၄-၆-၂၀၁၄ မနက်ခင်းမှာ ကျွန်တော့်ကို ညီငယ် တစ်ယောက်က မိတ္ထီလာ ဘားကမ့် အတွက် လာရောက်ပေးဖို့ ဖုန်းနဲ့ ဖိတ်ခေါ်ခဲ့ပါတယ်။ မြန်မာပြည်မှာ ဘားကမ့်ပေါင်း များစွာ အောင်အောင် မြင်မြင် ကျင်းပနေခဲ့တာကို ကျွန်တော့်အနေနဲ့ အခါအခွင့် မသင့်တာကြောင့် တစ်ခါမှ တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် အခုလိုမျိုး ဖိတ်ကြားခံရတာကို ဝမ်းသာ ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် ကိုယ်တိုင် သွားရောက် မဆွေးနွေးနိုင်ခဲ့ပါဘူး။ ဒီတသက်တော့ အဲဒီလို ကိုယ်တိုင် ပါဝင်နိုင်မယ့် အခွင့်အရေး ခဲယဉ်း တာကြောင့် ကျွန်တော် ပြောပြ ဆွေးနွေးလိုတာလေးတွေကို အိတ်ဖွင့်ပေးစာ အနေနဲ့ ရေးသားပေးဖို့ ဆုံးဖြတ် လိုက်ပါတယ်။ ဒါကြောင့် အခြား စိတ်ဝင်စားသော သူများပါ ဆွေးနွေးသုံးသပ်ပြီး ဝေဖန် အကြံပြုနိုင်စေဖို့ ရည်ရွယ်ထားတာ ဖြစ်ပြီး ကျွန်တော် မတောက်တစ်ခေါက် ကျင်လည်ခဲ့တဲ့ အိုင်တီ လောကမှာ ကြုံတွေ့ခဲ့ရတဲ့ ကျွန်တော့ရဲ့ အမှားများ၊ သင်ခန်းစာများနဲ့ အမြင်များကို ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ပထမဦးစွာ ကျွန်တော့်ကိုယ် ကျွန်တော် မိတ်ဆက်ပေးပါရစေ။ ကျွန်တော့်နာမည်က ဒေါက်တာ အောင်ဝင်းထွဋ် ဖြစ်ပါတယ်။ ၁၉၉၅ မှာ ဆယ်တန်းအောင်ပါတယ်။ ၂၀၀၁ မှာ B.E(E.P) ဘွဲ့ကိုရပါတယ်။ Moscow Power Engineering Institute ကနေ ၂၀၀၅ ခုနှစ်မှာ မာစတာဘွဲ့နဲ့ ၂၀၀၈ မှာ ပါရဂူဘွဲ့ ရရှိခဲ့ပါတယ်။ အိုင်တီလောကကိုတော့ ၂၀၀၀ ခုနှစ်မှ စတင်လေ့လာရင်း ဝင်ရောက်လာပါတယ်။ အဲဒီနှစ်က ဂျူလိုင်လထုတ် ကွန်ပျူတာ ဂျာနယ်မှာ ဆောင်းပါးတစ်စောင် စတင် ရေးသား ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ www.engineer4myanmar.com ကို စတင် တည်ထောင်ပြီး အွန်လိုင်း ဆောင်းပါးများရေးခဲ့ပါတယ်။ BluePhoenix ဆိုတဲ့ ကလောင်အမည်ကို စသုံးခဲ့ပါတယ်။ Myanmar Online Encyclopedia ကို အိုကီးစံ၊ ကိုစည်သူအောင်တို့နဲ့ ပူးပေါင်းပြီး တည်ထောင်ခဲ့ပါတယ်။ Itizen jornal မှာ Basic Android programming နဲ့ OOP in C++ ဆောင်းပါးများကို ရေးခဲ့ပါတယ်။ လက်ရှိပြုလုပ်နေတဲ့ Projects အနေနဲ့ ရုရှ-အင်္ဂလိပ်-မြန်မာ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာသုံး အဘိဓာန် တစ်ခုကို အချောသတ် ပြုစုနေဆဲဖြစ်ပါတယ်။ Basic Android Programming စာအုပ်တစ်အုပ်ကိုလည်း ထုတ်ဝေထားပါတယ်။ ပညာရေးနဲ့ ပက်သက်တဲ့ Android apps များ ကို ရေးသားဖြန့်ဝေဖို့ အတွက် GreenDroid Technology လို့ ခေါ်တဲ့ Open Source Organization တစ်ခုကို တည်ထောင်နိုင်ဖို့ ကြိုးစားနေပါတယ်။
