ်နေရာက နည်းပညာအပြောင်းအလဲဟာ အခြားနေရာအားလုံးကို ကူးစက်ပျံ့နှံ့လာစေပါတယ်။
...
၂၀၁၆ မှာ နိုင်ငံရေးအရ အပြောင်းအလဲကြီးကြီးမားမားဖြစ်ခဲ့တာဟာလဲ မြန်မာနိုင်ငံရဲ့ နည်းပညာပိုင်းမှာလဲ တိုးတက်မှုတွေ ဖြစ်လာနိုင်ဖို့ တွန်းအားတစ်ခုပါပဲ။ ဒါပေမယ့် အဲဒီတိုးတက်မှုတွေဟာ ယာယီမဟုတ်ဘဲစစ်မှန်တဲ့ တိုးတက်မှုတွေ ဖြစ်လာဖို့ ကြိုးစားကြရဦးမှာပါ။
...
နိုင်ငံတကာကတီထွင်ထားသမျှ နည်းပညာတွေကို လူတော်တော်များများ အလွယ်တကူ အသုံးပြုလာနိုင်ပါတယ်။ ယခင်က စိတ်ကူးပဲယဉ်နိုင်ခဲ့တဲ့ အရာတွေ အပြင်မှာ လက်တွေ့လုပ်လို့ ရလာပါပြီ။ သာမန်ကျေးလက်နေ ပြည်သူတွေတောင် အဲဒီလိုနည်းပညာမျိုးတွေကို အကျွမ်းတဝင် သုံးတတ်လာကြပါတယ်။
...
ဆက်သွယ်ရေးတွေ မြန်ဆန်လာပြီး အရောင်းအဝယ်လဲ တွင်ကျယ်လာပါတယ်။ အင်တာနက်ကတဆင့် အရောင်းအဝယ်တွေ ဖြစ်လာကြပါတယ်။ ဆိုးကျိုးတွေလဲတပါတည်း ကြုံလာကြရပါတယ်။ လိမ်လည်မှု အသစ်အဆန်းတွေ၊ လူမှုရေး ပြသနာတွေ၊ ဘာသာရေး၊ လူမျိုးရေး ပြသနာတွေ အလွယ်တကူ ဖန်တီးနိုင်လာပါတယ်။ အားလုံး သိထားပြီးသားဖြစ်လို့ အကျယ်မချဲ့လိုတော့ပါဘူး။
...
နည်းပညာတွေကို သုံးကောင်းကောင်းနဲ့ သုံးလို့ ရလာတာကို စစ်မှန်တဲ့ နည်းပညာတိုးတက်မှုလို့ မယူဆစေချင်ပါဘူး။ အဲဒီနည်းပညာတွေကို အခြေခံကျကျ တတ်ကျွမ်း နားလည်ထားဖို့က အရေးတကြီး လိုအပ်လာနေတာပါ။ နောက်ဆိုလိုက်မမှီအောင် ပြတ်ကျန်နေတော့မယ့် အန္တရာယ်တွေ ရှိနေတယ်လို့ မြင်ပါတယ်။
...
နိုင်ငံတော်တော်များများရဲ့ အဓိကထုတ်ကုန်တွေဟာ နည်းပညာထုတ်ကုန်တွေပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ မြန်မာပြည်ကတော့ သူများနည်းပညာထုတ်ကုန်တွေကို အစားပြန်မရနိုင်တဲ့ သယံဇာတတွေနဲ့ ရဲရဲကြီး လဲပစ်နေတာကို ဝမ်းနည်းစရာ သတိထားမိလာပါတယ်။
...
တကယ်တော့ နည်းပညာဆိုတာဟာ အိုင်တီလို့ တန်းမြင်ကြတဲ့သူတွေ များပါတယ်။ တကယ်တော့ နည်းပညာထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့ သိပ္ပံပညာ၊ အင်ဂျင်နီယာပညာနဲ့ အိုင်တီပညာရပ်အပြင် အခြား ပညာရပ်ပေါင်းများစွာ လိုအပ်မှာ ဖြစ်ပါတယ်။ စက်မှုလုပ်ငန်းတွေ တည်ထောင်နိုင်ဖို့ အခြေခံကျတဲ့ အရင်းအမြစ်တွေ၊ စွမ်းအင်တွေ လိုအပ်ချက်တွေလဲရှိနေပါသေးတယ်။ ဒါတွေကို ပြည့်မှီအောင် မလုပ်နိုင်သေးသမျှ နည်းပညာအရာမှာ ကျွန်ပြုခံနေရဦးမှာပါပဲ။
...
