ကမ္ဘာကြီးအစကို လေ့လာကြမည့် သိပ္ပံ ပညာရှင်များ နှင့် ငှက်ကလေး တစ်ကောင်

  • လျှပ်စစ် ဓာတ်အား ပြတ်တောက်မှုကြောင့် (Hadron collider) subatomic particle accelerator ကြီး (LHC) ကို ရပ်တန့်ထားရခြင်း
  • ငှက်ကလေး တစ်ကောင် ကြောင့် သိပ္ပံပညာရှင်များ စမ်းသပ်မှုကို ရပ်တန့်ထားရခြင်း

 ပုံ-၁ ဂျီနီဗာ မြို့ အနီးရှိ ATLAS မြေအောက် အဆောက်အဦးတွင်း ရှိ high-energy particle physics ကို လေ့လာနေသော ဥရောပ သိပ္ပံပညာရှင်များ အစည်းအရုံး (Cern) မှ သုတေသန ပြု တည်ဆောက် စမ်းသပ်နေသည့် အကြီးစား (Hadron collider) subatomic particle accelerator ကြီးကို အလယ်ဝန်ရိုးမှ မြင်ရသည့် ပုံဖြစ်သည်။
     တကယ်တော့ ဒီစက်ကြီးဟာ အချိန်ရဲ့ အစ (စကြဝဠာ အစ) က အဖြစ်အပျက် အခြေအနေမျိုးကို ပြန်လည် ဖန်တီးကြည့်ဖို့ မျှော်လင့်ချက်နဲ့ သိပ္ပံပညာရှင်များက တည်ဆောက် စမ်းသပ်နေတာ ဖြစ်ပါတယ်။ bigbang [http://en.wikipedia.org/wiki/Big_bang] အတု လုပ်မလို့ ပေါ့လေ။ အဲဒီလို ၃.၆ ဘီလီယံ ပေါင် ရင်းနှီးတည်ဆောက် ထားရတဲ့ စက်ကြီး (LHC) ဟာ စမ်းသပ် ဖို့ စီစဉ်ထားတဲ့ ဒီအပတ်ထဲမှာပဲ ပေါင်မုန့် ကိုက်ထားတဲ့ ငှက်တစ်ကောင် ပျံသန်းလာရင်း နဲ့ အဲဒီ ပေါင်မုန့် အပိုင်းအစလေးတစ်ခု စက်ထဲကျသွားရာကနေ စက်ကြီး အပူချိန်မြင့်တက်လာရတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ရပြီး စမ်းသပ်မှုကို ရပ်ထားခဲ့ ရပါတယ်။
     LHC ကို ပြီးခဲ့တဲ့ နှစ် စက်တင်ဘာ ၁၀ ရက်နေ့မှာ စတင် လည်ပတ်ခဲ့တာဖြစ်ပါတယ်။ ရူပဗေဒ ပညာရှင်များ အနေနဲ့ ဒီစက်ကြီးကို အသုံးချပြီး စကြာဝဠာထဲက အရာဝတ္ထုတွေကို (mass) အလေးချိန် ဖန်တီးပေးခဲ့တဲ့ Higgs boson ဒါမှမဟုတ် God particle ဆိုတဲ့ အမှုန် ရှိတယ်ဆိုတာကို သက်သေပြဖို့ မျှော်လင့်ခဲ့ကြတာပါ။
     စတင် လည်ပတ်တဲ့ အခါမှာ အလင်းအလျှင် (3*10 8 m/s) ရဲ့ ၉၉.၉ ရာခိုင်နှုန်း အရှိန်နဲ့ ပရိုတွန်တွေကို အရှိန်မြှင့် ပြီး collision လုပ်ပေးနိုင်ခဲ့ ပါတယ်။ ဒါပေမယ့် စတင် လည်ပတ်ပြီး ကိုးရက်မြောက်နေ့ ဖြစ်တဲ့ ၂၀၀၈ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှာပဲ ဟီလီယံ ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ပိတ်ပစ်ခဲ့ရပါတယ်။

