Internet, Facebook နှင့် မေတ္တာစာ


အခုတလော အင်တာနက်၊ ဂိမ်းနဲ့ FaceBook စတာတွေရဲ့ လူငယ်တွေအပေါ် အကျိုးသက်ရောက်မှုကို သုံးသပ် ပြောဆိုကြတာလေးတွေ ဆူဆူညံညံ ကြားနေရပါတယ်။ ကျွန်တော့် အနေနဲ့လည်း လွန်ခဲ့တဲ့ လေးငါးနှစ် လောက်ကစလို့ ကျောင်းသား အတော်များများကို အင်တာနက် အသုံးချပုံအကြာင်း ဆွေးနွေး ဖြစ်ခဲ့ပါတယ်။ 
ကျွန်တော် ကြုံခဲ့ရသမျှ၊ သိသမျှ၊ စဉ်းစားမိသမျှကို လူငယ်တွေ အကျိုးရှိရှိ အသုံးချနိုင်စေဖို့ မေတ္တာ စေတနာ သန့်သန့်နဲ့ ရေးသား ဝေမျှလိုပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် အခြေအနေခြင်း၊ စိတ်နေစိတ်ထား စတာတွေ မတူနိုင်တဲ့အတွက် တိုက်ရိုက် အသုံးမတည့်စေကာမူ သွယ်ဝိုက်ပြီး အသုံးပြုကြစေလိုပါတယ် ခင်ဗျာ။ 
၁၉၉၄ လောက်မှာ အင်တာနက်တို့၊ ယာဟူးတို့ ဂူဂယ်တို့ကို စတင်ပြီး ကြားဖူးခဲ့ပါတယ်။ ကြားမိသမျှ သားရေကျပြီး စမ်းသပ်ချင်ခဲ့ပေမယ့် အဲဒီအချိန်ကစလို့ ၂၀၀၂ ခုနှစ်အထိ မြန်မာပြည်မှာ နေခဲ့သမျှ အင်တာနက်ကို တစ်ခါမှ ကျကျနန သုံးခွင့် မရခဲ့ပါဘူး။ ၂၀၀၂ ခုနှစ်မှာ မော်စကိုကို စရောက်တော့မှ အင်တာနက်ကဖေး၊ Dial Up စတာတွေကို စမ်းသုံးခွင့်ရခဲ့ပါတယ်။ အဲဒီလို အင်တာနက်ကို ရလာတဲ့ အချိန်ကစလို့ ယနေ့အထိ အင်တာနက်ကတဆင့် ကျွန်တော့်ဘဝအတွက် အရေးကြီးတဲ့ ခြေလှမ်းတွေ တစ်လှမ်းခြင်း လှမ်းဖြစ်ခဲ့ပါတော့တယ်။ 
အင်တာနက်စပေါ်ကာစက Facebook ဆိုတာ မရှိသေးဘဲ ယာဟူး၊ အီးမေးလ်၊ ဖော်ရမ်၊ MIRC chatroom အစရှိတဲ့ မီဒီယာတွေကို သုံးခဲ့ကြတာပါ။ အဲဒီအချိန်မှာ ကျွန်တော်က M.E ကျောင်းသားဘဝဆိုတော့ အခြားကျောင်းသားများကို ချိတ်ဆက်ဖို့ ကြိုးစားခဲ့ပါတယ်။ နိုင်ငံတကာမှာ ကျောင်းတက်နေတဲ့ မြန်မာကျောင်းသားများနဲ့ နိုင်ငံခြားကျောင်းသားအချို့ကို အဆက်အသွယ် ရခဲ့ပါတယ်။ နယ်ပယ် အသီးသီးက ပညာရှင်တွေ၊ စီးပွားရေးသမားတွေ၊ အနုပညာရှင်တွေ စတဲ့ လူတန်းစားပေါင်းစုံက မိတ်ဆွေတွေ ရရှိခဲ့ပါတယ်။ သူတို့နဲ့ အခုအချိန်အထိ မိတ်ဆွေဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အထောက်အကူ ပေးနိုင်ခဲ့ပါတယ်။ 