ကျွန်တော် အဓိကဆွေးနွေးလိုတဲ့ အကြောင်းအရာကတော့ စတင်လေ့လာကာစ လူငယ်များအနေနဲ့ အိုင်တီနည်းပညာကို ဘယ်က ဘယ်လို စတင်ပြီး လေ့လာသင့်လဲ ဆိုတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ နည်းပညာဆိုင်ရာ FaceBook Group စာမျက်နှာအချို့မှာ အိုင်တီကို လေ့လာချင်တဲ့ လူငယ်တစ်ချို့ရဲ့ မေးခွန်းများကို ဖတ်မိပြီး သူတို့အတွက် အထောက် အကူ ဖြစ်နိုင်တဲ့ အချက်အချို့ကို ဆွေးနွေးပေးချင်တဲ့အတွက် ဒီခေါင်းစဉ်ကို ရွေးချယ်လိုက်ရတာပါ။ လူငယ်အများစုကတော့ သင်တန်းတွေ တက်မယ်၊ အမှတ်မီတဲ့သူတွေက ကွန်ပျူတာ တက္ကသိုလ်တွေ တက်မယ် ဆိုပြီး စဉ်းစားကြမယ် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တုန်းကလို အချိန်တွေ အရမ်းကြာသွားပြီး လမ်းပျောက်နေတာမျိုး မဖြစ်အောင် ညီငယ် ညီမငယ်များအတွက် လမ်းညွှန်သဘောမျိုး အကြံဉာဏ်တစ်ချို့ ပေးခဲ့ချင်ပါတယ်။
ကျွန်တော် အိုင်တီနည်းပညာကို စတင်လေ့လာကာစမှာ C language ကို အဓိကထား လေ့လာဖြစ်ခဲ့ပြီး နှစ်အတော်ကြာခဲ့ပါတယ်။အဲဒီတုန်းက ခေတ်စားနေတဲ့ အခြားနည်းပညာနဲ့ ပရိုဂရမ်းမင်းဘာသာရပ်တွေကို ကို သဘောလောက်ပဲ လေ့လာခဲ့ပြီး အသေးစိတ်ကိုင်ရေးရတဲ့ C ကိုပဲ စွဲလမ်းနေမိပါတယ်။ ဒါပေမယ့် အချိန်နဲ့အမျှ လိုအပ်ချက်တွေ တဖြည်းဖြည်း ပေါ်လာပြီး အခြားအခြားသော ပရိုဂရမ်းမင်းတွေ နဲ့ ဘာသာရပ်များစွာကို လိုအပ်လာတိုင်း အစကနေ ပြန်လုပ်ခဲ့ရပါတယ်။ အခု အသက်အရွယ်မှာတော့ တကယ်လို့ လမ်းညွှန်မှုကောင်းကောင်းသာ ရခဲ့မယ်ဆိုရင် အဲဒီလောက် အချိန်မကုန်ဘဲ လူမပင်ပန်းဘဲ စနစ်တကျ လေ့လာနိုင်ခဲ့တာကို ပြန်သုံးသပ်မိပါတယ်။
ကျွန်တော်ဆယ်တန်းအောင်ပြီးကာစ အချိန်တုန်းက ကွန်ပျူတာဆိုတာကို အရမ်း သင်ခဲ့ချင်ပေမယ့် သင်တန်းခတွေ ဈေးအရမ်းကြီးတာကြောင့် အနားမကပ်နိုင်ခဲ့ပါဘူး။ ကွန်ပျူတာ တက္ကသိုလ်ဆိုတာလဲ မရှိသေးပါဘူး။ ဒါကြောင့် E.P ဘာသာရပ်ယူပြီး အင်ဂျင်နီယာဘာသာရပ်တွေ သင်ကြားခဲ့ပါတယ်။ စတုတ္ထနှစ်မှာ သင်ကြားခဲ့ရတဲ့ ANSI C ပရိုဂရမ်းမင်း ဘာသာစကားကို စွဲလမ်းသွားခဲ့ပြီး အိုင်တီလောကထဲကို စရောက်လာခဲ့ပါတယ်။ ဒါပေမယ့် အင်ဂျင်နီယာ ကျောင်းသာဘဝမှာ အဲဒီ တစ်ဘာသာကလွဲလို့ အခြားအိုင်တီနည်းပညာတွေကို သင်ကြားမပေးတဲ့အတွက် နောက်ပိုင်းမှာ စာအုပ်တွေဖတ်ပြီး နှစ်ပေါင်းများစွာ တဖြည်းဖြည်းချင်း လေ့လာခဲ့ရပါတယ်။
တကယ်တော့ ကျွန်တော် လေ့လာနေရသမျှ ဘာသာရပ်တွေထဲက အခြေခံကျတဲ့ သာသာရပ် အများစုကို ကွန်ပျူတာ တက္ကသိုလ်တွေရဲ့ သင်ရိုးညွှန်းတမ်းတွေမှာ အပြည့်အစုံ ပြဌာန်းထားပြီးသား ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ဒါကြောင့် ကွန်ပျူတာ တက္ကသိုလ် တက်ရောက်ခွင့် ရထားတဲ့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ မိမိတို့ ဘယ်လောက် ကံကောင်းတယ်ဆိုတာ နားလည်သင့်ပါတယ်။ သင်ကြားနေရတဲ့ ဘာသာရပ်များကို တန်ဖိုးထားပြီး တကယ်တမ်း နားလည်တတ်ကျွမ်းအောင်နဲ့ လက်တွေ့အသုံးချနိုင်အောင် လေ့လာသွားဖို့ အကြံပြုလိုပါတယ်။ သင်ရိုးညွှန်းတမ်းထဲမှာ ပြဌာန်းထားတဲ့ ဘာသာရပ်တွေဟာ တစ်နေရာရာမှာတော့ မဖြစ်မနေ သိထားရမယ့် အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။
