မြန်မာနိုင်ငံ ပညာရေးအတွက် အကြံပြုချက်များ



ပညာရေးအတွက် တော်တော်လေး အန္တရာယ်ရှိတဲ့ ကိစ္စပဲလို့ ယူဆမိတဲ့အတွက် စေတနာ သန့်သန့်နဲ့ အမုန်းခံပြီး တင်ပြလိုက်ရခြင်း ဖြစ်ပါတယ် ခင်ဗျာ။ ကျောင်းတွေမှာ သင်ကြားပုံ အားနည်းတာ လက်ခံပါတယ်။ မဖြစ်မနေ ပြင်ဆင်ရမယ့် ကိစ္စပါ။ ဆရာတွေကိုလဲ သေသေချာချာ လေ့ကျင့် မွေးထုတ်ပေးပြီး ထိုက်တန်တဲ့ လေးစားမှုနဲ့ လစာ၊ အခွင့်အလမ်းတွေ ပေးကြရမှာပါ။ ဒါပေမယ့် ကျောင်းက သင်တဲ့ ပညာတွေကို ပစ်ပယ်ရမှာတော့ မဟုတ်ပါဘူး။
...
အသက်မွေးဝမ်းကျောင်းတဲ့ ပညာနဲ့ တက္ကသိုလ်ပညာ မတူပါဘူး။ ကားပြင်တဲ့ ပညာနဲ့ ကားအသစ်တွေ တီထွင်တဲ့ ပညာ မတူပါဘူး။ အသက်မွေးဝမ်းကျောင်းပညာနဲ့ ပက်သက်ပြီးတော့ ကျွန်တော် လေ့လာခဲ့ပြီး ဥပဒေကြမ်းတစ်ခု အကြမ်းရေးပေးခဲ့ဘူးတဲ့အတွက် အတော် လေ့လာခဲ့ဘူးပါတယ်။ မြန်မာပြည်မှာ ဦးစားပေးလုပ်သင့်တဲ့ လုပ်ငန်းဖြစ်ပြီး အဓိကကျပါတယ်။ ဒါပေမယ့် တကယ်တော်တဲ့ အင်ဂျင်နီယာတွေ၊ ပညာရှင်တွေလဲ မွေးထုတ်ကြရမှာပါ။
...
အင်ဂျင်နီယာပေမယ့် ဒီဇိုင်းထုတ်တဲ့သူ ဖြစ်နေမယ်ဆိုရင် ကားပြင်တဲ့သူလောက် ကားပြင်တဲ့နေရာမှာ မတော်နိုင်ပါ။ ဥပမာ ကျွန်တော့်အနေနဲ့ E.P နဲ့ Ph.D ရထားပါတယ်။ ကျွန်တော့်ကို အိမ်မှာ မီးဆင်ခိုင်းရင် သေသပ်မယ်လို့ အာမ မခံနိုင်ပါဘူး။ 
...
ဒါပေမယ့် မီးဆင်တဲ့ သူတွေ မလုပ်နိုင်တဲ့ မော်တာ ဒီဇိုင်းတွေ၊ အဲဒီ ဒီဇိုင်းတွေအရ ဘယ်လောက် millisecond မှာ ဘာတွေ ဖြစ်မယ်ဆိုတဲ့ အသေးစိတ် လေ့လာစမ်းစစ်ချက်တွေလုပ်ပြီး အဲဒီ ဒီဇိုင်းကို ပြုပြင်တာတွေ၊ Warranty ပေးဖို့ ဆုံးဖြတ်ချက်ချတာတွေကို လုပ်နိုင်သလို အဲဒီလို လုပ်နိုင်တဲ့ Equation အသစ်တွေကို တီထွင်နိုင်ခဲ့ပါတယ်။ အဲဒီ Equation အသစ်တွေ အကုန်လုံးဟာ Series of differential equation တွေပါ။ အဲဒီပညာတွေဟာ မော်တာ စက်ရုံတွေမှာ အသက်သွေးကြောပါပဲ။ ဒါတွေ မရှိဘဲ ထုတ်လုပ်မှု လုပ်လို့ကို မရတာပါ။
...
