ကွန်ကရစ်၏ အခြေခံ သဘောတရားများအကြောင်း

ကွန်ကရစ်၏ အခြေခံ သဘောတရားများအကြောင်း

 

နိဒါန်း
 ဆောက်လုပ်ရေး လုပ်ငန်းသုံး ကွန်ကရစ်ဆိုသည်မှာ ကမ္ဘာပေါ်တွင် အတွင်ကျယ်ဆုံး အသုံးပြုနေသည့် ဆောက်လုပ်ရေးသုံး ပစ္စည်းတစ်ခု ဖြစ်သည်။ ထို့ပြင် လုပ်ငန်းခွင်သို့ plastic state အနေဖြင့် ပို့ဆောင်ပေးနိုင်သည့် တစ်ခုတည်းသော အဓိက ဆောက်လုပ်ရေး ပစ္စည်းဖြစ်သည်။ ကွန်ကရစ်ကို အသုံးပြု၍ အဝေးပြေးလမ်းမကြီးများနှင့် ကားလမ်းများ၊ တံတားများ၊ ဆည်များ၊ အဆောက်အအုံကြီးများ၊ လေယာဉ်ပြေးလမ်းများ၊ ရေပေးဝေရေး စနစ်များ၊ လှိုင်းတားနံရံများ၊ ဆိပ်ခံတံတားများ၊ သင်္ဘောကျင်းများ၊ လူသွားလမ်းများ၊ ဒုံးကျည်ပစ်စင်များ၊ စပါးကျီနှင့် လယ်ယာသုံး အဆောက်အအုံများ နှင့် လူနေအိမ်များ တည်ဆောက်လေ့ရှိသည်။ ထို့ပြင် ကွန်ကရစ်ကို အသုံးပြု၍ ဆောက်လုပ်ခြင်းဖြင့် အဆောက်အအုံ၏ ကြံခိုင်မှု၊ စီးပွားရေးအရ တွက်ခြေကိုက်မှု နှင့် အကြမ်းခံနိုင်မှုတို့ကို ရရှိသည်။ ကွန်ကရစ် ပြုလုပ်ရန် ရောစပ်ရာတွင် အသုံးပြုသော ပါဝင်ပစ္စည်းများနှင့် အချိုးအစားအပေါ် မူတည်၍ ဖိအား 700 kg/sq cm နှင့်အထက် (10,000 lb/sq in နှင့်အထက်) ခံနိုင်ရည် ရှိသည်။ 
 ကွန်ကရစ်များ၏ ဆန့်အား (tensile strength) သည် နည်းပါးသော်လည်း သင့်တင့်လျောက်ပတ်စွာ ဒီဇိုင်းပြုလုပ်ထားသော သံမဏိ အားဖြည့် စနစ်များ အသုံးပြုထားပါက ဖိအားကို ခံနိုင်ရည်ရှိသကဲ့သို့ပင် ဆန့်အားလည်း ကောင်းအောင် ပြုလုပ်ထားနိုင်ပါသည်။ ကွန်ကရစ် အဆောက်အအုံများ၏ ခံနိုင်ရည်ကို လွန်ခဲ့သော နှစ်ပေါင်း ၃၆၀၀ ကျော်က အီဂျစ်ပြည်တွင် တည်ဆောက်ခဲ့ကြသော ကွန်ကရစ်တိုင်များ ယနေ့အထိ တည်ရှိနေသေးသည်ကို ကြည့်ခြင်းဖြင့် သိရှိနိုင်ပါသည်။
 ကွန်ကရစ်ပြုလုပ်ရာတွင် အခြေခံအားဖြင့် အောက်ပါ လိုအပ်ချက်များကို ထည့်သွင်း စဉ်းစားရမည် ဖြစ်ပါသည်။
 (က) အသားသေပြီးသော ကွန်ကရစ်တစ်ခု အနေဖြင့် လိုအပ်သော ခံနိုင်အား  ရရှိစေသည်။ (Required strength)
 (ခ) နေရာအနှံအပြား တူညီမှု ရရှိစေရန်နှင့် ရေလုံစေရန် (Uniform watertight)
