ကျွန်တော့် အနေနဲ့ အခုဆို ပြန်ရဖို့ ရက်ပိုင်းပဲ လိုပါတော့တယ်။ အလွန်ဆုံး ရက် ၂၀ လောက်အတွင်း ပြည်တော်ပြန်ရပါတော့မယ်။ မပြန်ခင်မှာ ကျွန်တော် ၆ နှစ်ကျော် နေခဲ့ထိုင်ခဲ့၊ စာသင်ခဲ့ရင်း အမှတ်တရလေးတွေ လိုအပ်ချက်လေးတွေကို နည်းနည်းချင်းရေးခဲ့ဖို့ စိတ်ကူးပေါ်လာပါတယ်။ အမှားတွေ၊ တစ်လွဲ လုပ်ခဲ့တာလေးတွေကိုလည်း နောက်လူတွေ သင်ခန်းစာ ယူလို့ရအောင် ရေးခဲ့ပေးပါ့မယ်ဗျာ။
၁၄-၉-၂၀၀၂ မနက် ၈-၃၀ မှာ မန္တလေးဘူးတာကို ရထားဆိုက်တယ်။ နန်းတွင်းက အထက်တန်းကျောင်းထဲမှာ လေယာဉ်ကိုစောင့်ရင်း ကိုယ်သယ်လာတဲ့ အထုပ်ကြီးထဲက ပစ္စည်းတွေကို အလေးချိန် ချိန်ကြည့်လိုက်၊ ပြန်လျော့လိုက်နဲ့ အလုပ်တွေများနေတယ်။ ကီလို ၄၀ ပဲ သယ်လို့ရမယ်ဆိုတဲ့ သတင်း အမှား ကြောင့် စားစရာ တော်တော်များများကို ဖောက်စား ပစ်လိုက်ကြတယ် အဟိ။ လာကူတဲ့ ရဲဘော်လေးကို မသယ်နိုင်တာတွေ အကုန်ပေးလိုက်လို့ ပျော်သွားလေရဲ့။ နောက်ဆုံးကျန်တဲ့ ပိုက်ပိုက်လေးနဲ့ အိမ်ကို ဖုန်းတန်းစီပြီး ဆက်နေကြလေရဲ့။ သူငယ်ချင်းတစ်ယောက်က သူ့အိမ်က မကြာသေးခင်ကမှ ဟန်းဖုန်းရလို့ လာပေးထားတာနဲ့ အလှည့်ကျ ဆက်ကြတယ်။ မဆက်ခင် သူငယ်ချင်းက ကြိုမှာထားတယ်။ ဘယ်လို နှိပ်ရတယ်ပေါ့လေ။ တခြားဟာတွေ လျောက်မနှိပ်နဲ့ဆိုပြီး။ ကျွန်တော်ဆက်တော့ မှားနှိပ်လိုက်မိတာ Menu တွေပေါ်လာတယ်။ ဘာမှလည်း ဆက်မလုပ်တတ်တော့ဘူးလေ။ သူငယ်ချင်း ဆူတာ ခံလိုက်ရတယ်။ အဲဒီလိုမှားနှိပ်ရင် sim card ပျက်တတ်တယ်ဆိုလားပဲ။ နောက်မှ ဖုန်းအကြောင်းသိပြီး ဒီကောင့်ကို ပြန်ဆဲရတယ်။ အဲလိုတုံးကြတာ အဲဒီတုန်းက။ အဲဒီမှာ ကျွန်တော်တို့ Academy တက်တုန်းက Chemistry သင်ပေးခဲ့တဲ့ ဆရာမလေး ဧည့်လာတွေ့တယ်။ ဆရာမကျေးဇူးက ကျွန်တော်တို့ အားလုံး အပေါ်မှာ ရှိတယ်လေ။ ပိုက်ဆံမရှိရင် လဲ ဆရာမဆီ သွားချေးပြီး သုံးခဲ့ကြရတယ်။ ငွေလွှဲတာ ကအစ မိဘတွေ အပ်ထားတဲ့ ကျောင်းသားတွေဆိုတာ ဆရာမ ဆီမှာ နည်းတာမှ မဟုတ်တာ။ ဆရာမကို လာတွေ့ကြတဲ့ တပည့်တွေ မနည်းပါဘူး။ ကျွန်တော်တို့ ဆရာမကို နှုတ်ဆက် ကန်တော့ကြရင်း ကြိုးစားဖို့ ကတိတွေ ပေးခဲ့ကြတယ်။ သုံးရက်လောက် စောင့်ပြီး ၁၇-၉-၂၀၀၂ မှာ မနက် ၂ နာရီလောက် အစောကြီးထပြီး လေဆိပ်ကို ဆင်းရတယ်။ လေဆိပ်ရောက်တော့ ဘာအခက်အခဲမှ ကြီးကြီးမားမား မတွေ့ရပါဘူး။ အလေးချိန်ကလဲ တော်တော်လေးကို သယ်ခွင့်ပြုတယ်ဆိုမှ ထားခဲ့ရတာတွေ အတွက် ရင်ထုမနာဖြစ်ပြီး သတင်းမှားပေးတဲ့ ပုဂ္ဂိုလ်ကို ဝိုင်းမေတ္တာပို့ကြတယ်။ လေယာဉ်က ၇-၄၅ မှာ စထွက်တယ်။ လမ်းမှာ အချိုရည်တိုက်တယ်။ ကရာချိ လေဆိပ်ကို ၁၁-၃၀ မှာရောက်တယ်။ တစ်နာရီလောက်နားပြီး ၁၂-၃၀ မှာ လေယာဉ်ပြန်ထွက်တယ်။ လမ်းမှာ ထမင်းကျွေးတယ်။ ဟင်းတွေက အေးစက်ပြီး ရေခဲ စိမ်ထားတာ ပေမယ့် ဆာနေလို့ စားကောင်းတယ်။ သိပ်တောင် မဝချင်ဘူး ဟီး။ နောက် ၅ နာရီလောက် ထပ်စီးပြီး မှ မော်စကို ကိုရောက်တယ်။ မြန်မာစံတော်ချိန်နဲ့ဆို ညနေ ၅-၃၀ လောက်ထင်တယ်။ ဟိုရောက်တော့ နာရီတွေ မတူတော့ဘူး။ ပြန်တိုက်ရတယ်။ အဝမှာ မြန်မာကျောင်းသားတွေ လာကြိုနေကြတယ်။ ပြည်ပမှာ ကိုယ့် စီနီယာ ကျောင်းသားတွေ ဖြစ်တဲ့ ကိုမျိုးမင်းထွန်းတို့၊ ကိုကျော်နိုင်ဦး တို့ကို ပြန်တွေ့ရတာ ဝမ်းသာလိုက်တာ။ ကျောင်းက လာကြိုတဲ့ ကားနဲ့ တစ်နာရီကျော်လောက်စီးပြီးမှ အဆောင်ကို ရောက်တယ်။ ကားပေါ်ကအဆင်း ရာသီဥတု ကအေးပြီး နှင်းတွေ စကျချင်နေပြီ။ ချမ်းလိုက်တာ။ အဆောင်ထဲကို အမြန်ဆုံး ဝင်ပြေးကြရတယ်။ အခန်းနံပါတ် က ၇-၁၂ ကိုရတယ်။ အဲဒီညက ထမင်းကို ကိုကျော်နိုင်ဦးတို့က ချက်ကျွေးလို့ အားရပါးရ စားခဲ့ကြရတယ်။ လာတုန်းက ဆန်တို့၊ အချိုမှုန့်တို့ ဝယ်လို့ရမှန်း မသိခဲ့လို့ အကုန်သယ်ခဲ့ကြတာ။ လေးလိုက်တာ။ ဒါတောင် သူငယ်ချင်းက အချိုမှုန့်ထုပ်ကို ဝယ်ရမရမသေချာလို့ သုံးနှစ်စာ တွက်ပြီး သုံးနေသေးတယ်လေ။ ဟားဟား။ ခုပြန်တွေးတော့ ရယ်စရာကောင်းလိုက်တာ။ နောက်နေ့တွေ ကောင်းကောင်း အနားရတယ်။ ၂၃-၉-၂၀၀၂ မှာမှ ကျောင်းစသွားရတယ်။ ရုရှား ဘာသာစကားကို ဆရာကြီး နီကိုလပ် နဲ့ ဆရာမ နာတာလျာ တို့က ၂ ယောက်ခွဲသင်ပေးတယ်။ နောက်ပိုင်း သဘောကောင်းပြီး ချစ်ဖို့ကောင်းတဲ့ ဆရာကြီး နီကိုလပ်ကို အထက်က စီနီယာတွေ ခေါ်တဲ့ အတိုင်း တောသားကြီးလို့ ချစ်စနိုး ခေါ်ဖြစ်ခဲ့ကြတယ်။ အရင်က ရုရှ က ဆရာ၊ ဆရာမတွေ မျက်နှာသေကြီးနဲ့ ဆူပူနေမလားလို့ မြင်ယောင်ပြီး စိုးရိမ်ခဲ့တာ မှားမှန်းသိရတယ်။ ဆရာမ နာတာလျာ ကလည်း မိဘ လို အစစ အရာရာ ကူညီ သင်ပြပေးခဲ့တယ်လေ။
အဲဒီတုန်းက ရောက်ရောက်ချင်း လွမ်းဖျား၊ လွမ်းနာ ကျလိုက်သေးတယ်။ ကဗျာလေးတွေ သက်သေ ရှိပါတယ်။ သူတို့ကို ရုရှားရောက် ကဗျာများလို့ နံပါတ်စဉ်တပ်ထားမိတယ်။
မလွမ်းမိအောင် အားတင်းထားတယ်…
“ကောင်း” ရယ်
ကိန္နရီ ချောင်းခြားတာ
တစ်ည ထက် ပိုမကြာခဲ့ပါဘူး
မောင်တို့ အဖြစ်က
ပင်လယ် အထပ်ထပ်
ကမ္ဘာကို ဟိုးတစ်ဘက် ခြားပြီးမှ
ခွဲခဲ့ရတာပါ။
လွမ်းတတ်မယ်ဆို
“ကောင်း” မျက်ရည် မောင့်ဆီ စီးဆင်းလာရောပေါ့
မောင် ကတော့
လွမ်းတတ်ပေမယ့်
မလွမ်းတော့ပါဘူး အချစ်ရယ်
လွမ်းနေရင် ပိုဝေးတတ်တယ်တဲ့
အရွေ့ မရှိလို့
အလုပ်မဖြစ်ရင်
ဘယ်..ပြန်ချိန်နီးနိုင်ပါ့မလဲနော်
ဒါကြောင့်
မောင်လေ
မျက်ရည်သုတ်ပြီး
စာလုပ်နေတယ်ကွယ့်….။
ဘလူးဖီးနစ်
ရုရှရောက် ကဗျာ အမှတ်(၁)
၃၀-၀၉-၂၀၀၂
ဒါတွေ ကို လွန်ခဲ့တဲ့ ၆ နှစ်လောက်က ဒိုင်ယာရီထဲကနေ ပြန်ရေးထားတာပါ။ နောက်ပိုင်း အဖြစ်အပျက်တွေ အသေးစိတ် မပြောတော့ပဲ ထူးခြားတာလေးပဲ ပြောပြတော့မယ်နော်။ ဆက်ရန်….
5 ယောက်က ဒီလိုပြောတယ်
စာတွေ လာဖတ်ပါတယ် အစ်ကိုရေ နောက်ပိုင်းစိတ်ဝင်
စားစရာ အဖြစ်အပျက်လေးတွေကိုမျှော်နေပါမယ်ဗျာ
ရေးပေးပါ့မယ်ဗျာ စိတ်ချ... :)
လုပ်ချလိုက်ပြန်ပြီဗျာ..ဖတ်ကောင်းနေတုန်း ဆက်ရန်နဲ့တိုးနေပြီး ပိုပြီးစိတ်ဝင်စားအောင်လုပ်ထားတယ်နဲ့တူတယ်နော် :P
အဆင်ပြေပါစေဗျာ..
ဟားဟား နောက်ပိုင်းကိစ္စညီမငယ်သိတယ်နော်ပြောပြလိုက်ရမလားသူတို့ကို ဟိ
စ တာပြောပါဘူးနော်
ကိုယ့်အကိုအကြောင်းကို
အမှတ်တရတွေပေါ့ အစ်ကိုကြီးရာ. နောင်တစ်ချိန် ပြန်ဖတ်ဖြစ်ရင်တောင် ပြန်လွမ်းရင် လွမ်းမိဦးမယ်နဲ့ တူတယ်။ :)