များသောအားဖြင့် တက္ကသိုလ်များမှာ အများနဲ့ သင်ကြားရတာ ဖြစ်လို့ ဘာသာရပ်ကို အသေအချာ နားမလည်နိုင်တာတွေ ရှိလာနိုင်ပါတယ်။ သင်ရိုးနဲ့ အချိန်ကိုလု ပြီး သင်ကြရတာဖြစ်လို့ တစ်ခါတစ်လေ စာမေးပွဲအတွက် အလွတ်ကျက်ပြီး ပြန်မေ့သွားတာတွေလဲ ရှိနိုင်ပါတယ်။ တကယ်တော့ တက္ကသိုလ်ကျောင်းသားဆိုတာ ပညာတကယ်လိုချင်ရင် မိမိဘာသာ လေ့လာသင်ယူမှုအတွက် အချိန်အများကြီးပေးပြီး ဝီရိယစိုက်ထုတ်ရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ နိုင်ငံတကာ က သင်ရိုးတွေ၊ Tutorial တွေ၊ လက်ချာတွေကို အင်တာနက်မှာ မလိုချင်မှအဆုံး ရနိုင်နေပြီ ဖြစ်ပါတယ်။ ကိုယ့်ကျောင်းက ဆရာ သင်တာကို နားမလည်ခဲ့ဘူးဆိုရင်တောင်မှ နိုင်ငံတကာ တက္ကသိုလ်ကြီးတွေက လက်ချာတွေကို youtube ကနေ ကြည့်လို့ ရနေပါပြီ။ အဲဒီမှာ အဓိက ပြဿနာက အင်္ဂလိပ်လို ဖတ်ဖို့ မပျင်းဖို့နဲ့ ဖတ်နိုင်အောင် ကြိုးစားဖို့ လိုလာပါတယ်။
Academic ပညာရေးအနေနဲ့ကတော့ ဘယ်နည်းပညာ နယ်ပယ်ကိုမဆို ဝင်ရောက် လုပ်ဆောင်နိုင်အောင် ကျယ်ပြန့်တဲ့ သဘောတရားနဲ့ အခြေခံမျိုးစေ့တွေ ချပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် လက်တွေ့ လုပ်ဆောင်မှု အပိုင်းတွေမှာ အားနည်းတတ်ပါတယ်။ ကျောင်းသားများအနေနဲ့ မိမိတို့ ဝါသနာပါရာ နယ်ပယ်ကို သတ်မှတ်ပြီး (ဥပမာ-Android programming, Web development, etc) သက်ဆိုင်ရာ အင်တာနက်ဝဘ်ဆိုဒ်တွေကနေ tutorials သင်ခန်းစာတွေ၊ source code တွေကို လေ့လာပြီး လက်တွေ့ အသုံးချနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ အဲဒီလို အသုံးချနိုင်တဲ့ စွမ်းရည်နဲ့ Academic ကပေးတဲ့ ကျယ်ပြန့်တဲ့ သဘောတရားတွေကို ဆက်စပ်နိုင်မယ်ဆိုရင် အင်မတန် မြင့်မားတဲ့ အဆင့်အထိကို အချိန်တိုအတွင်း အလွယ်တကူ လှမ်းတက်နိုင်မှာ ဖြစ်သလို နိုင်ငံတကာ အိုင်တီပညာရှင်များနဲ့ လည်း ရင်ဘောင်တန်းနိုင်မှာပါ။ နောက်တစ်ခုက ကျောင်းတက်နေစဉ်ကတည်းက ဝါသနာတူရာ group လေးများ စုစည်းပြီး ပရောဂျက်များကို စမ်းသပ်လုပ်ဆောင်ကြစေချင်ပါတယ်။ ကျောင်းသားဘဝမှာတင် နည်းပညာကို အသုံးချပြီး ဝင်ငွေရှာနိုင်ပါတယ်။ နိုင်ငံတကာက တက္ကသိုလ် ကျောင်းသား အတော်များများဟာ အလုပ်တစ်ဖက်လုပ်ရင်း စားရိတ်ရှာပြီး ကျောင်းတက်ကြရတာ ဖြစ်ပါတယ်။ လောလောဆယ် မြန်မာနိုင်ငံ အနေအထားနဲ့ နည်းပညာအသုံးပြုရတဲ့ အလုပ်အကိုင် နည်းပါးသလို၊ ဝင်ငွေလဲ နည်းပါးနိုင်ပေမယ့် ကျောင်းဆင်းပြီးချိန်မှာ မဖြစ်မနေ ကြုံတွေ့ကြရမယ့် အခက်အခဲကို နားလည်အောင် ကျောင်းသားဘဝကတည်းက ရင်ဆိုင်ကြည့်သင့်ကြောင်း အကြံပြုလိုပါတယ်။ ဒီလို လုပ်ကိုင်ထားတဲ့ ကျောင်းသားများအဖို့ ကျောင်းပြီးချိန်မှာ အတွေ့အကြုံကောင်းများနဲ့ အဆက်အသွယ်များ ရရှိထားတာကြောင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများကို ရရှိနိုင်စေပါတယ်။
