• ရွေးကောက်ပွဲအပြီးမှာ ပြည်တွင်းက နည်းပညာကဏ္ဍ ဘယ်လို ပြောင်းလဲလာနိုင်သလဲ ဆိုတဲ့ အမြင်ကို ပြောပြပေးပါဦး။
အခုလတ်တလောမှာပြည်တွင်းနည်းပညာကဏ္ဍကတဖြည်းဖြည်းချင်းတိုးတက်ပြောင်းလဲလာတာကိုသတိထားမိပါတယ်။ စက်မှုလုပ်ငန်းကြီးတွေ သိပ်မရှိသေးတာလည်းပါမယ်လို့ ယူဆပါတယ်။ Software နဲ့ Hardware နှစ်ပိုင်းရှိတဲ့ အထဲမှာမှ မြန်မာနိုင်ငံထဲမှာလုပ်လို့ လွယ်မယ့် Software အပိုင်းကိုပိုပြီးအသားပေးခဲ့ကြပါတယ်။ ဒါကြောင့် အဲဒီအပိုင်းကပိုတိုးတက်မှု မြန်ဆန်လာပြီး Hardware ပိုင်းမှာတော့ လိုအပ်ချက်တွေ များပြီးပံ့ပိုးမှု သိပ်မရှိတာရယ် ဈေးကွက်ဖော်ဆောင်ဖို့ ခက်ခဲနေသေးတာရယ်ကြောင့် အားယူနေဆဲအချိန်ဖြစ်ပါတယ်။ တကယ်လို့သာ ပြည်ပကစက်မှုလုပ်ငန်းကြီးတွေ အခြေချဖို့ အခြေအနေတွေကိုဖန်တီးလာနိုင်ခဲ့မယ်ဆိုရင်တော့ ဖွံ့ဖြိုးတိုးတက်မှု အနည်းငယ် ပိုမို မြန်ဆန်လာနိုင်ပါတယ်။ ကျောင်းတွေ တက္ကသိုလ်တွေ လာဖွင့်ကြမယ် ဆိုရင်တော့ အတိုင်းထက် အလွန် ဖြစ်လာမှာပါ။ ဒါပေမယ့် ပြိုင်ဆိုင်မှုတွေလဲပိုပြင်းထန်လာနိုင်ပြီးအခွင့်အလမ်းတွေ များပြားလာသလောက် အရည်အသွေးတွေလဲယခုထက် ပိုမိုလိုအပ်လာမယ်လို့ ခန့်မှန်းမိပါတယ်။ အဲဒီတွန်းအားတွေကပဲနည်းပညာကိုတကယ်တန်းအဆင့်မြင့်လာအောင် တွန်းပို့ပေးနိုင်ပါလိမ့်မယ်။ ဥပဒေ၊ နည်းဥပဒေပိုင်းမှာရောနောက်ထပ်ပြောင်းလဲမှုတွေ ဖြစ်လာမယ်လို့ ယူဆပါသလား။ နည်းပညာပိုင်းဆိုင်ရာစီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဘယ်လိုပြောင်းလဲမှုတွေ ကြုံလာရနိုင်ပါသလဲ။ လောလောဆယ်တော့ အများကြီးမျှော်လင့်မထားသေးပါဘူး။ အချိန်ယူရဦးမယ်လို့ပဲနားလည်ထားပါတယ်။ စီးပွားရေးသမားတွေအနေနဲ့ အရင်ကလိုနည်းပညာပိုင်းဘာမှ သိပ်သိစရာမလိုဘဲလက်တန်းအဆင်ပြေသလိုလုပ်နေရာကနေစနစ်တကျ စလုပ်ဖို့ ပြင်ဆင်သင့်ပြီလို့ ယူဆမိပါတယ်။ နိုင်ငံတကာမှာခုလုပ်နေတဲ့ စနစ်မျိုးတွေကို မြန်မာပြည်မှာလည်းအနှေးနဲ့အမြန် လိုက်လုပ်ကြရမှာ ဖြစ်တဲ့အတွက် ပြင်ဆင်ထားတာမမှားနိုင်ပါဘူး။
• အခုပြီးသွားတဲ့ ရွေးကောက်ပွဲပေါ်မှာရော အွန်လိုင်းနဲ့ နည်းပညာကဏ္ဍကဘယ်လိုထောက်ပံ့မှုမျိုးရခဲ့ပါသလဲ၊ အွန်လိုင်းကြောင့် ဆိုးကျိုး ဖြစ်တာမျိုးရောသတိထားမိပါသလား။
နည်းပညာကိုထိထိရောက်ရောက် မသုံးနိုင်ခဲ့တာအားလုံးသိထားပြီးသားပါ။ နဂိုက နှေးနေတဲ့ စနစ်ကို Automation ထည့်ပေးလိုက်ရင် ပိုနှေးသွားတယ်လို့ လေ့လာဘူးပါတယ်။ ဆိုလိုတာကလုပ်ထုံးလုပ်နည်းတွေကိုရိုးရှင်းပြီးစနစ်ကျတဲ့ ပုံစံအရင်ပြောင်းယူ၊ အသားကျအောင်လုပ် ချိတ်ဆက်ယူပြီးမှာနည်းပညာကိုပေါင်းစပ် သုံးလို့ ရနိုင်မယ်လို့ မြင်ပါတယ်။ လူသားအရင်းအမြစ်တွေလဲမွေးထုတ် လေ့ကျင့်ပေးထားဖို့ လိုအပ်ပါတယ်။ နည်းပညာအရဘယ်လောက်ကောင်းအောင် လုပ်ပေးထားလုပ်ပေးထား ကျွမ်းကျင်တဲ့ အမြဲတမ်းဝန်ထမ်းတွေထားပြီးစံမံဆောင်ရွက်ပေးမှလဲအောင်မြင်နိုင်မှာ ဖြစ်ပါတယ်။နီးမှ ကပ်လုပ်လို့ မရဘူးဆိုတာရယ် လူသားအရင်းအမြစ်တွေကိုကျောင်းသားဘဝထဲကအများကြီး ကြိုတင် လေ့ကျင့်ပေးထားဖို့ လိုအပ်နေတယ် ဆိုတာကိုလဲသတိပြုမိပါတယ်။ အွန်လိုင်းကြောင့် ကောင်းကျိုးရောဆိုးကျိုးပါ ရခဲ့ပါတယ်။ ဓါးတစ်ချောင်းဟာကိုင်ဆောင်သူရဲ့ အရည်အချင်းပေါ်မှာမူတည်ပြီးဟင်းချက်တဲ့ ဓါး၊ လူသတ်တဲ့ဓားနဲ့ နိုင်ငံကိုကာကွယ်ဖို့သုံးတဲ့ ဓါးအစားစား ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် နည်းပညာထက် ပြည်သူတွေရဲ့ mindset နဲ့ သူတို့ကိုပညာပေးနိုင်မှု အထူးသဖြင့် အခြေခံပညာရေးကလေ့ကျင့်ပေးထားနိုင်မှုတွေ ဘယ်လောက်ကောင်းလဲမကောင်းလဲဆိုတာအွန်လိုင်းမှာသိသာပါတယ်။ အလွယ်တကူအလိမ်ညာခံရ၊ ယုံကြည်တတ်ကြ၊ ကိုယ်တိုင်ကအသုံးချခံရတဲ့ ဖြစ်စဉ်တွေ အများကြီး မြင်တွေ့ခဲ့ရပါတယ်။ ဒါတွေကိုပညာပေးတဲ့ နည်းလမ်းတွေနဲ့ ကုစားကြရမှာပါ။
• လက်ရှိပြီးသွားတဲ့ ရွေးကောက်ပွဲကို နည်းပညာပိုင်းကြောင့် ပိုပြီးအဆင်ပြေစေတဲ့ အချက်ကရောဘယ်အချက်လို့ ထင်မိပါသလဲ။
အချိန်နဲ့ တပြေးညီသတင်းအချက်အလက်တွေကိုသာမန်ပြည်သူတွေကပေးနိုင်လာတာဟာအားသာချက်တစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီအားသာချက်ကိုပဲအထက်ကဆွေးနွေးခဲ့သလိုအလွဲသုံးစားလုပ်တာလဲခံရနိုင်ပါတယ်။
• ရွေးကောက်ပွဲမပြီးခင်ကပေးထားတဲ့ ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်တွေကရောအခုလိုမျိုး ရွေးကောက်ပွဲအပြီးမှာ ဘယ်လိုအပြောင်းအလဲတွေ ရှိနိုင်ပါသေးလဲ။
ပိုကောင်းပြီး ပြည်သူကိုတကယ်တမ်းအကျိုးပြုမယ့် ပုံစံမျိုးပြောင်းလဲလာမယ်လို့ မျှော်လင့်မိပါတယ်။
• ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီးနည်းပညာကဏ္ဍပိုင်းကိုဘယ်လိုသက်ရောက်မှု ဖြစ်စေနိုင်တယ်လို့ ထင်မြင်ပါသလဲ။
ဘာပဲဖြစ်ဖြစ် လူတွေရဲ့ ပြောင်းလဲချင်တဲ့ စိတ်ကူးကြောင့် အကောင်းဘက်ကိုရောက်လာမယ်လို့ မျှော်လင့်မိပါတယ်။ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေ ဒွန်တွဲပြီးရောက်လာမယ်လို့ ခန့်မှန်းမိပါတယ်။
• ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။
တကယ်တော့ တစ်ခုခုပြောင်းလဲဖို့ဆိုတာအစိုးရပြောင်းသွားတာနဲ့ ရနိုင်တာမျိုးမဟုတ်ပါဘူး။ တကယ့် အပြောင်းအလဲအတွက်ကတော့ ပြည်သူတွေရင်ထဲကပြောင်းလဲချင်တဲ့ စိတ်ကူးကိုသူတို့ရဲ့ လက်တွေ့ဘဝမှာပါ တကယ်တမ်းပြောင်းလဲချင်လာမှ၊ ရေဆန်ကိုဆန်တက်ပြီးတဖြည်းဖြည်းစိတ်ရှည်ရှည်နဲ့ တည်ဆောက်နိုင်ပါမှ ရရှိနိုင်မှာပါ။ ဒါဟာ ကျွန်တော်တို့အတွက် အခွင့်အရေးပါ။ အလုပ်ကိုဗိုလ်ချုပ်ပြောသလိုလုပ်ပြီးစည်းစည်းလုံးလုံးနဲ့ တည်ဆောက်ကြရမှာပါ။ အခုမှ အစပဲရှိပါသေးတယ်။ စိုင်းထီးဆိုင် သီချင်းထဲက “နတ်စီတဲ့ အိပ်မက်လှလှ လွယ်လွယ်နဲ့မရ” ဆိုတာလေးကိုသတိရမိပါတယ် ခင်ဗျာ။
ဒေါက်တာအောင်ဝင်းထွဋ် (Ph.D) (E.P) (M.P.E.I)
ကထိက