မော်တာ အလုံးရေ သန်းနဲ့ချီပြီး ထုတ်နေရတဲ့အချိန် မော်တာတစ်လုံးကို တစ်ဒေါ်လာကွာသွားတာ၊ အရည်အသွေး နဲနဲလေးကွာသွားတာကြောင့် အများကြီး သက်သာသွားအောင်၊ လူသုံးများလာအောင် စတာတွေ အကုန်လုံးကို အဆုံးအဖြတ်ပေးတဲ့ ပညာပါ။ နောက်တစ်ခုက သူတို့ နိုင်ငံမှာ အရည်အသွေးကို စနစ်တကျ စစ်ဆေးပြီးမှ တင်သွင်း ရောင်းချခွင့် ပေးတာပါ။
...
အဲဒီအရည်အသွေး efficiency မရှိဘဲ တင်သွင်းရောင်းချရင် ဒဏ်အကြီးအကျယ်တပ်ပါတယ်။ ဒါကြောင့် အဲဒီ ဘောင်ဝင်အောင် ဒီလိုပညာတွေကို အရေးတကြီး သုတေသန ပြုကြရတာပါ။ ဒါမှလဲ တစ်အိမ်ကို သုံးလေးလုံး သုံးနေတဲ့ မော်တာတွေ (ရေစုပ်စက်၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်) တစ်နိုင်ငံလုံးနဲ့ ချီပြီး တွက်လိုက်တော့ လျှပ်စစ်ဓာတ်အား အလဟသ ပြုန်းတီးမှု များစွာကို လျှော့ချနိုင်တာ ဖြစ်ပါတယ်။
...
 မြန်မာပြည်မှာ အဲဒီလို စက်မှုလုပ်ငန်းတွေ မဖွံ့ဖြိုး အသုံးမချတတ်တော့ အဲဒီပညာရပ်တွေဟာ နဂါးမရှိတဲ့ အရပ်မှာ နဂါးဖမ်းတဲ့ပညာ တတ်ထားသလိုပဲ ပိုက်ဆံ ရှာလို့ မရပါ။ ဒါဟာ ပညာရပ်က အသုံးမကျတာမဟုတ်ဘဲ အဲဒီပညာရပ်ကိုသုံးမယ့် နယ်ပယ်မဖွံ့ဖြိုးတာပါ။
...
အဲဒီအချိန်မှာ မီးဆင်တဲ့ သူတွေက ငါတို့က နေ့တိုင်း ပိုက်ဆံ သောက်သောက်လဲ ရနေတာ၊ မင်းပြောတဲ့ ပညာတွေ မတတ်လဲ အေးဆေးပဲလို့ ပြောလို့ရပါတယ်။ ဒါက အခြေအနေ အချိန်အခါနဲ့ပဲ ဆိုင်တာပါ။ ... ပြောပြချင်တာက အများကြီး ရှိပါတယ်။ အဓိက လုပ်သင့်တယ်လို့ ကျွန်တော် ယူဆတာတွေကိုပဲ ဆွေးနွေးချင်ပါတယ်...
...
၁။ ကျောင်းတွေက သင်ရိုးတွေကို ပြန်စိစစ်ပြီး ခေတ်မီအောင် လုပ်ကြရပါမယ်။
၂။ အသက်မွေးဖို့ ပညာပဲ သင်ချင်တဲ့ သူတွေအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းတွေကို ဈေးနှုန်းသက်သာပြီး နိုင်ငံတကာ အသိအမှတ်ပြုအောင် တကယ်တတ်အောင် သင်ပေးကြရပါမယ်။