 (ဂ) ရာသီဥတုဒဏ်၊ ပွတ်တိုက်ခြင်းဒဏ်နှင့် အခြား ဖျက်ဆီးတတ်သည့်  အကြောင်းအရာများကို ခံနိုင်စေရန်။ (Resistant to weather, wear and destructive  agencies)
 (ဃ) အေးသောအခါ (သို့) ခြောက်သောအခါတွင် အလွန်အကျွံ ကျုံ့ဝင်ခြင်း မရှိစေရန်။
 (င) အချို့သော ကိစ္စရပ်များတွင် အထူးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်၊ ဥပမာ -  မီးလောင်မှု ဒဏ်အား ခံနိုင်ရည် ရှိစေရန်၊ ဓာတုပစ္စည်းများ၏ ဓာတ်ပြုတိုက်စားခြင်းကို  ခံနိုင်ရည်ရှိစေရန်၊ အလေးချိန်ပေါ့ပါးသော ကွန်ကရစ်ဖြစ်စေရန်နှင့် အထူးချောမွေ့သော  မျက်နှာပြင် ရရှိရန် စသည့် ဂုဏ်သတ္တိများရှိရန် လိုအပ်ပါသည်။ 
 ကွန်ကရစ်ကို အဓိက အစိတ်အပိုင်း နှစ်မျိုးဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပါသည်။ ၎င်းတို့မှာ ဘိလပ်မြေ၊ ရေ၊ လေ စသည်တို့ ပေါင်းစပ်ပါဝင်သည့် ဘိလပ်မြေနှစ်အဖွဲ့အစည်း (matrix of Paste) နှင့် တွင်းထွက်ကျောက်ရောစာ ဖြစ်သည့် (mineral aggregate) များဖြစ်သည့် ခွဲကျောက် သို့မဟုတ် ကျောက်စရစ်၊ သဲ အရောတို့ဖြစ်ပါသည်။ ဘိလပ်မြေအနှစ် (Paste) များအကြားတွင် ရောစာများဖြင့် ပြည့်နေခြင်း ဖြစ်သည်။ အရော(mix) တစ်ခုလုံး၏ ထုထည် စုစုပေါင်းသည် အနှစ် (Paste) ၏ အမာထုထည် (solid volume)၊ ရောစာ၏ အမာထုထည်နှင့် ခိုအောင်နေသော လေ၏ ထုထည့် စုစုပေါင်းနှင့် တူညီသည်။ ၎င်းတို့ ပေါင်းစပ်ပါဝင်နေပုံမှာ ဘိလပ်မြေ (သရွတ်)တွင် လေ ၅%၊ ရေ ၁၅% နှင့် ဘိလပ်မြေ ၁၀% တို့ ပါဝင်ပြီး ဓာတ်မပြုသည့် တွင်းထွက်ကျောက် အဖြည့်ပစ္စည်း ၇၀% ပါဝင်ပါသည်။ 
 ကွန်ကရစ်အား အထက်ပါအတိုင်း ရောစပ်ပြီးသည့်အခါတွင် ရောစပ်ထားသော သရွတ်အတွင်း ဘိလပ်မြေနှင့်ရေသည် နာရီအနည်းငယ်အတွင်း ဓာတုဓာတ်ပြုမှု ပေါင်းစပ် ဖြစ်ပေါ်လာပြီး တဖြည်းဖြည်း ခဲ၍ မာလာပေသည်။ ၎င်းသည် ဘိလပ်မြေ ကွန်ကရစ်ပင် ဖြစ်သည်။ အချိန်ကြာလာသည့်အခါ ကွန်ကရစ်သည် ခိုင်ခံ့အားအပြည့်ကို ရလာစေသည်။ ကွန်ကရစ်ကို အဆောက်အဦ အုတ်မြစ်များ၊ ကြမ်းခင်းများနှင့် မြေထိန်းနံရံများတွင် အသုံးပြုသော ကွန်ကရစ်ကို ထုကွန်ကရစ် (mass concrete) ဟုခေါ်ပြီး အားဖြည့်သံချောင်းများ ထည့်သွင်း၍ ပြုလုပ်သော ကွန်ကရစ်ကို ကြိုတင်အားဖြည့် သံကူ ကွန်ကရစ် (reinforced concrete) ဟု ခေါ်ဆိုကြပေသည်။ ကွန်ကရစ်ပြုလုပ်ရာတွင် ဘိလပ်မြေ၊ သဲ၊ ထုံး၊ ရောစာ၊ ရေ၊ လေ စသဖြင့် ပါဝင်ပါသည်။ ၎င်းတို့ အနက် တစ်ခုချင်းစီ အကြောင်းကို အနည်းငယ် တင်ပြလိုပါသည်။ 
ဘိလပ်မြေအမျိုးအစားများ
(က) သဘာဝ ဘိလပ်မြေ (Natural Cements)။ ပို့တလန်ဘိလပ်မြေ ကိုတွေ့ရှိခြင်း မရှိခင်က သဘာဝ ဘိလပ်မြေများ ဖြစ်ကြသော Roman, Medina, Alkinoon အစရှိသည်တို့ကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။ ၎င်းတို့ တစ်ခုချင်းစီတွင် ပါဝင်သော ဓာတ်သဘာဝများနှင့် ဂုဏ်အင်္ဂါရပ်များမှာ သိပ်မကွာခြားလှပါ။
(ခ) ရောမဘိလပ်မြေ (Roman Cement)။ ၎င်းဘိလပ်မြေကို အမြန်မာ ထုံးအင်္ဂတေ (quick heardening lime) ဟု ခေါ်သည်။ ဤသဘာဝ ဘိလပ်မြေကို ထုံးကျောက်နှင့် ရွှံ့ရောစပ်ကာ နိမ့်သော အပူချိန်တွင် မီးဖုတ်ခြင်းဖြင့် ထုတ်လုပ်သည်။ ၎င်းတွင် အညိုရောက်ရှိသော ရွှံ့ကို ကြိတ်ပြီးချိန်တွင် 1-bushel (ဗူရှယ်) တွင် ၇၅ပေါင် အလေးချိန်စီးသည်။ ၎င်းကို စည်ထဲတွင် သိုလှောင်ထားရသည်။ လေထဲတွင် ပစ်ထားပါက လေဝင်ပြီး ခြောက်၍ ခဲသွားတတ်သောကြောင့် ဖြစ်သည်။ ရောမဘိလပ်မြေနှင့် လုပ်သော ဘိလပ်မြေသရွတ်ကို ပို့တလန် ဘိလပ်မြေ သရွတ်ကဲ့သို့ လုပ်နိုင်သည်။ အလူမီနာနှင့် ဖဲရစ်အောက်ဆိုဒ် ပါဝင်မှု မြင့်မားသောကြောင့် အအိပ်မြန်သည်။ ထို့ကြောင့် လိုသမျှသာ ဖျော်ရသည်။ ထိုဘိလပ်မြေ အမျိုးအစားကို အသုံးပြုသော နယ်ပယ် ကျဉ်းသွားသောကြောင့် ယခုအခါတွင် ထုတ်လုပ်မှု နည်းသွားပြီ ဖြစ်သည်။ 
(ဂ) ပေါ့ဇိုလားနား (Pozzlana)။ ၎င်းသည် မီးတောင်ထွက် ပစ္စည်းဖြစ်ပြီး နေရာ အတော်များများတွင် တွေ့နိုင်သည်။ ၎င်းကို နေပယ် အနီးရှိ ပေါ့ဇိုလားနားတွင် တွေ့ရှိရာမှ အစပြု၍ အမည်တွင်လာခြင်း ဖြစ်သည်။ ၎င်းကိုယ်တိုင်က ဘိလပ်မြေမျိုး မဟုတ်ပါ။ သို့သော် ၎င်းကို ထုံးနှင့် ရောနှောခြင်းဖြင့် ဘိလပ်မြေ ဂုဏ်သတ္တိအဆင့်ကို ရောက်စေသည်။ အုတ်ဖုတ်ဖို အဟောင်းမှရသော အုတ်ကျိုး၊ အုတ်ပဲ့၊ အုတ်ကြွပ်မိုး အကြေအမွတို့ကို အမှုန့်ကြိတ်၍ သဲအစားထိုး သရွတ်တွင်ရောပြီး သဘာဝမဟုတ်သော ပေါ့ဇိုလားနား အဖြစ် အသုံးပြုသည်။