ယခင်ကထက်စာရင်တော့ အခွင့်အလမ်းတွေ အများကြီးဖြစ်လာမှာပါ။ လူတိုင်းသိပြီးသား အခွင့်အလမ်းတွေကို ချန်ထားပြီး ကျွန်တော့်အမြင်အချို့ကို ဆွေးနွေးပါရစေ။ တကယ်ရနိုင်မယ့် အခွင့်အရေးကတော့ ယှဉ်ပြိုင်ခွင့်ပဲလို့ ထင်ပါတယ်။ ယခင်က ရေတွင်းထဲကဖားတွေလို နေလာခဲ့ကြရတဲ့ ဘဝကနေ တိုးတက်လာတဲ့ နည်းပညာကြောင့် ကမ္ဘာကြီးပြားသွားပြီး အတားအဆီးတွေ နည်းလာပါတယ်။တကယ်တမ်းသာ အစွမ်းရှိခဲ့မယ် ဆိုရင် ကားဂိုထောင်ထဲက ချာတိတ် တစ်ယောက်က ကမ္ဘာကြီးကို စိန်ခေါ်လို့ ရပြီ ဖြစ်ပါတယ်။
...
ဒါပေမယ့် တော်ရုံတန်ရုံ အရည်အချင်းမျိုးနဲ့တော့ ဒီလိုမလုပ်နိုင်ဘူးဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် အရင်က ဒေသတွင်း တော်ရုံနဲ့ ရပ်တည်နိုင်ခဲ့တဲ့ လုပ်ငန်းတွေ ပျောက်ကွယ်သွားနိုင်ပါတယ်။ ကိုယ်ကစိန်ခေါ်ခွင့် ရထားသလို အခြားကမ္ဘာက စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်နိုင်ဖို့ စစ်မှန်တဲ့ အရည်အချင်းတွေ လိုအပ်လာပါပြီ။ အဲဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ မြန်မာပြည်အနေနဲ့ ဘယ်လို ပြင်ဆင်ကြမလဲဆိုတာ အရေးတကြီး စဉ်းစားကြရမယ့် အချိန်ကို ရောက်လာပြီ ဖြစ်ပါတယ်။ မြန်မာပြည်မှာ တကယ်အားကိုးလောက်တဲ့ အရင်းအမြစ် လောက်လောက်လားလား မရှိသေးဘူးလို့ မြင်ပါတယ်။ အလားအလာရှိအောင် ကြိုးစားနိုင်တာကတော့ လူ့စွမ်းအား အရင်းအမြစ်ပါ။ အခုအချိန်ဟာ ပညာရေးဘက်မှာ ပုံအောပြီး လောင်းကြေးထပ်သင့်တဲ့ အချိန်လည်းဖြစ်ပါတယ်။
...
နည်းပညာနဲ့ ပက်သက်တဲ့ သင်ကြားရေးအပိုင်းဟာ အရမ်းကိုကျယ်ပြန့်ပါတယ်။ တကယ်တော့ စနစ်ကြီးတစ်ခုလုံးဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာကြောင့် တစ်ပိုင်းတည်းက စကိုင်လို့ မရနိုင်ပါဘူး။ အဖက်ဖက်က ဟန်ချက်ညီညီနဲ့ ဖွံ့ဖြိုးလာအောင် အရမ်းကို သတိထားပြီး ကိုင်တွယ်သွားရမယ်လို့ ယူဆပါတယ်။ ဒါကတကယ်တော့ ကျွန်တော်တို့ ထင်မြင်ချက် ပေးနိုင်တဲ့ နေရာမဟုတ်ပါဘူး။ နိုင်ငံ့ခေါင်းဆောင် အဆင့်၊ လွှတ်တော် အဆင့် ညှိနှိုင်းပြီး တဖြည်းဖြည်းချင်း ပြုပြင် သွားကြရမှာပါ။ သို့သော် ကျောင်းဆရာများအတွက်ကတော့ မဖြစ်မနေ ထမ်းရွက်ကြရမယ့် ကြီးလေးတဲ့ တာဝန်တွေ ရှိနေပါသေးတယ်။ ကျောင်းသားများကို မလေ့ကျင့် မသင်ကြားခင်မှာ ဆရာများဟာ ကိုယ်တိုင်က ဘာသာရပ်ဆိုင်ရာ ပြသနာများကို သရုပ်ပြရုံသာမက လက်တွေ့နဲ့ ဆက်စပ်ပြီး အသုံးချ ဖြေရှင်းပြနိုင်ဖို့ လေ့လာ ပြင်ဆင်ထားကြရပါမယ်။ ရနိုင်သမျှ အရင်းအမြစ်တွေကို စုဆောင်းပြီး ရိုးရှင်းတဲ့ သင်ကြားမှုနည်းလမ်း၊ သင်ထောက်ကူတွေ ပြုလုပ်ထားရမှာပါ။
...