ကွန်မင့် တစ်ခုမှာ ကို Yan Naung Soe ထောက်ပြခဲ့သလိုမျိုး သက်မွေး ပညာသင်ကျောင်းတွေသာမက သက်ကြီးတက္ကသိုလ်တွေ၊ လုပ်သားကောလိပ်တွေ၊ညကျောင်းတွေ၊ အွန်လိုင်း တက္ကသိုလ်တွေပါ လိုအပ်ချက်အရ တည်ထောင်ပေးသွားရမှာ ဖြစ်ပါတယ်။ သက်မွေးပညာအသိအမှတ်ပြုလက်မှတ်ရတဲ့ သူတွေကို ပြည်တွင်း ပြည်ပ အလုပ်အကိုင်များ ရရှိနိုင်အောင် တရားဝင် ကူညီဆောင်ရွက်ပေးဖို့လဲ လိုအပ်နေပါသေးတယ်။ သက်မွေးပညာရေးဟာ စက်မှုလုပ်ငန်းများနဲ့ တိုက်ရိုက် ပက်သက်နေလေ့ ရှိပါတယ်။ အထူးသဖြင့် အိုင်တီ လုပ်ငန်းများဟာလည်း ယနေ့ခေတ်သစ် စက်မှုလုပ်ငန်း တစ်မျိုးလို့ ဆိုနိုင်ပါသေးတယ်။ ၎င်းလုပ်ငန်းတွေဟာ ဒီသက်မွေးပညာရေးကို အကြံပြုတောင်းဆိုခွင့်၊ ဝင်ရောက် ပူးပေါင်းခွင့်၊ အရည်အချင်းသတ်မှတ်ခွင့် စတာတွေ ရဖို့ အထူးအရေးကြီးပါတယ်။ စက်မှုလုပ်ငန်းတွေက တကယ်လိုတဲ့ အချက်တွေကို သူတို့ကိုယ်တိုင်က အသိဆုံးဖြစ်ပြီး သူတို့အတွက် တကယ်လိုအပ်တဲ့ ပညာသည်တွေကို မွေးထုတ်ပေးတဲ့ ကိစ္စမှာ သူတို့ အကူအညီဟာ တကယ် အရေးပါပါတယ် ခင်ဗျာ။
...
၃။ တက္ကသိုလ်တွေက ဆရာများအနေနဲ့ မိမိဘာသာရပ်ကို တကယ်လက်တွေ့ အသုံးချမှုများနဲ့ တွဲပြီး သင်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အပြင်မှာ ကျောင်းသားအနေနဲ့ မိမိဘာသာ လေ့လာနိုငပေမယ့် ဆရာနဲ့ စနစ်တကျ လေ့လာခြင်းဖြင့် အဆပေါင်းများစွာ အချိန်ကုန် သက်သာသွားစေပြီး တကယ်လက်တွေ့ သုံးတတ်တဲ့ အဆင့်အထိ သင်ပေးတယ်လို့ လက်ခံလာတဲ့ အထိ သင်ပေးကြရမှာပါ။
...
၄။ တက္ကသိုလ်တွေမှာ နည်းပညာ ပလက်ဖောင်းတွေ စနစ်တကျ တည်ဆောက်ကြရပါမယ်။ တစ်ယောက်လုပ်ပြီးသား အများ ဆက်သုံးနိုင်တဲ့ စနစ်မျိုး၊ ဖောင်ဒေးရှင်းကနေ စပြီး တည်ဆောက်သင့်ပါတယ်။ မာစတာတွေ၊ ပီအိတ်ချ်ဒီတွေ သုတေသန လုပ်ငန်းတွေကို ဖောင်ဒေးရှင်းရဲ့ အစိတ်အပိုင်းတွေအဖြစ်နဲ့ ဆက်စပ်ပြီး စနစ်တကျ အသုံးချရပါမယ်။ OpenSource စနစ်ကို စတင်ကျင့်သုံးသင့်ပါတယ်။
...
၅။ ပြင်ပက လုပ်ငန်းခွင်များနဲ့ ကျောင်းက ပညာရှင်များ လက်တွဲပြီး သုတေသန လုပ်ခြင်း၊ ပြသနာများ အဖြေရှာခြင်း၊ စာတမ်းဖတ်ခြင်း၊ ပြိုင်ပွဲများ လုပ်ခြင်း.... အစရှိတဲ့ နည်းပညာ ပေါင်းကူး လုပ်ငန်းများ တွင်တွင်ကျယ်ကျယ် ပြုလုပ်ပေးရပါမယ်။ ကျောင်းသား oriented ဖြစ်ရမှာ ဖြစ်ပြီး ကျောင်းသားများကို ဦးဆောင်စေသင့်ပါတယ်။
...
၆။ မာစတာနဲ့ ပီအိတ်ချ်ဒီများကို ဒုံးပျံတွေ၊ နယူကလီးယားတွေထက် မြန်မာပြည်မှာ တကယ်တမ်း လိုအပ်နေတဲ့ အခြေခံကျတဲ့ နည်းပညာဖောင်ဒေးရှင်းကို တည်ဆော်ကဖို့ ရည်ရွယ်ပြီး အောက်ခြေကနေ စပြီး လုပ်ခိုင်းကြရမှာပါ။ သူများ အဆင့်မီတာ မမီတာထက် ကျွန်တော်တို့ဆီမှာ မရှိသေးတဲ့ နည်းပညာ စနစ်တကျ ကျန်ခဲ့ဖို့ကိုပဲ အာရုံစိုက်သင့်ပါတယ်။ ဝမရှိဘဲ ဝိ မလုပ်သင့်ပါဘူး။
...
၇။ ကျောင်းအချင်းချင်းလဲ နည်းပညာဖလှယ်မှု တွင်တွင်ကျယ်ကျယ်လုပ်ကြရမှာပါ။ ဒါမှ Reinvention of wheel မဖြစ်ကြမှာ ဖြစ်ပါတယ်။ အင်တာနက်ကို တီထွင်ရတဲ့ အကြောင်းတွေထဲမှာ အဲဒီတစ်ချက်လည်းပါပါတယ်။
...
၈။ မြန်မာပြည်မှာ ဘယ်သူက ဘာလုပ်နေမှန်းမသိဘဲ လုပ်ပြီးသားတွေကိုပဲ ထပ်တလဲလဲ လုပ်နေကြတာ တော်သင့်ပါပြီ။ အဲလိုသိနေအောင် တပြည်လုံးအတိုင်းအတာနဲ့ သုတေသန ဂျာနယ်များ၊ reference journal များ ထုတ်ဝေ ရေးသားကြရမှာပါ။
...
၉။ ကျောင်းသားများကလဲ မသိရင်မေးပါ။ ကိုယ်သင်တာ ဘာအတွက်မှန်းမသိရင် သင်တဲ့ ဆရာကို ရအောင်မေးကြရမှာပါ။ ဒါဟာ ကျောင်းသားများအတွက် Right ဖြစ်ပါတယ်။ ဆရာတွေကလဲ ကိုယ့်အားနည်းချက်ကို အရှိအတိုင်းလက်ခံပြီး ဖြည့်စွက် ပြုပြင်ခြင်းဖြင့် ဝမ်းစာပြည့်အောင်၊ ပရို ဖြစ်အောင် တဖြည်းဖြည်း ဖြည့်ဆည်းကြရမှာပါ။
...
၁၀။ ကျောင်းသားအချင်းချင်း စာဆွေးနွေးနိုင်တဲ့ ကွန်ယက်တွေဟာ အရေးတကြီး လိုအပ်ပါတယ်။ ဆရာတစ်ယောက် မရှင်းနိုင်တာကို အခြားဆရာတစ်ယောက်ယောက်က ကူညီရှင်းပြပေးနိုင်ပါလိမ့်မယ်။
...
၁၁။ ဆရာများကလည်း မိမိတို့ဟာ မပြီးဆုံးနိုင်တဲ့ ပညာရပ်များကို လေ့လာနေရတဲ့ ကျောင်းသားများသာဖြစ်ကြလို့ မိမိတို့ တပည့်များအပါအဝင် အခြား ပညာရှင်များ၊ ဆရာများ၊ လူငယ်များဆီကပါ အဆက်မပြတ် လေ့လာသင်ယူကြရမှာ ဖြစ်ပြီး မာန်မာန မထားကြဖို့ ဖြစ်ပါတယ်။ အချို့ ကျောင်းများက ဆရာအချို့ဟာ အာဏာရှင်ထက်ဆိုးနေတယ်ဆိုတာ ကြားနေရပါတယ်။ ဆရာ လို့ ခေါ်နေကြတာဟာ ကျောင်းသားတွေကို ပုခုံးနဲ့ထမ်းတင်ပြီး မိမိထက် မြင့်မားတဲ့ နေရာကို ပို့ဖို့ ဖြစ်တယ်ဆိုတဲ့ အဓိက ဆိုလိုရင်းကို မမေ့ကြစေလိုပါဘူး ခင်ဗျာ။
...
၁၂။ တက္ကသိုလ်တွေ၊ ကျောင်းတွေ၊ ကျောင်းသား အဆောင်တွေမှာ အင်တာနက် ကောင်းကောင်းရဖို့က စာကြည့်တိုက် ကောင်းကောင်းတွေ ရှိဖို့လောက်ကိုပဲ အရေးကြီးပါတယ်။ ရန်ပုံငွေ လုံလောက်အောင် ရှာပြီး ဖြည့်ဆည်းပေးရပါမယ်။ အင်တာနက် ရတဲ့ သူနဲ့ မသုံးနိုင်တဲ့ သူကြား ပညာရေး ကွာဟချက် မတန်တဆဖြစ်လာမှာ စိုးရိမ်လို့ တရုတ်က ကြိုးစားခဲ့တာကို နှစ်ပေါင်းများစွာ ကတည်းက အားကျနေခဲ့မိပါတယ်။
...
၁၃။ ကျောင်းဆရာများဟာ အထက်ပါ လုပ်ငန်းစဉ်များကို အဓိကထား လုပ်ဆောင်ခွင့်ရရန် လိုအပ်ပြီး မသက်ဆိုင်တဲ့ အလုပ်များကို တာဝန်ပေးအပ်ခံရခြင်း မရှိစေရပါ။ အခြားတာဝန်များကို ထမ်းဆောင်ရန် မည်သူ့ကိုမဆို ဝန်ထမ်းအဖြစ် ခန့်အပ် ခိုင်းစေနိုင်သော်လည်း ဆရာများကဲ့သို့ အရည်အသွေးပြည့်ဝသူများ၏ အချိန်များကို အလဟသ ဖြုန်းတီးခြင်းမပြုရပါ။ သို့မှသာ ဆရာများအနေဖြင့် တန်ဖိုးရှိသော လူ့စွမ်းအားအရင်းအမြစ်များကို ထိရောက်စွာ မွေးထုတ်ပေးနိုင်ရေးအတွက် အပြည့်အဝ အာရုံစိုက်နိုင်မည် ဖြစ်ပါသည်။
...
၁၄။ လူမှန် နေရာမှန် ဖြစ်ဖို့ အရေးကြီးလာပြီ ဖြစ်ပါသည်။ ဝန်ကြီးမှစ၍ မူကြိုဆရာမ အဆုံး သူ့နေရာနှင့် သူ၊ သင့်တော်သူကိုသာ စနစ်တကျ စီစစ်ရွေးချယ်၍ မှန်ကန်စွာ ခန့်ထားကြရမည် ဖြစ်ပါသည်။ ဤအချက် တစ်ချက်တည်းကပင် ပညာရေး စနစ်ကြီးကို များစွာ ပြောင်းလဲစေနိုင်မည်ဟု ယူဆမိပါသည်။ ထို့ပြင် ယခင်က ချောင်ထိုးခံထားရသော လူတော်များစွာကို ပြန်လည်စီစစ်ကာ တာဝန်ကမ်းလှမ်း၍ နေရာပေးကြရမည် ဖြစ်ပါသည်။ လက်ရှိ လူတော်များကိုပင် ထိရောက်အောင် မသုံးနိုင်ပါက လူသစ်မွေးလဲ ထူးအံ့မထင်ပါ။
.....
၁၅။ ပညာတတ်ပြီးရင် သုံးရမယ့် နယ်ပယ်တွေ ထွန်းကားနေဖို့လည်း အထူးလိုအပ်ပါတယ်။ ဒါကတော့ ပညာရေးရဲ့ ဘောင်ကိုကျော်သွားပြီ ဖြစ်လို့ သက်ဆိုင်ရာ အစိုးရများက တာဝန်ယူဖြေရှင်းကြရမှာ ဖြစ်ပါတယ်။
...
၁၆။ နောက်တစ်ချက်က ဆရာ၊ ဆရာမ အလုပ်ဟာ ထမင်းငတ်တဲ့ အလုပ်၊ ဘယ်သူမှ မလုပ်ချင်တဲ့ အောက်ကျ နောက်ကျ အလုပ် ဖြစ်နေလို့ မရပါဘူး။ Garbage In Garbage Out ဆိုသလို input မထည့်ဘဲ output ကောင်းကောင်း လိုချင်တာ သဘာဝမကျ မဖြစ်နိုင်ပါဘူး။ ဆရာတွေကို စီစစ်ရွေးချယ်ရမှာ ဖြစ်သလို ထိုက်တန်တဲ့ လစာနဲ့ ရပိုင်ခွင့်တွေ ပေးရမှာပါ။ ဒီနေရာမှာ ငွေကို ချွေတာနေဦးမယ်ဆိုရင်တော့ ဒုံရင်းက တက်ဖို့ မမြင်ပါဘူးခင်ဗျာ။ 
....
