သူစိမ်းဆန်သွားတဲ့ရန်ကုန်


အဲဒီနေ့က ညစာစားပွဲတစ်ခုဖိတ်လို့
အပြန်မှာ
ကားငှားဖို့ ကြိုးစားရင်း
ဟိုတယ်ကြီးတစ်ခုဘေးက လမ်းမပေါ်မှာ
ရေးဖြစ်ခဲ့တဲ့ ကဗျာလေးပါ
...
သူစိမ်းဆန်သွားတဲ့ ရန်ကုန် 
================== 
ငါ့ကိုမွေးခဲ့တဲ့မြို့ဟာ
ငါ့ကိုပြန်တိုက်စားခဲ့တယ်
ခုတော့ သူစိမ်းဆန်လွန်းနေလေရဲ့။ 
...
ဒီဇင်ဘာတစ်ညမှာ
ရိုးသားခြင်း အရင်းအနှီးနဲ့
မျှော်လင့်ချက်တွေထုပ်ပိုးပြီး
ရန်ကုန်ကိုခြေချခဲ့မိတယ်။ 
...
သက်တံ့လို အရောင်စုံတဲ့
မြို့တော်ရဲ့ယဉ်ကျေးမှုမှာ
ငါမျောပါမသွားခင်လေး
လမ်းရှိလျက် အသွားခက်နေလေရဲ့။ 
...
လုပ်ငန်းခွင်ဆိုတဲ့
သားရဲတွင်းတွေထဲမှာလဲ
လူတွေကို လူတွေကပြန်စားပြီး
စကားလုံးတိုင်းမှာ
ငွေသံတွေ တချွင်ချွင် ကြားနေရတယ်
အမေရိကန် အိပ်မက်ဆိုးတွေပေါ့။ 
...
တစ်ချို့က
မွန်းကျပ်မှုတွေထဲက
ခဏလောက် ရုန်းထွက်နိုင်ဖို့
ကိုယ့်ကိုယ်ကို ရောင်းစားခဲ့တယ်။ 
...
တစ်ချို့ကတော့
လောကဓံကို
ရဲရဲကြီးအာခံလို့
ရေဆန်ကို လှန်တက်နေလေရဲ့
...
ငါကရော...
ငါ့ကိုယ်ငါမမြင်နိုင်သေးတဲ့
မှုန်ဝါးဝါး အလင်းရောင်အောက်မှာ
အောက်ဆီဂျင်မပါတဲ့ လေထုကို
ဝမ်းနည်းမှုတွေ ရှုရှိုက်ရင်း
လမ်းရှာနေတုန်းပဲ 
...
အပူရောင်ခြယ်ထားတဲ့ ပန်းချီကားတွေနဲ့
အလွမ်းဇာတ်ထုတ်တွေ အပြီး
Drama သမားဖြစ်လာတဲ့အခါ
ငါ့ကိုမွေးခဲ့တဲ့မြို့ဟာ 
တကယ့်ကို သူစိမ်းဆန်သွားခဲ့ပြီလေ။
 ====================
၂၇-၁၂-၂၀၁၅ ၀၀၄၈ မနက်ခင်း 
ဘလူးဖီးနစ်

Please Share This Post

Share on Facebook Plus on Google+