အခြားတစ်ဖက်မှာလည်း ခေတ်မီနည်းပညာကိုသုံးပြီး စရိတ်နည်းနည်းနဲ့ ဝန်ကျဉ်းတဲ့ အထောက်အကူတွေကို ထိထိရောက်ရောက် အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင် နိုင်ဖို့ လက်တွေ့မှာ ခက်ခဲပါလိမ့်မယ်။ အဲဒီအခက်အခဲအားလုံးကို စုပေါင်း လုပ်ဆောင်ခြင်းဆိုတဲ့ TEAM WORK တစ်ခုတည်းကသာ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ တစ်ယောက် တစ်နေရာ တာဝန်တကယ်ယူပြီး တိုင်းပြည်တိုးတက်လာအောင် ကျွန်တော်တို့ ဆရာများအနေနဲ့ စတင် လုပ်ဆောင်ဖို့ အချိန်ပဲ ဖြစ်ပါတယ်။
...
ဆရာတွေအနေနဲ့ တစ်ကျောင်းတဲ့ တစ်ကျောင်း နည်းပညာ သုတေသနများ ဖလှယ်ဆွေးနွေးခြင်းများကို ဟန်ပြမဟုတ်ဘဲ နိုင်ငံရဲ့ တကယ့်လက်တွေ့လိုအပ်ချက်များ အလေးပေးပြီး စည်းစည်းလုံးလုံးနဲ့ စုစည်း လုပ်ဆောင်ကြသင့်ပါတယ်။ ကျောင်းသားများရဲ့ အရည်အချင်းများကို အသိအမှတ်ပြုပြီး နေရာပေးကြရမှာ ဖြစ်ပါတယ်။ အမြဲတမ်းဆရာ အမြဲတမ်းတပည့်ဆိုတာ မရှိပါဘူး။ တပည့်တွေထဲက ထူးချွန်ထက်မြက်သူတွေကို ဆရာများက အပြန်အလှန် လေးစားကာ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဆရာ့ထက် တပည့် လက်စောင်းထက်တဲ့ အချိန်မျိုးမှာလဲ ဝန်ခံချီးကျူးဖို့ သတ္တိရှိစေချင်ပါတယ်။
...
ဆရာဆိုတာ စာသင်ရုံသက်သက်သာမဟုတ်ဘဲ တကယ်လိုအပ်တဲ့ သုတေသနများ လုပ်ဆောင်ခြင်း၊ စာအုပ်စာတမ်းများ ရေးသားထုတ်ဝေခြင်းများကိုလည်း အပတ်တကုတ် ကြိုးစားကြစေလိုပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်အောင် ထိရောက်စွာ ပံ့ပိုးကူညီပေးကြရမှာ ဖြစ်ပါတယ်။ အကြောင်းကြောင်းကြောင့် တကယ့် သုတေသနသမားတွေ အိတ်စိုက်လုပ်နေရတဲ့ အဖြစ်ဆိုးမျိုးကို သိရှိဖြေရှင်းပေးနိုင်ပါစေလို့ပဲ မျှော်လင့် ဆုတောင်းနေရပါတယ် ခင်ဗျား။
...
ဒေါက်တာအောင်ဝင်းထွဋ်(bluephoenix)
http://www.engineer4myanmar.com
24-12-2015