နည်းပညာစာအုပ်တွေ ဝယ်ဖတ်ဖို့ ဈေးကြီးပြီး မတတ်နိုင်တာကြောင့် အင်တာနက်မှာ စာအုပ် အခမဲ့ပေးတဲ့ ဆိုဒ်များစွာကို မွှေနှောက်ပြီး စာအုပ်တွေ စုဆောင်းခဲ့ပါတယ်။ တစ်ချို့ဆိုဒ်တွေဆို အခုအချိန်မှာ တရားစွဲခံရ၊ ပျက်သွားကြတာကို တွေ့ရပါတယ်။ အဲဒီတုန်းက စုထားခဲ့တဲ့ စာအုပ်တွေကို အင်ဂျင်နီယာနဲ့ အိုင်တီကျောင်းသား အများအပြားအား မျှဝေနိုင်ခဲ့ပါတယ်။ ကိုယ်သိထားသမျှလေးတွေကို မျှဝေနိုင်ဖို့ http://engineer4myanmar.blogspot.com ဆိုတဲ့ ဘလောက်တစ်ခုကို ၂၀၀၇ ခုနှစ်လောက်မှ စတင် တည်ထောင်ဖြစ်ခဲ့ပါတယ်။ အခြား သူငယ်ချင်းအချို့ကို အကူအညီတောင်းပြီး သူတို့ ကျွမ်းကျင်တဲ့ ဘာသာရပ်ဆောင်းပါးတွေကို ထည့်သွင်းပေးခဲ့ပါတယ်။ 
M.E နဲ့ Ph.D စာတမ်းတွေ အတွက် အချက်အလက်စုတာတွေကို private blog တစ်ခု တည်ဆောက်ပြီး ထိထိရောက်ရောက် အသုံးချနိုင်ခဲ့ပါတယ်။ အချက်အလက်တွေကို Tag လုပ်ထားတဲ့ keywords တွေသုံးပြီး စုစည်းကာ ပြန်ရှာဖွေရ လွယ်ကူစေခဲ့ပါတယ်။ 
Team Viewer လို ဆော့ဖ်ဝဲလ်မျိုးကို အသုံးပြုပြီး မိတ်ဆွေတွေကို အဝေးကနေလှမ်းပြီး ဈေးဝယ်ပေးတာ၊ ဝဘ်ဆိုဒ်တွေ လုပ်ပေးတာ၊ စာသင်ပေးတာမျိုးတွေ အောင်အောင်မြင်မြင်နဲ့ လုပ်နိုင်ခဲ့ပါတယ်။ 
Facebook လူသုံးများလာတဲ့ အချိန်မှာ လုပ်လက်စ Online အလုပ်တော်တော်များများကို Facebook ပေါ် ပြောင်းရွှေ့ပြီး ဆက်လုပ်ခဲ့ပါတယ်။ ပိုမိုထိရောက်စွာ ဆက်သွယ်နိုင်လာပါတယ်။ Online Teaching အတွက် Blog၊ Git Hub နဲ့ Facebook Pages တွေ Groups တွေ သုံးပြီး စီမံခန့်ခွဲခဲ့ပါတယ်။ ကျွန်တော့် ဝင်ငွေရဲ့ အများဆုံး အပိုင်းကို FB ကနေတဆင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီး ဖြစ်စေ ရရှိတာ ဖြစ်ပါတယ်။ Outsource ပေးတဲ့ အလုပ်တော်တော်များများကို အဲဒီကနေ ရခဲ့တာပါ။ 
ကျွန်တော် တတ်ထားတဲ့ ပညာ တစ်ဝက်မကဟာ အင်တာနက်ကနေ သင်ယူထားတာဖြစ်ပြီး အခုနောက်ပိုင်းမှာ Youtube, Wikipedia နဲ့ အခြား ဝဘ်ဆိုဒ်များကနေ ဆက်လက်လေ့လာ သင်ယူနေခြင်းဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီလို လုပ်ဖို့အတွက် သာမန် အပျော်သုံးနေရုံနဲ့ ဖြစ်မလာနိုင်ပါဘူး။ ပရော်ဖက်ရှင်နယ်ကျကျ သုံးတတ်ဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် အကြံဉာဏ်အနည်းငယ် ပေးချင်ပါတယ် ခင်ဗျာ။ 