(ဃ) ပို့တလန်  ဘိလပ်မြေ(Portland Cement)။ ဤဘိလပ်မြေသည် သဘာဝအမျိုးအစားကို ထပ်ဆင့်ပေါင်းစပ်ထားပြီး သိပ္ပံနည်းကျ သုတေသနလုပ်၍ ထုတ်လုပ်သည်။ ၎င်းအတွင်း ပါဝင်ရောစပ်သော ဓာတုနှင့် အခြားပစ္စည်းများကြောင့် ယင်း၏ ဂုဏ်သတ္တိများသည် ပို၍ပင် စိတ်ချရသည်။ အခြား သဘာဝ ဘိလပ်မြေ၊ သို့မဟုတ် ဟိုက်ဒရောလစ် ထုံး သရွတ်များထက် ပိုမိုအားကောင်းသည်။ ပို့တလန် ဘိလပ်မြေကို အဆင့်မြင့် နည်းပညာဖြင့် ထုတ်လုပ်သောကြောင့် ပို၍ တိုးတက်လာပြီး၊ အမျိုးမျိုး အသုံးချနိုင်ခြင်းနှင့် ကျယ်ကျယ်ပြန့်ပြန့်် သုံးနိုင်ခြင်း၊ သဘာဝ သရိုးများသော ဟိုက်ဒရောလစ်ထုံး၊ သို့မဟုတ် သဘာဝဘိလပ်မြေများဖြင့် လုပ်သော အလုပ်များတွင် အစားထိုးနိုင်ခြင်းတို့ကြောင့် ပို့တလန်နှင့် ယှဉ်လိုက်သောအခါ ဟိုက်ဒရောလစ် ထုံနှင့် သဘာဝ ဘိလပ်မြေတို့သည် ခေတ်နောက်ကျ ကျန်ခဲ့သည်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သဘာဝ ရိုးရိုး သရွတ် (သဲသရွတ်) ကို သုံးခြင်းထက် ပို့တလန် ဘိလပ်မြေကို မသုံးဘဲ ထုံးများသော (သို့မဟုတ်) တဆင့်ခံ ဟိုက်ဒရောလစ် ထုံးသရွတ်ကို သုံးသည့် အလုပ်များလည်း ရှိနေပေသေးသည်။ အုတ်ဖြင့် ဆောက်လုပ်သော လုပ်ငန်းများကိုလည်း ဤသရွတ်ဖြင့် ကျယ်ပြန့်စွာ ရောသုံးသည်။ အလူမီနာများ ဘိလပ်မြေကို ထုံးနှင့် မရောရပါ။ 
 အသုံးများသော ဘိလပ်မြေ(၃)မျိုးမှာ သာမန်နှင့် အအိပ်မြန်သော ပို့တလန်ဘိလပ်မြေ (Ordinary and Rapid Hardening Portland Cement)၊ လေပြင်းဖိုထွက် ပို့တလန်ဘိလပ်မြေ (Portland blast furnace) နှင့် အလူမီနာများ ဘိလပ်မြေ (High Alumina Cement) တို့ ဖြစ်သည်။ ထို့ပြင် သာမန် အညိုရောက် ဘိလပ်မြေများကို သံအောက်ဆိုဒ် အညိုရောင် ဖယ်ရှားခြင်းဖြင့် အဖြူရောင် ဘိလပ်မြေကို ထုတ်လုပ်နိုင်သည်။ အဖြူရောင် ပို့တလန် ဘိလပ်မြေသည် သံအောက်ဆိုဒ် အနည်းငယ်သာ ပါဝင်လေ့ ရှိသည်။ အရောင်မျိုးစုံရှိသော ဘိလပ်မြေများ ထုတ်လုပ်ရန် သင့်တင့်သော အရောင် ရောပေးခြင်းဖြင့် ပြုလုပ်နိုင်သည်။ ရောသောအရောင်သည် ဘိလပ်မြေ၏ ၁၅% ထက် မပိုစေရပါ။ အရောင်ရောရာတွင် အဖြူရောင်နှင့် အညိုရောင် ဘိလပ်မြေများတွင် ရောသည်။ ၎င်းကို ကြမ်းခင်းများ၊ ကျောက်ပြားခင်းများနှင့် အဆောက်အဦပြင်ပ အလှပြနေရာများတွင် ရောင်စုံမြင်ကွင်းများ ရရှိနိုင်စေရန် အသုံးပြုတတ်ကြသည်။ ဘိလပ်မြေအဖြူကို အုတ်စီရာတွင် နှာသတ်ခြင်း (Pointing) အတွက် အသုံးပြုကြသည်။ ရောင်စုံဘိလပ်မြေကို တာရာဇို (Terrazzo) ကျောက်ပြား သို့မဟုတ် အခင်းများ ပြုလုပ်ရာတွင် အသုံးပြုသည်။
ဘိလပ်မြေများအား အသုံးပြုရန် ရွေးချယ်ရာတွင် သတိထားသင့်သော အချက်များ
 အောက်ပါ အချက်များကို သိရှိထားခြင်းဖြင့် မည်သည့်အချိန်၊ မည်သည့်နေရာတွင် မည်သည့် ဘိလပ်မြေအမျိုးအစားကို အသုံးပြုနိုင်ကြောင်း ရွေးချယ်နိုင်ပေသည်။ အဆောက်အဦများ၊ လမ်းတံတားများကို အရေးတကြီး ပြင်ဆင်ရန် အတွက်လည်းကောင်း၊ အရေးပေါ် ကွန်ကရစ်လုပ်ငန်းများအတွက် လည်းကောင်း အအိပ်မြန် (သို့မဟုတ်) အခြောက်မြန် ဘိလပ်မြေ (Rapid Hardening Cement) ကို အသုံးပြုနိုင်သည်။ လေပြင်းဖိုထွက် ဘိလပ်မြေ (Blast Furnace Cement) ကို သံရည်ကြိုစက်မှ ရရှိသော ချော် (blast furnace skag) ကို ရိုးရိုးဘိလပ်မြေနှင့် ရောကြိတ်ထားခြင်း ဖြစ်သည်။ ရိုးရိုး ပို့တလန် ဘိလပ်မြေနှင့် ဂုဏ်သတ္တိခြင်း တူညီသဖြင့် အစားထိုးအသုံးပြုနိုင်သည်။ အပူနည်း ဘိလပ်မြေ (Low Heat Cement) မှာ အပူထွက်ခြင်း နည်းသဖြင့် ကွန်ကရစ်တာတမံနှင့် ထုထည်ကြီးမားသော အဆောက်အအုံများ တည်ဆောက်ရာ၌ အသုံးပြုကြသည်။ ဆားဓာတ်ခံ ဘိလပ်မြေ (Sulphate Resisting Cement) ကို မြေအောက်လုပ်ငန်းနှင့် မိလ္လာပိုက်လုပ်ငန်းများတွင် အသုံးပြုသည်။ အလူမီနာများ ဘိလပ်မြေ (High Alumina Cement) သည် အမြန်မာသော သတ္တိရှိ၍ ရိုးရိုးဘိလပ်မြေထက် ဆာလဖိတ်ဆားကို ပိုမို၍ ခံနိုင်ရည် စွမ်းအား ရှိသည်။ အိပ်ခြင်းနှင့် မာခြင်း မတူ၍ ရိုးရိုး ဘိလပ်မြေနှင့် ရောနှော မသုံးသင့်ပေ။ ရိုးရိုး ပို့တလန် ဘိလပ်မြေနှင့် အမြန်မာ ဘိလပ်မြေ၏ အရည်အသွေးကို နုညက်မှု၊ ဓာတ်ပစ္စည်းပါဝင်မှု၊ ဆွဲဆန့်အားနှင့် ဖိအား ခံနိုင်မှု၊ ဘိလပ်မြေအိပ်ချိန်နှင့် ခိုင်ခန့်မှုဟူသော အချက် ၅ ချက်ကို အခြေံ၍ စမ်းသပ်စစ်ဆေးနိုင်သည်။ 
