OOP in C++ : အပိုင်း (၆) - Data types Conversion

    ယခင် သင်ခန်းစာများမှာ data types များ အသုံးပြုပုံကို အသေးစိတ် ရှင်းပြခဲ့ပါတယ်။ ယခု သင်ခန်းစာမှာတော့ အဲဒီ data types များကို တစ်ခုကနေ အခြားတစ်ခုသို့ ပြောင်းလဲနည်းများ အကြောင်း ဆွေးနွေး တင်ပြသွားမှာ ဖြစ်ပါတယ်။
    C language မှာလိုပဲ C++ မှာ မတူညီတဲ့ data type တွေ တွဲဘက် အသုံးပြုခွင့် ပေးထားပါတယ်။ ဥပမာအနေနဲ့ အောက်ပါ mixed.cpp ပရိုဂရမ်လေးကို လေ့လာကြည့်ရအာင်။

// mixed.cpp
// shows mixed expressions
#include <iostream>
#include <conio.h>
using namespace std;
int main()
{
    int count = 7;
    float avgWeight = 155.5F;
    double totalWeight = count * avgWeight;
    cout << "totalWeight = " << totalWeight << endl;
    _getch();
    return 0;
}

   

ဒီ ဥပမာမှာ double data type (totalWeight) ရရှိဖို့အတွက် int data type (count) ကို float data type (avgWeight) နဲ့ မြှောက်ထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ RUN ကြည့်တဲ့ အခါမှာ Error မပြဘဲ အလုပ်လုပ်တာကို တွေ့ရပါတယ်။ compiler အနေနဲ့ အဲဒီလို မတူညီတဲ့ data types တွေ အချင်းချင်း ပေါင်း၊ နုတ်၊ မြှောက်၊ စား အစရှိတဲ့ arithmetic operation ပြုလုပ်တာတွေကို လက်ခံပါတယ်။
    အချို့ ပရိုဂရမ်းမင်း ဘာသာစကားတွေမှာ ရေးသားရတာ ဒီလောက် မလွတ်လပ်ပါဘူး။ အခုလို မတူညီတဲ့ data type တွေ ရောရေးတဲ့အခါမျိုးမှာ error ပြမှာ ဖြစ်ပါတယ်။ အဲဒီ ဘာသာစကားတွေရဲ့ compiler တွေက ကျွန်တော်တို့အနေနဲ့ မှားယွင်းရေးသားမိတယ် လို့ ယူဆပြီး အဲဒီအမှားကနေ ကယ်တင်ဖို့ ကြိုးစားကြတာပဲ ဖြစ်ပါတယ်။ C နဲ့ C++ မှာတော့ ကျွန်တော်တို့ အဲဒီလို ရောနှောရေးသားမှုကို ရည်ရွယ်ချက် တစ်ခုကြောင့်လို့ ယူဆနားလည်ပေးပြီး ကူညီ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ အချက်ဟာ C နဲ့ C++ ခေတ်စားတဲ့ အကြောင်းတစ်ခုလဲပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပိုပြီးလွတ်လပ်တဲ့ ဘာသာစကား ရေးသားနည်း တစ်ခုဟာ ပိုပြီး အမှား လုပ်မိစေတတ် ပါတယ်။
Automatic Conversion
    compiler အနေနဲ့ အဲဒီလို ရောနှော ရေးသားထားတဲ့ expressions တွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ အလုပ်လုပ်သွားပုံကို လေ့လာကြည့်ရအောင်။ အောက်မှာ ဖော်ပြထားတဲ့ Table အရ data types တွေကို higher နဲ့ lower ဆိုပြီး အကြမ်းဖျင်း ခွဲခြားထားနိုင်ပါတယ်။


    အပေါင်းနဲ့ အမြှောက် တို့လို arithmetic operators တွေဟာ တူညီတဲ့ data type ရှိတဲ့ operands တွေကိုပဲ လုပ်ဆောင်ပေးချင်ပါတယ်။ ဒါကြောင့် ရောနှောနေတဲ့ data types တွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ data type အနိမ့်ကို အမြင့်သို့ အလိုအလျောက် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ mixed.cpp မှာ int (count) float ကိုပြောင်းလဲပေးပြီး float (avgWeight) နဲ့ မမြှောက်ခင် tempoerary variavle တစ်ခုမှာ သိမ်းဆည်းထားပေးပါတယ်။ float နှစ်ခု မြှောက်လို့ ရလာတဲ့ ရလာဒ်ကို double ပြောင်းပြီး totalWeight ထဲကို ထည့်ပေးပါတယ်။ အဲဒီ ဖြစ်စဉ်ကို အောက်မှာ ပုံနဲ့ ပြထားပါတယ်။


    အဲဒီလို data types တွေ အလိုအလျောက် ပြောင်းလဲပေးသွားတာဟာ မမြင်သာပါဘူး။ ကျွန်တော်တို့ အနေနဲ့ ဖြစ်ချင်တာတွေကို C++ compiler က အလိုအလျောက် လုပ်ပေးသွားတာ ဖြစ်တဲ့အတွက် အများကြီး စဉ်းစားနေစရာလဲ မလိုအပ်ပါဘူး။ ဒါပေမယ့် တစ်ခုတစ်ရံမှာ အဲဒီလို ပြောင်းလဲတာအချို့ကို compiler အနေနဲ့ အဆင်ပြေပြေ မပြုလုပ်ပေးနိုင်ပါဘူး။ နောက်တစ်ခုက ကျွန်တော်တို့အနေနဲ့ objects တွေ ပြုလုပ်ခြင်းဖြင့် ကိုယ်ပိုင် data types တွေဖန်တီးတဲ့ အချိန်မှာ မတူညီတဲ့ object data type တွေကို ရောနှော အသုံးပြုဖို့အတွက် compiler က ပြုလုပ်မပေးနိုင်ပါဘူး။ အဲဒီအခါမှာတော့ ကိုယ်ပိုင် conversion routine တွေကို ရေးသား အသုံးပြုဖို့ လိုလာမှာ ဖြစ်ပါတယ်။ compiler ဟာ bulit-in dtat types တွေကိုပဲ အလိုအလျောက် ပြောင်းလဲ ပေးနိုင်စွမ်း ရှိပါတယ်။
Casts
    တစ်ခါ တစ်ရံမှာ compiler အနေနဲ့ အလိုအလျောက် type conversion ပြုလုပ်မပေးနိုင်တဲ့ အခြေအနေမျိုးမှာ data type တစ်ခုကို ကျွန်တော်တို့ သတ်မှတ်ပေးထားတဲ့ အခြား data type တစ်ခုသို့ ပြောင်းလဲပေးခြင်းအား type casts သို့မဟုတ် Casts လုပ်တယ်လို့ ခေါ်ဆိုနိုင်ပါတယ်။
    C++ မှာ static casts, dynamic casts, reinterpret casts နဲ့ const casts ဆိုပြီး casts အမျိုးအစား အများအပြားရှိပါတယ်။ ဒီသင်ခန်းစာမှာတော့ static casts အကြောင်းကိုပဲ လေ့လာသွားမှာ ဖြစ်ပြီး သီးခြား အခြေအနေများမှာ အသုံးပြုရတဲ့ ကျန်ရှိနေတဲ့ casts များကိုတော့ သက်ဆိုင်ရာ သင်ခန်းစာများမှာ အလျင်းသင့်သလို ထည့်သွင်း ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်။
    အောက်ပါ နမူနာသည် int data type အား char data type အဖြစ် ပြောင်းလဲပေးသော ကုဒ် ဖြစ်သည်။
aCharVar = static_cast<char>(anIntVar);
    ကျွန်တော် တို့ type ပြောင်းလဲပေးချင်တဲ့ variable (anIntVar) ကို လက်သဲကွင်း () ထဲ ထည့်သွင်းထားရမှာ ဖြစ်ပြီး ပြောင်းလဲမည့် data type (char) ကိုတော့ angle brackets <> ထဲမှာ ထည့်ပေးရမှာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ aCharVar ထဲကို တန်ဖိုး မထည့်သွင်းခင်မှာ char data type ကို ပြောင်းလဲ ပေးနိုင်ပါတယ်။
    Standard C++ မတိုင်မီ C ခေတ်တုန်းက ကျွန်တော်တို့အနေနဲ့ အခြား နည်းလမ်းဟောင်းများကို cast လုပ်ဖို့ သုံးခဲ့ကြဘူးပါတယ်။ aCharVar = (char) anIntVar; ဒါမှ မဟုတ် aCharVar = char(anIntVar); ဆိုပြီး ရေးခဲ့ကြပါတယ်။ ဒါပေမယ့် အားနည်းချက်တစ်ခုက ကုဒ်တွေအများကြီးထဲမှာ casts လုပ်ထားတာကို ရှာရခက်လောက်အောင် ပျောက်နေတတ်ပါတယ်။ Find နဲ့ ရှာဖို့လည်း မလွယ်ပါဘူး။ အခု static_cast ကတော့ အဲဒီ ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ ဒါကြောင့် ယခင် နည်းလမ်းဟောင်းတွေကို သုံးနိုင်သေးပေမယ့် static_cast နည်းလမ်းကိုပဲ အသုံးပြုကြဖို့ တိုက်တွန်းလိုပါတယ်။ 
        နောက်အပတ်တွေမှာတော့ Operator တွေအကြောင်းကို ဆက်လက် ဆွေးနွေး သွားပါမယ်ခင်ဗျာ။ ဤ ဆောင်းပါးပါ အချက်အလက်များကို စမ်းသပ်ရာမှာ အခက်အခဲ ရှိနေဦးမယ်ဆိုရင် စာရေးသူရဲ့ တင်ပြပုံ ချို့ယွင်းချက်ကြောင့်သာ ဖြစ်ပါတယ်။ သိလိုသည်များ ကိုလည်း aungwh2013@gmail.com ကို ဆက်သွယ်ပြီး မေးမြန်းနိုင်သလို ပြင်ဦးလွင်သားများ အတွက်လည်း အောက်ဖော်ပြပါ လိပ်စာရှိ တော်ဝင် ကွန်ပျူတာ စင်တာ ၌လည်း လေ့လာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

အကိုးအကား
Object-Oriented Programming in C++(4th edition), Robert Lafore, Copyright©2002 by Sams Publishing: ISBN 0-672-32308-7
Dr. အောင်ဝင်းထွဋ် (bluephoenix)
တော်ဝင် ကွန်ပျူတာ စင်တာ
၁၇၉ စ၊ သုမင်္ဂလာ၊ ဈေးလေး အနောက်ဘက်၊ ပြင်ဦးလွင်မြို့

Please Share This Post

Share on Facebook Plus on Google+