၁၇။ အစားကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရတယ်ဆိုသလို အကောင်းဆုံးတွေရဖို့ အချိန်ကို ဆယ်စုနှစ် တစ်စုစာခန့် အသုံးပြုရနိုင်ပါတယ်။ ဖြည်းဖြည်းချင်း အဆင့်မြှင့်တဲ့ နေရာတွေ ရှိနိုင်သလို တစ်ခါတည်းလေ့ကျင့် တစ်ခါတည်း အစားထိုးတဲ့ စနစ်ကိုလည်း အချို့နေရာတွေမှာ အသုံးပြုသွားရမှာပါ။
....
၁၈။ နိုင်ငံတော်အဆင့် စီမံကိန်းများဟာ ရေရှည် အမြော်အမြင်နဲ့ စနစ်တကျ ရေးဆွဲသွားရမှာ ဖြစ်ပြီး ၎င်း စီမံကိန်းများရဲ့ လိုအပ်ချက်များအရ အနာဂါတ်တွင် လိုအပ်လာနိုင်သော လူ့စွမ်းအား အရင်းအမြစ်များကို စနစ်တကျ စာရင်းပြုစုထားရမည် ဖြစ်ပါသည်။ ၎င်းလိုအပ်ချက်များကို ပြည့်မှီလာစေရန် ပညာရေးဝန်ကြီးဌာနနှင့် စနစ်တကျ ချိတ်ဆက် လုပ်ကိုင်ရမှာပါ။ လိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့ နည်းပညာရပ်တွေကို ကုဒ်တွေ ခွဲပြီး လိုတဲ့ အရေအတွက်ကို ခန့်မှန်းရပါမယ်။ အဲဒီ ကုဒ်တွေ အလိုက် လိုအပ်တဲ့ ခန့်မှန်းချက်တွေကို ပညာရေးဌာနက သင်ရိုးများ တိကျစွာ ရေးဆွဲပြီး ဘွဲ့များ၊ ဘွဲ့လွန်များ၊ ကျွမ်းကျင်ပညာသည် certificate များအနေဖြင့် မွေးထုတ်ပေးဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ် ခင်ဗျာ။
...
ဒီအကြံပြုချက်များဟာ အကြမ်းဖျဉ်းသာဖြစ်ပြီး အသေးစိတ် စာတမ်းပြုစုဖို့ ရည်ရွယ်ထားပါတယ်။ ကျောင်းသား ကျောင်းသူများကို ကျွန်တော့် သားသမီးများကဲ့သို့ မေတ္တာစေတနာ သန့်သန့်ထားကာ ကျွန်တော် သိသမျှ အကောင်းဆုံးလို့ ထင်တဲ့ အကြံများ ပေးနေခြင်းသာ ဖြစ်ပါတယ် ခင်ဗျာ။ တကယ်လို့ မီဒီယာများမှ အသုံးပြုလိုလျှင် Credit ပေးပြီး စိတ်ကြိုက် ယူသုံးနိုင်ပါတယ် ခင်ဗျာ..
Dr. Aung Win Htut 
PDF ဖြင့် ရယူရန် https://www.dropbox.com/s/eynuph4fn6dv4j6/Eductaion%20MM.pdf?dl=0

Please Share This Post

Share on Facebook Plus on Google+

1 ယောက်က ဒီလိုပြောတယ်:

English စာကို ကျွမ်းကျင်တဲ့ဆရာတွေက
videos တွေလုပ်ပြီးသင်ပေးစေလိုပါတယ်။
Radios တွေကနေ level ခွဲပြီးသင်
internet ကနေလဲသင်
ပြည်သူတွေ English ကောင်းပြီး
internet connection
ကောင်းမယ်ဆိုရင် ပညာရေးက
ကောင်းလာမယ်ထင်ပါတယ်။
နောက် တခုက အာမခံလုပ်ငန်း
တွင်ကျယ်လာစေချင်ပါတယ်။
ထိုင်းမှာလို နေမကောင်းရင်
အာမခံလုပ်ငန်းက
လာရှင်းသွားတာမျိုးဖြစ်စေချင်ပါတယ်။