ဘိလပ်မြေ၏ ဂုဏ်သတ္တိများမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) ဘိလပ်မြေ၏ အရောင်သည် ညီညာနေရသည်။ အတုံးအခဲများ ပါဝင်ခြင်း မရှိစေရ။
(ခ) ဘိလပ်မြေကို အလွန်နုသော အဆင့် ရောက်သည်အထိ ကြိတ်ထားရသည်။ အရည်အချင်း ပြည့်မီသော ဘိလပ်မြေအမှုန့်သည် ဆန်ခါနံပါတ် (၉၀) မိုက်ခရွန် အရွယ်နှင့် ချထားသော အမှုန့် ဖြစ်ရမည်။ စက်ပယ် (residue)  သည် ၁၀% ထက် မပိုစေရ။
(ဂ) သာမန် ဘိလပ်မြေ၏ ဖိအား ခံနိုင်စွမ်းအားကို ၁း၃ ဘိလပ်မြေနှင့် သဲရောထားသော ကုဗတုံးလုပ်၍ စမ်းသည်။ သာမန်ဘိလပ်မြေသည် (၃) ရက်စွမ်းအား (၂၄၀၀ Psi) ရှိရပြီး (၇) ရက်စွမ်းအားသည် (၃၂၅၀ Psi) ရှိရသည်။ 
(ဃ) ဘိလုပ်မြေသည် ဆန့်အားကို အနည်းငယ်သာ ခံနိုင်ပြီး ဖိအားကိုမူ များစွာ ခံနိုင်လေသည်။ စတုရန်း တစ်လက်မလျှင် ဆန့်အား (၃၇၅) ပေါင် ခံနိုင်ပြီး၊ ဖိနှိပ်အား (၂၈၀၀၀) ပေါင် ခံနိုင်သည်။
(င) ဘိလပ်မြေ၏ အစပြု အိပ်ချိန်သည် မိနစ်(၃၀) ထက် မနည်းစေရ။ 
(စ) ဘိလပ်မြေ အပြီးသတ်ခဲရန် (၁၀) နာရီထက် ကျော်လွန်ခြင်း မရှိစေရ။
(ဆ) ဘိလပ်မြေတွင် ပါဝင်သည့် ထုံးသည် ၁.၅% ထက် မပိုစေရပါ။ ရောသွားခြင်း မရှိသည့် ထုံးပါဝင်သော ဘိလပ်မြေသည် အချိန်ကြာသွားသည့်အခါ ဘိလပ်မြေကို ကျယ်ပြန့်စေသည်။ ဤကျယ်ပြန့်ခြင်းကို soundness test ဖြင့် စမ်းသပ်သည်။ 
 
ကွန်ကရစ် ရောစပ်ပြုလုပ်ခြင်း
 ကွန်ကရစ် ကောင်းကောင်း ရရှိနိုင်ရန် ရောသည့် ပစ္စည်းများကို အချိုးမှန် ရောစပ်ရသည်။ လောလောလတ်လတ် ရောစပ်ထားသော ကွန်ကရစ်မှာ သွန်းပုံ (mould) ထဲသို့ လွယ်ကူစွာ လောင်းနိုင်သည်။ ဤသို့ လောလောလတ်လတ် ရောထားသော ကွန်ကရစ်၏ ဂုဏ်သတ္တိကို လုပ်ကိုင်နိုင်စွမ်း (workability) ဟု ခေါ်သည်။ ကွန်ကရစ်အချိုးတွင် ပါဝင်သော ရေ၏ အလေးချိန်နှင့် ဆက်စပ်နေသော အချိုးအစားကို ရေဘိလပ်မြေအချိုး (Water Cement Ratio) ဟု ခေါ်သည်။ တစ်ခါတစ်ရံ အလေးချိန်နှင့် ပေးနိုင်သည်။
ရေဘိလပ်မြေအချိုး = ရေအလေးချိန်/ဘိလပ်မြေ အလေးချိန်   (5 gal/ Bag) 