ကွန်ပျူတာတက္ကသိုလ် တက်ရောက်ခွင့် မရရှိတဲ့၊ မတက်ရောက်ဖြစ်တဲ့ သူများအတွက် လည်း အကြံဉာဏ်ပေးချင်ပါတယ်။ တက္ကသိုလ်တွေကို တက်ခွင့်မရလဲ အဲဒီ တက္ကသိုလ်က ပေးတဲ့ ပညာရေးမျိုးကို ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိရင် ရဖို့ လွယ်ကူပါတယ်။ ကျွန်တော်ကိုယ်တိုင် လုပ်ဆောင်နိုင်ခဲ့တာမို့ ယုံကြည်ကြစေလိုပါတယ်။ အဲဒီ ပညာရေးမျိုးဆိုတာ သင်တန်းတွေ တက်ရုံနဲ့ မရနိုင်ပါဘူး။ အဓိကက ကိုယ့်အပေါ်မှာပဲ ၉၀ ရာခိုင်နှုန်းလောက် မူတည်နေလို့ ဖြစ်ပါတယ်။ အဲဒီလို လေ့လာနိုင်ဖို့ လိုအပ်ချက်တွေ ရှိပါတယ်။ အဲဒီလိုအပ်ချက်တွေကို အရင်ဆုံး ပြည့်စုံအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။
ပထမဆုံး အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် ဖတ်နိုင်အောင်၊ နားလည်အောင် လုပ်ဖို့ လိုပါတယ်။ နောက်တစ်ခုက ကွန်ပျူတာသုံး အင်္ဂလိပ်စာ အသုံးအနှုန်း၊ စကားလုံးတွေကို လေ့လာထားရပါမယ်။အင်္ဂလိပ်စာဟာ အိုင်တီနည်းပညာ အောင်မြင်မှုရဲ့ သော့ချက်တစ်ခုဖြစ်လို့ အဲဒီအခက်အခဲကို ရှောင်ရှားလို့ မရနိုင်တဲ့အတွက် ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး နားလည်တတ်ကျွမ်းအောင် အချိန်ပေး လေ့ကျင့်စေချင်ပါတယ်။ စာဖတ်နိုင်ဖို့အတွက် လျို့ဝှက်ချက်ကတော့ စာများများဖတ်ဖို့ပါပဲ။ နားမလည်တာတွေပါလာမှာ ဖြစ်တဲ့အတွက် မေးမြန်းဖို့ သူငယ်ချင်းကောင်း၊ ဆရာကောင်းတွေ ရှာထားရမှာပါ။ အနည်းဆုံး Facebook group တွေ၊ ဖော်ရမ်တွေနဲ့ အွန်လိုင်းမှာ မေးလို့ရပါတယ်။ "မေးပါများ စကားရ" ဆိုသလို သိတဲ့သူတွေက ဝင်ဖြေပေးသွားပါလိမ့်မယ်။
နောက်တစ်ခုက ဖြစ်နိုင်ရင် ကွန်ပျူတာ အခြေခံ ဘာသာရပ်အချို့ကို စနစ်တကျသင်ပေးတဲ့ သင်တန်းဖြစ်စေ၊ နီးစပ်ရာကဖြစ်စေ သင်ကြားထားရမှာ ဖြစ်ပါတယ်။ အဲဒီအဆင့် ပြီးဆုံးတာနဲ့ ကွန်ပျူတာ တက္ကသိုလ်က သင်ရိုးအနေနဲ့ ပြဌာန်းတဲ့ ဘာသာရပ်များကို စာရင်းပြုစုပြီး E-books များ နှင့် စာအုပ်များ ရှာဖွေ စုဆောင်းထားရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ www.it-ebooks.info ကနေ အဲဒီလို စာအုပ်များကို စုဆောင်းထားခဲ့တာ ဖြစ်ပါတယ်။ ဗီဒီယို ကျူတိုရီယယ်အများစုကိုလည်း အခွေဆိုင်တွေက ဝယ်လို့ ရသလို youtube ကနေလည်း အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ en.wikipedia.org ကလည်း ဘာသာရပ်တွေကို စလေ့လာကာစမှ ဖတ်ရှုသင့်တဲ့ ဆိုဒ်တစ်ခုပဲ ဖြစ်ပါတယ်။
ကျွန်တော့်ဆီမှာ လာရောက်သင်ကြားကြတဲ့ သင်တန်းသားများအနက် အစမှအဆုံး သင်ကြားခွင့်ရတဲ့ သင်တန်းသားများကို အောက်ပါ အစီအစဉ်အတိုင်း သင်ကြားပေးနေပါတယ်။ အချို့ဘာသာရပ်များကို ကျွန်တော်ကိုယ်တိုင် ပြန်လည်လေ့လာရင်း သင်ကြားနေရတာဖြစ်ပါတယ်။
1. A+,
2. C,
3. C++,
4. OOP concept,
5. Java,
6. VB.Net,
7. Html,
8. CSS,
9. Web Development Basic (Apache,MySQL,PhP,Java Script),
10. Mobile development basic (Android with java and eclipse),
11. Database Basic,
12. Networking Basic
13. Linux (Usage and Development)
ဒီနေရာမှာ ကျွန်တော်ပြောပြချင်တဲ့ အချက်တစ်ခုက အထက်ပါ ဘာသာရပ်အားလုံးကို ကျွန်တော့်အနေနဲ့ မကျွမ်းကျင်ပါဘူး။ သို့သော် အခုအချိန်မှာ အထက်ပါ ဘာသာရပ်များ၏ အရေးပါပုံကို နားလည်လာတဲ့အတွက် ကိုယ်တိုင် အစကနေ ပြန်လည်လေ့လာနေတာ ဖြစ်ပါတယ်။ အခုလို ချပြလိုက်ရခြင်းဟာလည်း အိုင်တီကို ဘယ်ကနေ စလေ့လာသင့်သလဲ ဆိုတဲ့ မေးခွန်းများကို ကျွန်တော့် အမြင်၊ ကျွန်တော့် ရှုဒေါင့်နဲ့ ချဉ်းကပ်ပြချင်းသာ ဖြစ်ပါတယ်။
ဒီနေရာမှာ အများစု ရင်ဆိုင်ကြရမှာက အင်တာနက် မကောင်းတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကိုယ်မတတ်နိုင်တာကို ညည်းညူမနေဘဲ အကောင်းဆုံး ကြိုးစားဖို့က လိုရင်း ဖြစ်ပါတယ်။ ဒါကြောင့် နည်းလမ်းအမျိုးမျိုးကို သုံးပြီး အကိုးအကား စာအုပ်စာတမ်းနဲ့ ဗီဒီယိုများကို စုဆောင်း ထားဖို့ လိုအပ်ပါတယ်။ အင်တာနက်ကဖေးများနဲ့ ပူးပေါင်းပြီး သူတို့ရဲ့ အကူအညီနဲ့လည်း စုဆောင်းနိုင်ပါတယ်။ တကယ်လို့ အခက်အခဲ ရှိနေမယ်ဆိုရင် စာအုပ်များကို ကျွန်တော့် facebook account - bluepheonixmm ဆီကို စာရေးသား တောင်းဆို နိုင်ပါတယ်။ အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်။
အကိုးအကားတွေ စုံလင်တဲ့အခါမှာတော့ စတင်လေ့လာဖို့ Guide တစ်ယောက် လိုအပ်ပါတယ်။ ဖော်ရမ်များနဲ့ ဖေ့စ်ဘွတ် ဂရုများမှာ အကြံဉာဏ်တောင်းခံပြီး ဘယ်ဘာသာရပ်တွေကို စတင် လေ့လာသင့်တယ်ဆိုတာ ကိုယ့်အခြေအနေနဲ့ ကိုက်အောင် စီစဉ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော့်ကိုလည်း အကူအညီတောင်းလို့ ရပါတယ်။
ကိုယ့်ဘာသာ စဉ်းစားရ ခက်နေမယ်ဆိုရင်တော့ ကွန်ပျူတာ တက္ကသိုလ်က နှစ်အလိုက် သင်ခန်းစာတွေကို အစဉ်လိုက် လေ့လာသွားဖို့ အကြံပြုလိုပါတယ်။ ဒီသင်ရိုးတွေဟာ နှစ်ပေါင်းများစွာ သုတေသနပြု ရေးဆွဲထားတာ ဖြစ်လို့ ကိုယ့်ဘာသာ လေ့လာသူများအနေနဲ့လည်း အားကိုးလောက်ပါတယ်။ ကျွန်တော် အကြံပေးချင်တာကတော့ မိမိ စိတ်ပါဝင်စားမှု အရှိဆုံး ဘာသာရပ်ကို စတင်လေ့လာဖို့ပဲ ဖြစ်ပါတယ်။