၁။ FB က တက်လာသမျှ status တွေ ထိုင်ဖတ်ပြီး ငါတော်တော် စာဖတ်ဖြစ်တယ်လို့ ကိုယ့်ကိုယ်ကို အထင်ကြီးနေလို့ မရပါဘူး။ အကျိုးရှိတဲ့ status တွေ ဖတ်ရဖို့ တန်ဖိုးရှိတဲ့ မိတ်ဆွေတွေ လိုပါတယ်။ မင်္ဂလာ တရားတော်ထဲကအတိုင်း ဆည်းကပ်သင့်တဲ့ သူကို လေးလေးစားစား ဆည်းကပ်ရမှာ ဖြစ်သလို ရှောင်သင့်တဲ့ သူကိုလည်း ပြတ်ပြတ်သားသား ရှောင်ကြရမှာပါ။ ကိုယ့်အလုပ်အကိုင်၊ ကိုယ့်ပညာရေးအတွက် အထောက်အကူ ပေးနိုင်တဲ့ ပညာရှင်တွေကို FB မှာ အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်ကလဲ သူများ လေးစားလောက်တဲ့ အရေးအသား အပြောအဆိုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ 
၂။ ကိုယ့် Profile ပုံနဲ့ တကွ အချက်အလက်များဟာ ကိုယ့်ရဲ့ပုံရိပ်ကို ပြဌာန်းတာ ဖြစ်လို့ အထူးဂရုစိုက်ပြီး ထည့်သွင်းဖို့လိုပါတယ်။ မထည့်သင့်တဲ့ အသေးစိတ် အချက်အလက်တွေကို ချန်ထားပြီး ထည့်သင့်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အမှန်တရားကို အခြေခံပြီး ထည့်သွင်းသင့်ပါတယ်။ ဒါမှ ကိုယ့် FB နဲ့ အခြား online account များဟာ ကိုယ့်ရဲ့ ဒုတိယ ဘဝတစ်ခု ဖြစ်လာနိုင်မှာပါ။ 
၃။ အပြင်လောကမှာ တွေ့ဖို့ ခက်ခဲတဲ့ ဆရာသမားကောင်းတွေ၊ ပညာရှင်တွေ၊ သူငယ်ချင်း မိတ်ဆွေကောင်းတွေကို FB နဲ့ အင်တာနက်မှာ မှာ ရအောင် ရှာသင့်ပါတယ်။ နှုတ်တစ်ရာ စာတစ်လုံး ဆိုတဲ့ အတိုင်း online မှာ ရေးသမျှ ကိုယ့်သမိုင်း ဖြစ်လာမှာမို့ အရေးအသားမမှားအောင်၊ လူတစ်ဖက်သားကို မထိခိုက်အောင်၊ မှန်လဲမှန် - အကျိုးလဲရှိ -အချိန်အခါလဲကိုက်တဲ့ အရေးအသားမျိုး စဉ်းစားရေးသားသင့်ပါတယ်။ ဒါမှသာ ကိုယ့်မိတ်ဆွေ၊ ဆရာသမားများရဲ့ အပြန်အလှန် လေးစားချစ်ခင်မှုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ 
၄။ ဘာမှ မဟုတ်တဲ့ စကားလေး တစ်ခွန်းဟာ မိမိ သူတစ်ပါး အကျိုးစီးပွားကို ပျက်စီးစေနိုင်တာကြောင့် အထူးဆင်ခြင်ဖို့ ထပ်မံ သတိပေးပါရစေ ခင်ဗျာ။ 
