Human Resources for Myanmar

ကျွန်တော် ဉာဏ်မီသလောက် စဉ်းစားမိတာလေးပါ။ မြန်မာပြည်မှာ လူ့စွမ်းအား အရင်းအမြစ်တွေ ထွက်ပေါ်လာအောင် လုပ်ကြရမယ်လို့ ပြောသံတွေ ကြားနေရပါတယ်။ အဲဒီ လူ့စွမ်းအား အရင်းအမြစ်တွေကိုရော ဘယ်သူတွေက ပြုစုပျိုးထောင်ပေးကြမှာလဲ။ နိုင်ငံခြားကို လွှတ်လိုက်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် မြန်မာပြည် နယ်ပယ် အသီးသီးမှာ ထူးချွန်ထက်မြက်ပြီးသား နိုင်ငံကို တိုးတက်အောင် လုပ်ပေးချင်ကြတဲ့ စိတ်ထားမွန်မြတ်တဲ့ လူတော် လူကောင်းတွေ အများကြီး ရှိနေပါတယ်။

တော်တော်များများဟာ လူမှန်နေရာမှန် မဖြစ်ကြပါဘူး။ လူတော် တစ်ယောက်ကို သတ်ဖို့ အကောင်းဆုံးနည်းက အရည်အချင်း ထုတ်ပြလို့ မရတဲ့ နေရာပို့လိုက်တာ ဒါမှမဟုတ် လုပ်ပိုင်ခွင့် မပေးတာပါပဲ။ တကယ်တန်း နိုင်ငံကို ပြန်လည် ထူထောင်ဖို့ ဒီအင်အားတွေကို နေရာတကျ သုံးတတ်မယ်ဆိုရင် အရှိန်အဟုန်နဲ့ တိုးတက်အောင် လုပ်လို့ ရမယ်လို့ ယုံကြည်ပါတယ်။

လူတော်တွေမှာလည်း အားနည်းချက် ရှိတတ်ကြပါတယ်။ များသောအားဖြင့် သူတို့ မလေးစားတဲ့ သူတွေရဲ့ သြဇာကို မနာခံချင်တတ်ကြပါဘူး။ ထင်တာလဲ လုပ်တတ်ကြပါတယ်။ နောက်တစ်ခုက လူတော်တွေကို ဆွဲစားတဲ့ လုပ်ရပ်တွေ။ အလကားရလို့ ခိုင်းတဲ့ ပုံစံမျိုး ခိုင်းနေတဲ့အတွက် လုပ်ချင်စိတ် ပျက်စီးစေပါတယ်။ တန်ဖိုးထားတဲ့ စိတ်၊ တန်ရာတန်ကြေးပေးရမယ်ဆိုတဲ့ စိတ် မြန်မာပြည်မှာ မကြုံဘူးသေးပါဘူး။ တကယ်တော့ မြင်းကောင်းကို သူရဲကောင်းကပဲ စီးနိုင်မှာပါ။

တကယ်တမ်း နိုင်ငံအတွက်အကျိုးရှိအောင် လုပ်ဖို့ဆိုတဲ့ စိတ် တစ်စိတ်တည်း ရှိနေကြမယ်။ ဘာအရောင်တွေ ဆိုးထားဆိုးထား ဒီအလံအောက်မှာနေပြီး ဒီနိုင်ငံအတွက် လုပ်ကြမယ်ဆိုရင် ရည်ရွယ်ချက်တူရင် အားလုံးပူးပေါင်းလို့ ရနိုင်ပါတယ်။ လူတွေ မူတွေထက် နိုင်ငံ့မျက်နှာကို ကြည့်ကြဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။

နိုင်ငံတော်မှာ သယံဇာတဆိုတာ စာတွေထဲမှာ သင်ခဲ့ရသလို မရှိတော့မှန်း အားလုံး သိနေကြမှာပါ။ ကျွန်တော်တို့မှာ တစ်ခုတည်းသော လက်ကျန် သယံဇာတက လူ့စွမ်းအား အရင်းအမြစ်ပါ။ ဒီတစ်ခုနဲ့ မြန်မာပြည်ကို ပြန်လည် ထူထောင်လို့ ရပါတယ်။

လက်ရှိ ပညာရေး ဘက်မှာ သုံးနေတဲ့ထဲ့ ရာခိုင်နှုန်း အနည်းငယ် သုံးခွင့်ရရင်ကိုပဲ လက်တွေ့ လုပ်ဆောင်လို့ ရတဲ့ နည်းလမ်းတွေ စဉ်းစားထားမိပါတယ်။ ထိရောက်အောင် လုပ်မယ်ဆိုရင် သိပ်မခက်ဘဲ လုပ်လို့ ရနိုင်ပါတယ်။ လုပ်ခွင့်ရမယ့် သူရှိရင် အကြံပေးချင်ပါတယ်ဗျာ....
...
Dr. အောင်ဝင်းထွဋ်

Please Share This Post

Share on Facebook Plus on Google+