ဒီကြားထဲမှာ သင်တန်းတွေကို လိုအပ်သလို တက်ရောက်ခြင်းဖြင့် လေ့လာမှု အရှိန်အဟုန်ကို မြှင့်တင်နိုင်ပါတယ်။ ပရိုဂရမ်းမင်းလို ဘာသာရပ်များကိုတော့ သင်တန်းကောင်းကောင်း တက်ရောက်ခြင်းဖြင့် သဘောပေါက်နားလည် လွယ်စေမှာပါ။ နောက်တစ်ခုက ကိုယ်ဘယ်လောက်ပဲ ကျွမ်းကျင်သည်ဖြစ်စေ နိုင်ငံတကာက အသိအမှတ်ပြုဖို့အတွက် certificate တွေ ရယူထားဖို့ လိုအပ်လာနိုင်ပါသေးတယ်။(ကျွန်တော့်အနေနဲ့ကတော့ မည်သည့် သင်တန်းမှ မတက်နိုင်ခဲ့ဘဲ စာအုပ်များ၊ မြင်ဆရာ၊ ကြားဆရာများကတဆင့် အစအဆုံးနီးပါး ခက်ခက်ခဲခဲ လေ့လာခဲ့ရတာ ဖြစ်ပါတယ်။)
ကျွန်တော်စတင် လေ့လာကာစက ကွန်ပျူတာ နယ်ပယ်မှာ နည်းပညာ တစ်ခုကောင်းနဲ့ ရပ်တည်လို့ ရမယ်လို့ ယူဆခဲ့မိပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ကျွန်တော် အများကြီး ကျန်နေရစ်ခဲ့ပါတယ်။ နောက်မှ ပြန်လိုက်ရတာဟာ အတော်ကို ခက်ခဲပါတယ်။ ဒါကြောင့် သင်ရိုးကို အခြေခံပြီး စနစ်တကျ လေ့လာဖြစ်အောင် တိုက်တွန်းရတာပါ။ နောက်တစ်ခုက ယခုအချိန်ကစပြီး ပြည်ပ ကုမ္ပဏီတွေ ပြည်တွင်းကို ဝင်ရောက်ထိုးဖောက်လာတာ ဖြစ်တဲ့အတွက် အိုင်တီအလုပ်နဲ့ ပြည်တွင်းမှာ လစာကောင်းကောင်း ရနိုင်တဲ့ အခွင့်အလမ်းတွေ ပွင့်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ လစာနဲ့ ညီမျှတဲ့ အရည်အချင်းတွေ ကိုယ့်မှာ ပြည့်စုံနေအောင် အတတ်နိုင်ဆုံး ကြိုးစားဖြည့်ဆည်းထားရမှာ ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ မြစ်ကြီးနား၊ ဟိုပုံးနဲ့ ပြင်ဦးလွင် မြို့များမှာ ပဲ နေခဲ့ရပါတယ်။ အင်တာနက်မပြောနဲ့ ဖုန်းတောင် ကောင်းကောင်း မရခဲ့တဲ့ ကာလတွေလဲ အတော်များခဲ့ဘူးပါတယ်။ ဒါကြောင့် ကျွန်တော့်လို နယ်မြို့လေးတွေမှာ နေရတဲ့ သူတွေထဲက နည်းပညာကို ဝါသနာပါသူတွေ ဘယ်လောက်အထိ ခက်ခက်ခဲခဲ လေ့လာကြရမလဲဆိုတာကို ကိုယ်ချင်းစာမိပါတယ်။ တစ်ခုရှိတာက မြေသြဇာကောင်းတဲ့ နေရာမှာ အပင်တွေ စိမ်းစိုနေတာ သိပ်မထူးဆန်းပါဘူး။ သိပ်လဲ တန်ဖိုးထားတတ်ကြမယ် မထင်ပါဘူး။ ဒါပေမယ့် သဲကန္တာရထဲမှာသာ အပင်ဖြစ်အောင် စိုက်နိုင်ခဲ့ရင်တော့ အိုအေစစ် ဖြစ်လာပြီး တန်ဖိုးဖြတ်လို့ မရနိုင်ပါဘူး။ ဒါကြောင့် နယ်ကလူများ စိတ်မပျက်ဘဲ ဝီရိယ ပိုစိုက်ကြရမှာ ဖြစ်ကြောင်း အားပေးလိုပါတယ်။
ကျွန်တော်တို့ အိုင်တီ လောကမှာ အတော်လေး ထူးချွန်တဲ့ ပုဂ္ဂိုလ်အချို့တောင် ပရောဂျက်များ ရရှိဖို့ ခက်ခဲနေတာကို တွေ့ရပါတယ်။ သာမာန်လေ့လာကာစသူများအနေနဲ့ ပိုလို့ ခက်ခဲနိုင်ပါတယ်။ လေ့လာကာစ အတွေ့အကြုံအားနည်းမှုကြောင့် အလုပ်အကိုင်ခက်ခဲရသလို၊ အလုပ်အကိုင် မရှိတဲ့ အတွက်လည်း အတွေ့အကြုံက ပြည့်ဝမလာတတ်ပါဘူး။ ဒီ Looping ထဲက ထွက်နိုင်ဖို့အတွက် နည်းလမ်းကတော့ လစာနည်းသော်လည်း အတွေ့အကြုံကောင်းများ ရနိုင်သည့် အလုပ်တစ်ခုခု ဝင်လုပ်ခြင်း သို့မဟုတ် open source နှင့် အများအကျိုးပြု ပရောဂျက်များတွင် အခမဲ့ ဝင်ရောက် ကူညီလုပ်ကိုင်ခြင်း ဖြစ်ပါတယ်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် ငွေကြေးမရရှိသော်လည်း အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံကောင်းများအပြင် လူအများ၏ လေးစားခြင်းကို ခံရနိုင်ပြီး အချိန်နှင့်အမျှ အလုပ်အကိုင်အခွင့်လမ်း ကောင်းမွန်လာနိုင်ပါတယ်။