၅။ ဒီခေတ်ဟာ နည်းပညာခေတ် ဖြစ်တာကြောင့် မိမိတို့ အထူးတလည် လေ့လာတတ်ကျွမ်းထားတဲ့ စက်မှု၊ လက်မှု အတတ်ပညာများကိုလည်း တတ်နိုင်သမျှ ရေးသား ဖြန့်ဝေပေးသင့်ပါတယ်။ ပညာကို လျိုထားရင်းနဲ့ အဲဒီပညာကို မသုံးလိုက်ရဘဲ ခေတ်နောက်ကျသွားတာမျိုး ဖြစ်တတ်ပါတယ်။ Knowledge is Power ဆိုပေမယ့် Sharing is Caring ဆိုတဲ့ စကားကို အလေးထားစေချင်ပါတယ်။ မိမိက သူတပါးအကျိုးကို ထိရောက်အောင် ကူညီပေးခြင်းဖြင့် မိမိအတွက်လည်း အကျိုးများစေမှာ ဖြစ်ပါတယ်။ 
၆။ ယုံကြည်မှုဟာ တည်ဆောက်ရ ခက်ခဲတတ်ပေမယ့် တစ်ခဏလေးအတွင်းမှာ ပျက်ဆီးသွားနိုင်ပါတယ်။ ဒါကြောင့် အင်တာနက်ပေါ်မှာ ကိုယ့်ကို သူတို့ မသိဘူးဆိုပေမယ့် လိမ်ညာလှည့်စားခြင်းမျိုး မပြုလုပ်သင့်ပါဘူး။ ဖြစ်နိုင်ရင် အင်တာနက်ပေါ်က ကိုယ့်ရဲ့ ဘဝကိုလည်း အပြင်က တကယ့်ဘဝလို စောင့်ရှောက်ထိန်းသိမ်းပြီး စံနမူနာယူထိုက်အောင် ကြိုးစားသင့်ပါတယ်။ 
၇။ အချင်းချင်း စနောက်လိုတဲ့ စိတ်ကူးနဲ့ ရိုင်းစိုင်းတဲ့ အသုံးအနှုန်း အပြောအဆိုတွေကို ချစ်စနိုးလုပ်သုံးနေကြတာ တွေ့ရပါတယ်။ အင်တာနက်ပေါ်က ကိုယ့်ထက် အသက်အရွယ်ကြီးရင့်သူ၊ လေးစားသင့်သူ၊ မိဘဆရာများ ကြားလို့မတော် မြင်လို့မကောင်း ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အပြောအဆို အပြုအမူများကို သူတော်ကောင်းများ မကဲ့ရဲ့အောင် ဆင်ခြင်ကြပါလို့ အကြံပြု လိုပါတယ် ခင်ဗျာ။ 
၈။ ကိုယ့်ရဲ့ ပညာအခြေခံအပေါ်မှာ မူတည်ပြီး ဘဝမှာ နောက်ထပ်  အသုံးဝင်မယ့် ပညာရပ်များစွာကို လက်တွေ့အသုံးချနိုင်တဲ့အထိ အင်တာနက်ကတဆင့် ဆက်လက်လေ့လာသင့်ပါတယ်။ ယခင်က ပြည်ပကို ထွက်သင်မှ ရနိုင်မယ့် ပညာတွေကို အင်တာနက်မှာ ပေါပေါများများ တွေ့နေရတဲ့ ခေတ် ဖြစ်နေပါပြီ။ ဒါကြောင့် တစ်နေ့တစ်လံ ပုဂံဘယ်ပြေးနိုင်ပါ့မလဲဗျာ။ ခေတ်သစ် ဦးကျည်ပွေ့ အနေနဲ့ အင်တာနက်ကတဆင့် ပရော်ဖက်ဆာ တစ်ယောက်လို တစ်ဖက်ကမ်းခတ်အောင် လေ့လာသင်ယူကြပါစို့လို့ မေတ္တာဖြင့် ရိုးသားစွာ အကြံပြုတင်ပြလိုက်ရပါတယ်ခင်ဗျား။ 
 မေတ္တာဖြင့်
ဒေါက်တာ အောင်ဝင်းထွဋ် 
ပြင်ဦးလွင်မြို့ 
၂၀-၁-၂၀၁၆ 
၁၂နာရီ ၁၀ မိနစ် 
(ညနေခင်း)

Please Share This Post

Share on Facebook Plus on Google+