 ကွန်ကရစ်တွင် ပါဝင်သော ဘိလပ်မြေထဲသို့ ရေထည့်သည့် အချိုးအစားမှာ ကွန်ကရစ်၏ အားကို အကြီးမားဆုံး လွှမ်းမိုးမှု ရှိသည်။ ရေမှာ ဘိလပ်မြေနှင့် ဓာတု တုံ့ပြန်မှု ဖြစ်စေသည့် အပြင် ဘိလပ်မြေကို ရောစာများ အကြားရှိ အပေါက်များထဲသို့ ချောဆီသဖွယ် ဝင်ရောက် သယ်ဆောင်ပေးသည်။ ရေနှင့် ဘိလပ်မြေအချိုး ဝ.၅ မှ ဝ.၆ သည် အနိမ့်ဆုံး လုပ်ကိုင်နိုင်စွမ်း ဖြစ်စေရန် သေချာသည်။ ရေ ဘိလပ်မြေ အချိုး ပိုများပါက ကွန်ကရစ်၏ အားကို လျော့စေသည်။ ဘိလပ်မြေ၊ သဲနှင့် ကျောက်စရစ် သို့မဟုတ် ရောစာတို့၏ အချိုးကို အလေးချိန်နှင့် ထုထည် နှစ်မျိုးလုံးဖြင့် ဖော်ပြကြသည်။ သံကူ ကွန်ကရစ်များတွင် ၁း၂း၄ ဖြင့် ရောစပ်ပြီး ရေမစိမ့်ဝင်စေရန်နှင့် အလွန်အားကောင်းသော ကွန်ကရစ်များ ကို ၁း၁း၂ နှင့် ၁း၁.၅း၃ အသုံးပြုရောစပ်၍ အားမလိုသော ကွန်ကရစ်များအတွက် ၁း၃း၆ နှင့် ၁း၄း၈ အချိုး ဖျော်စပ်ကြသည်။ 
 မည်သည့် ကွန်ကရစ်မဆို လေပါဝင်မှု ရှိသည်။ သေချာစွာ သိပ်သည်းမှု ပေးထားသော ကွန်ကရစ်တွင် ထုထည်အားဖြင့် ၂%အောက် ပါဝင်နိုင်ပြီး လေပါဝင်မှုနှင့် ပက်သက်သည့် ဂုဏ်သတ္တိအချို့မှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) အကယ်၍ ကွန်ကရစ်အပျော့အမာ (consistency) နှင့် ရောစာအရွယ်အစားများ ရောစပ်ပုံ ကို ပုံသေ ထားခဲ့လျှင် ဘိလပ်မြေနှင့် အခြားသေးငယ်သည့် အမှုန်များ ပါဝင်မှု အချိုးအစား နည်းလေလေ၊ လေပါဝင်မှု များလေလေ ဖြစ်သည်။
(၂) ကွန်ကရစ်အရော၏ အချိုးအစား ပါဝင်ပုံနှင့် ရောစာ၏ သွင်ပြင်လက္ခဏာများကို မူသေထားခဲ့လျှင် ဖျော်ပြီးစ ကွန်ကရစ် မာခဲလေလေ သို့မဟုတ် ကွန်ကရစ် အအိနည်းလေလေ လေပါဝင်မှု များလေလေ ဖြစ်သည်။
(၃) လေခိုအောင်မှုသည် ကွန်ကရစ်အရောတစ်ခုကို ပျော့ပျောင်းစေ၍ လုပ်ကိုင်ရ လွယ်ကူစေသည်။
 ဤလေပါဝင်မှုသည် သဘာဝအလျောက် ခိုနေသောလေ သို့မဟုတ် ပိတ်မိနေသောလေပါဝင်မှု နှင့်သာ ပက်သက်၍ လေခိုဓာတုပစ္စည်းထည့်ပြီး တမင်တကာ လေခိုအောင်စေရန် ပြုလုပ်ထားသော လေနှင့် မတူညီပေ။
ကွန်ကရစ်၏ အားသာချက်များ
(က) ကွန်ကရစ်သည် မြင့်သော ဖိအားကို ခံနိုင်သည်။
(ခ) သံမဏိနှင့် သစ်တို့ထက် သက်သာသည်။
(ဂ) တာရှည်ခံသည်။
(ဃ) လိုအပ်သော ပုံသွင်းနိုင်သည်။
(င) ကွန်ကရစ်သည် သံမဏိချောင်းများနှင့် အလွယ်တကူ ဖွဲ့နှောင်တွဲစပ်နိုင်သောကြောင့် ရလဒ်အားဖြင့် သံကူကွန်ကရစ် ဖြစ်လာစေနိုင်သည်။
ကွန်ကရစ်၏ အားနည်းကန့်သတ်ချက်များ (Limitation of Concrete)
(က) ဆန့်အားကို ခံနိုင်ရည် နည်းပါးသည်။
(ခ) မာလာသောအခါ ထုထည်အလိုက် ကျုံ့သည်။
(ဂ) ၎င်း၏ အားနှင့် ထုထည် အချိုးသည် သစ်နှင့် သံမဏိတို့ထက် နည်းသည်။

ကွန်ကရစ်မာခြင်းနှင့် အသားသေအောင် ပြုလုပ်ခြင်း
 Hydration ခေါ် ဘိလပ်မြေနှင့် ရေကြား ဓာတ်ပြုခြင်းကြောင့် gel ခေါ် ချွဲကျိသည့် ပစ္စည်းတစ်မျိုး ဖြစ်ပေါ်သည်။ ဤဓာတ်ပြုခြင်းသည် ဘိလပ်မြေအားလုံး ကုန်ဆုံးသည်အထိ ဆက်လက်ဖြစ်ပေါ်နေမည်။ သုံးနေကျ ကွန်ကရစ် အရောများတွင် ဘိလပ်မြေ ကုန်ဆုံးခြင်းကြောင့် ရပ်တန့်သွားသည်က များသည်။ အစိုဓာတ်ကို မထိန်းသိမ်းနိုင်ခဲ့လျှင် ရေများ အငွေ့ပျံထွက်သွားခြင်းကြောင့် ဓာတ်ပြုမှု ဖြစ်စဉ် ရပ်တန့်သွားမည် ဖြစ်သည်။ ထို့ကြောင့် ဆုံးရှုံးသွားသော ရေများပြန်လည် ဖြည့်တင်းပေးခြင်းဖြင့် အသားသေအောင် ပြုလုပ်ပေးရမည်။ 
 စံသတ်မှတ်ချက်များတွင် ပေးထားသည့် curing ပြုလုပ်ချိန်သည် ကွန်ကရစ် ပျော့ပျောင်းနေချိန်တွင်  ရေ လျှင်မြန်စွာ ဆုံးရှုံးမှုကြောင့် မျက်နှာပြင် အက်ကွဲကြောင်းများ ဖြစ်ပေါ်မှုကို ကာကွယ်ရန်နှင့် သတ်မှတ်ခံနိုင်ရည်အားကို သေချာစွာ ရရှိစေရန် ရည်ရွယ်၍ ပေးထားခြင်းဖြစ်သည်။ ပေးထားသော အပူချိန်တစ်ခုတွင် အမြင့်ဆုံး နှုန်းဖြင့် ဓာတ်ပြုခြင်းကို သေချာစေရန် ဘိလပ်မြေအနှစ်ကို ရေပြည့်ဝနိုင်သမျှ ပြည့်ဝအောင် ဖန်တီးပေးရမည်။ 
နိဂုံး
 နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းများ အားလုံးတွင် ကွန်ကရစ်သည် မရှိမဖြစ်၊ အသုံးပြုနေရသည်သာဖြစ်ပါသည်။ ဤဆောင်းပါးတွင် ဆောက်လုပ်ရေး သမားတိုင်း သိရှိထားပြီး ဖြစ်သော်လည်း အရေးကြီးသည့် အကြံပြုချက်များကို တင်ပြထားပါသည်။ ၎င်းတို့ကို လိုက်နာမည်ဆိုပါက ကွန်ရစ်မကောင်း၍ ဖြစ်ပေါ်လာတတ်သော အဆောက်အဦ ပျက်ဆီးခြင်းများကို ကာကွယ်နိုင်မည်ဖြစ်ပြီး သက်တမ်းရှည်ကြာ ခိုင်ခန့်သည့် အဆောက်အအုံ၊ လမ်း၊ တံတားများ တည်ဆောက်နိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
ဒေါက်တာအောင်ဝင်းထွဋ်

Please Share This Post

Share on Facebook Plus on Google+