၂၀၀၀ ခုနှစ်လောက်တုန်းက ဆရာကြီးဦးတင့်ဇော်အေးက ကျွန်တော့်ကိုအင်တာနက်မှာ အသုံးပြုတဲ့ ပရိုဂရမ်းမင်းဘာသာရပ်များကို အထူးပြုလေ့လာသင့်ကြောင်း အကြံပေးခဲ့ဘူးပါတယ်။ အဲဒီ အကြံဉာဏ် ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာကို ယခုမှ ပိုမို သိလာရပါတယ်။ ယနေ့ခေတ်အနေဖြင့်ဆိုလျှင် အင်တာနက်နှင့် မိုဘိုင်း နည်းပညာနောက်ကို လိုက်သင့်သည်ဟု ထင်မြင်မိပါတယ်။ အိန္ဒိယနိုင်ငံဟာ အိုင်တီနည်းပညာဖြင့် တိုးလက်လာခဲ့သလို ကျွန်တော်တို့ နိုင်ငံသည်လည်း Cloud computing နှင့် မိုဘိုင်း နည်းပညာကို အဆင့်မြင့်မြင့် ရရှိထားမည်ဆိုလျှင် နှစ်အနည်းငယ်အတွင်း တိုးတက်လာနိုင်တယ်လို့ ထင်မြင်မိပါသည်။
ကျွန်တော်တို့ အနေနဲ့ သူများနောက်ကို နှစ်ပေါင်းများစွာ ကျန်နေရစ်ခဲ့ရတာကို မငြင်းနိုင်ပါဘူး။ ဒါပေမယ့် အဲဒီ ဝမ်းနည်းစရာအချက်ထဲကပဲ အမြတ်ထုတ်နိုင်တာတွေ ရှိနေပါသေးတယ်။ တစ်ခုက သူများလုပ်ပြီးသား ကောင်းတဲ့အရာ အတော်များများကို ကျွန်တော်တို့ နိုင်ငံအတွက် ရယူပြီး ပြန်အသုံးချနိုင်တာပါပဲ။ ဒါပေမယ့် တိုက်ရိုက်အသုံးပြုဖို့ထက် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ အခြေအနေနဲ့ ကိုက်ညီမှု ရှိအောင် မြန်မာမှု ( Localization ) ပြုလုပ်ရမှာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ကိုယ့်လူမျိုး၊ ကိုယ်ကိုတိုင်လုပ်မှ ရမယ့် အချက်အလက်တွေ၊ ဒေတာတွေ ကို ပရောဂျက်များ စတင်ပြီး ဆောင်ရွက်သွားရမယ့်အချိန်ပဲ ဖြစ်ပါတယ်။ အဲဒီအချက်က အလွန်ပဲ အရေးကြီးပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဖြစ်နိုင်ရင် နည်းပညာ စွယ်စုံကျမ်းတစ်ခုကို မြန်မာဘာသာနဲ့ ပြုစုဖို့ စိတ်ကူးထားပါတယ်။ အဲဒီပရောဂျက်တွေကို Open Source၊ Open Documentation တွေအနေနဲ့ ပြုလုပ်သင့်ပါတယ်။ ဒါမှသာ အလွှာအသီးသီးက ပညာရှင်တွေ၊ အနုပညာသမားတွေ၊ ကျောင်းဆရာတွေ၊ ကျောင်းသားတွေ၊ နိုင်ငံရေးသမားတွေ၊ သုတေတီတွေအတွက် အကိုးအကားပြုနိုင်ရုံသာမက သာမန်လူများ အငြင်းအခုန်ဖြစ်လို့ အထောက်အထားရှာချင်ရင်တောင် အသုံးပြုနိုင်လာမှာ ဖြစ်ပါတယ်။ ဒီအချက်ဟာ နိုင်ငံနဲ့ လူမျိုးအတွက် မျိုးဆက်ပေါင်းများစွာနဲ့ ချီပြီး အရေးကြီးတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်အဆင့် စုစည်းပြီး လုပ်ဆောင်သွားသင့်ပါတယ်။
အဲဒီလို ပရောဂျက်တွေကို တစ်ဦးကောင်း၊ တစ်ယောက်ကောင်းနဲ့ လုပ်ဆောင်လို့ မရနိုင်ပါဘူး။ ဖြစ်နိုင်ရင် နိုင်ငံတော် အစိုးရနဲ့ အဖွဲ့အစည်းများရဲ့ အကူအညီကို ရယူရမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများထံမှလည်း အကူအညီ ရယူသင့်ပါတယ်။ မြန်မာနိုင်ငံ တည်ရှိနေသမျှ လိုအပ်နေနိုင်တဲ့ အချက်အလက်တွေကို စနစ်တကျနဲ့ အသေအချာ စုစည်းထားဖို့ အင်မတန် အရေးကြီးနေပါတယ်။ ရနိုင်သမျှ လူအား၊ နည်းပညာအားနဲ့ ငွေအားအကူအညီတွေကို ရယူနိုင်ဖို့ ကြိုးစားရမှာပါ။
အိုင်တီလောကဟာ စိတ်ကူးကောင်းတစ်ချက်ရှိရင် ဇူကာဘတ်လို အချိန်မရွေး အောင်မြင်သွားနိုင်ပါတယ်။ ဒါပေမယ့် အားကောင်းတဲ့ နည်းပညာပိုင်းဆိုင်ရာ Team များ စုစည်းထားနိုင်ဖို့လည်း အရေးကြီးပါတယ်။ ဒါမှသာ ပရောဂျက်ကြီးကြီးမားမားကို အောင်အောင်မြင်မြင်နဲ့ လုပ်ဆောင်နိုင်မှာပါ။ အဲဒီလို အဖွဲ့မျိုးကို ကျောင်းသားဘဝ၊ စတင်လေ့လာကာစမှာ စိတ်တူ သဘောတူ လူငယ်များ စုစည်းပြီး တည်ထောင်ထားသင့်ပါတယ်။ ဒါမှသာ ပရောဂျက်များကို Team work ဖြင့် လုပ်ဆောင်တတ်လာမှာ ဖြစ်ပါတယ်။
ဂျွန်၊ အက်ဖ်၊ ကနေဒီ က သမိုင်းတွင်မယ့် စကားတစ်ခွန်းကို ပြောခဲ့ပါတယ်။ (စကားလုံး အတိအကျတော့ မမှတ်မိတော့ပါ) သင့်ကို နိုင်ငံက ဘာလုပ်ပေးမလဲလို့ မေးနေတာထက် သင်က နိုင်ငံကို ဘာလုပ်ပေးမယ်ဆိုတာ ပြောစေချင်ပါတယ် တဲ့။ ဒီစကားကလည်း စဉ်းစားစရာ ကောင်းပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ မှန်ကန်တဲ့ နည်းပညာကို အသုံးချမှုမျိုးဟာ မိမိအတွက်ရော နိုင်ငံအတွက်ပါ တစ်ပြိုင်နက်တည်း အကျိုးဖြစ်ထွန်းစေနိုင်တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် နိုင်ငံမှာ အမှန်တကယ် လိုအပ်နေနိုင်တဲ့ ပရောဂျက်များကို စဉ်းစား ဖော်ထုတ်ပြီး ဖြစ်မြောက်အောင် လုပ်ဆောင်သွားစေချင်ပါတယ် ခင်ဗျာ။
နောက်တစ်ခုက အိုင်တီပညာရှင်လူငယ်များကို သူများဝန်ထမ်းပြီး သူများအိပ်မက်တွေ အကောင်အထည်ဖော်ပေးနေရတဲ့ သူ မဖြစ်အောင်၊ ကိုယ့်အိပ်မက်ကို ကိုယ်ကိုယ်တိုင် အကောင်အထည်ဖော်ဖို့ ကြိုးစားကြစေချင်ပါတယ်။ အဲဒီလို ကြိုးစားနေတဲ့အချိန်မှာ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ရမှာဖြစ်ပြီး ကျန်းမာရေးအတွက် မကောင်းတဲ့ အစားအသောက် အနေအထိုင် အမူအကျင့်တွေကို အစမလုပ်ဘဲ အတတ်နိုင်ဆုံး ရှောင်ရှားပြီး အားကစား တစ်ခုခုကို ပုံမှန်လေ့ကျင့်သင့်ပါတယ်။
ကျွန်တော် အထက်က ဆွေးနွေးတင်ပြခဲ့တဲ့ အချက်တွေဟာ ကျွန်တော့်ရဲ့ အမှားတွေနဲ့ လိုအပ်ချက်တွေကို နောက်လူများ မဖြစ်ရလေအောင် စေတနာနဲ့ သတိပေးခဲ့တာဖြစ်ပါတယ်။ တကယ်လို့များ ဆရာလုပ်သလို ဖြစ်သွားခဲ့ရင်တော့ ကျွန်တော့်ရဲ့ အရေးအသား အပြောအဆို ညံ့ဖျင်းမှုကို နားလည်ခွင့်လွှတ်ပေးကြပါလို့ အနူးအညွှတ်တောင်းပန်ရင် နိဂုံးချုပ်လိုက်ရပါတယ်။ ။
ဒေါက်တာ အောင်ဝင်းထွဋ်
၆-၅-၂၀၁၄
နံနက် ၇ နာရီ ၉ မိနစ်
ပြင်ဦးလွင်မြို့