ပုံ-၂ ၂၀၀၈ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့က ပျက်စီးသွားသော အစိတ်အပိုင်း
     ဂျီနီဗာ မြို့နားက မြေအောက် မီတာ ၁၀၀ ကျော်မှာ တည်ဆောက်ထားတဲ့ LHC စက်ကြီးကို အခုလောလောဆယ်တော့ ထပ်မံ လည်ပတ်ဖို့ သတ်မှတ်ထားတဲ့ ရက် မတိုင်မီ စမ်းသပ် နေဆဲမှာပဲ လျှပ်စစ်ဓာတ်အား ပြတ်တောက် သွားတဲ့ အတွက် တနင်္လာနေ့မှာ ရပ်တန့်ထားခဲ့ ရတာပါ။
     Cern ရဲ့ ပြောရေးဆိုခွင့် ရှိသူ ခရစ္စတင်း ဆက်တန် ရဲ့ ပြောပြချက်အရ သိပ္ပံပညာရှင်များ အနေနဲ့ စက်ရပ်သွားတဲ့ အကြောင်းရင်းကို သိရှိရအောင် မြေပြင်ပေါ်ကို တက်လာခဲ့ရတယ် လို့ ဆိုပါတယ်။ ပြဿနာဖြစ်ရတဲ့ အကြောင်းရင်းက လျှပ်စစ်ဓာတ်အား ပြတ်တောက် သွားလို့ ဖြစ်ရတာပါ လို့ ဆက်တန်က ဆိုပါတယ်။ လျှပ်စစ်ဓာတ်အားကို ပင်မဓာတ်အားပေး ကွန်ယက် ကနေ ရယူထားတာ ဖြစ်ပြီး အဲဒီနေရာကနေ ဓာတ်အား ပြတ်တောက် သွားရတာ ဖြစ်ပါတယ်။ အိမ်မှာ ဖြူးစ် ပြတ်တဲ့ အခါ မီးပြတ် သွားသလို မျိုးပေါ့။ စစ်ဆေးတဲ့ သူတွေ့လိုက်တာကတော့ ပါဝါ အဝင် မှာ ရှိတဲ့ compensating capacitor နားမှာ ပေါင်မုန့် အပိုင်းအစလေးတွေနဲ့ ပေါင်မုန့် စားနေတဲ့ ငှက်ကလေး တစ်ကောင်ပါပဲ။
     အဲဒီ ဘာမဟုတ်တဲ့ ဖြစ်ရပ်လေးကြောင့် LHC ကို အအေးပေးတဲ့ စက်ရုံတစ်ခု လျှပ်စစ်ဓာတ်အား ပြတ်တောက် သွားပြီး အပူချိန်တွေ အဆမတန် မြင့်တက် လာခဲ့ပါတယ်။ ဆူပါ လျှပ်ကူး သံလိုက် ကိုသုံးထားတဲ့ အဲဒီစက်ကြီးဟာ အပူချိန် absolute zero (-273.15C) အထက် 1.9C မှာ အမြဲ ရှိနေဖို့ လိုအပ်ပါတယ်။ ဒါမှလဲ ၁၆.၈ မိုင် ရှည်တဲ့ ပတ်လမ်းမှာ ပါတီကယ်တွေ collide လုပ်ဖို့အတွက် အကောင်းဆုံး အနေအထားကို ရမှာ ဖြစ်ပါတယ်။
     အလားတူ ဖြစ်ရပ်မျိုးကို စက်ကြီး စလည်ပြီး မကြာခင်ကပဲ ဖြစ်ပွားခဲ့ ပြီး တစ်နှစ်လောက် ပြင်ဆင်ဖို့ ရပ်နားခဲ့ ၇ပါတယ်။ အဲဒီတုန်းက ဝါယာကြိုး ချိတ်ဆက်မှု မှားယွင်းခဲ့ တာကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ ရပြီး -271C အထိ အအေးခံထားတဲ့ ဟီလီယံ ဓာတ်ငွေ့တွေ စက်ထဲကို ယိုစိမ့် ခဲ့ရပါတယ်။ ပြင်ဆင် စားရိတ် ပေါင်၂၃သန်း ကုန်ကျခဲ့ ရပြီး သိပ္ပံပညာရှင်တွေက နောင် ဒီလို ဖြစ်ရပ်မျိုး ဖြစ်လာခဲ့ရင် ကာကွယ်နိုင်ဖို့ စိတ်ချရတဲ့ စနစ် တစ်ခုကို ဒီဇိုင်းပြုလုပ်ခဲ့ ကြပါတယ်။
     ခုနောက်ဆုံး ဖြစ်ရပ်မှာတော့ စက်ကို ပြန်အအေးခံနေတဲ့ အချိန်သုံးရက်လောက်ပဲ စူပါ လျှပ်ကူး သံလိုက်တွေ ရပ်နားခဲ့ ရပါတယ်။ ဆက်တန် ရဲ့ အဆိုအရ နောက်ထပ် ဘယ်လို ပါဝါ ပြတ်တောက်မှုမျိုးကမှ အနာဂါတ် ပရောဂျက်တွေကို ထိခိုက်စေလိမ့်မယ် မဟုတ်ဘူးလို့ သိရပါတယ်။
     ပရိုတွန် အလင်းတန်းကို ချက်ခြင်း ဖယ်ရှားပစ်နိုင်မယ့် စိတ်ချရတဲ့ စံနစ်တစ်ခု တည်ဆောက်ပြီး ဖြစ်တယ်လို့ သူမက ဆိုပါတယ်။ အအေးခံထားတဲ့ ဂရပ်ဖိုက် အတုံးကြီးထဲကို ပရိုတွန် အလင်းတန်းကို လမ်းကြောင်းပြောင်း လိုက်တာပဲ ဖြစ်ပါတယ်။ ပရိုတွန်တွေဆီက စွမ်းအင်တွေကို အဲဒီ ဂရပ်ဖိုက်က စုပ်ယူလိုက်မှာ ဖြစ်ပါတယ်။ ဒီစံနစ်က နောင်ဖြစ်လာနိုင်တဲ့ အခြား ဖြစ်ရပ်တွေ ဥပမာ မိုးကြိုး လျှပ်စီးကြောင့် ဓာတ်အား ပြတ်တောက်မှုတွေမှာ အသုံးတည့်လာမှာ ဖြစ်ပါတယ် ခင်ဗျား။
မူရင်း စာရေးသူ
Adam Gabbatt
အကိုးအကား
guardian.co.uk, Friday 6 November 2009 19.27 GMT
ဘာသာပြန်ဆိုသူ

Please Share This Post

Share on Facebook Plus on Google+

1 ယောက်က ဒီလိုပြောတယ်: