
နှစ်သစ်ကူးတဲ့ အမှတ်တရ အချိန်လေးမှာ ကျွန်တော့်မိတ်ဆွေများကို လက်ဆောင်လေး တစ်ခုပေးချင်ပါတယ်။ ကျွန်တော့်အနေနဲ့ ငွေကြေး မချမ်းသာတဲ့အတွက် ပိုက်ဆံနဲ့ ဝယ်လို့ရတဲ့ လက်ဆောင်တွေကို ဝယ်မပေးနိုင်ပေမယ့် အခမဲ့ရတဲ့ အရမ်းကောင်းတဲ့ Open Source E-Library Software လေးတစ်ခုအကြောင်း အသိပေးချင်ပါတယ်။ နည်းပညာကို ကျွမ်းကျင်တဲ့ သူများအတွက်၊ သိပြီးသားလူများအတွက် မထူးခြားပေမယ့် ထိရောက်အောင် အသုံးပြုနိုင်တဲ့ နေရာများစွာရှိနေသေးတာကြောင့် အသိပေးရခြင်း ဖြစ်ပါတယ်ခင်ဗျာ။
ကျွန်တော် ebook များကို စတင်စုဆောင်းချိန်ကစပြီး အဲဒီ စာအုပ်တွေများလာလေလေ ထိန်းသိမ်းရ ခက်ခဲလေလေ ဖြစ်လာပါတယ်။ အထူးသဖြင့် အခြားသူများကို ဝေမျှ ပေးချင်တဲ့အခါမျိုးမှာ ထောင်ချီနေတဲ့ စာအုပ်တွေထဲက ကိုယ်လိုချင်တာတွေကို တစ်စုတစ်စည်းတည်း ရှာထုတ်ဖို့ ခဲယဉ်းလာပါတယ်။
ဒါကြောင့် Ebook Managemanet software များကို စမ်းသပ် သုံးခဲ့ပါတယ်။ တစ်ခုမှ စိတ်တိုင်း မကျခဲ့ပါဘူး။ နောက်ဆုံး ကျွန်တော့် စီနီယာ ကိုစိုင်းအုန်းမြတ်ဝင်းက Calibre ဆိုတဲ့ software လေးကို လာပေးတော့မှပဲ အဆင်ပြေသွားခဲ့ပါတယ်။ ကျွန်တော့်လို စာအုပ်စုဆောင်းသူတွေနဲ့ ကျောင်းသားတွေ အတွက် Calibre ကို အသုံးချပြီး ebooks တွေ အလွယ်တကူ စီမံခန့်ခွဲနိုင်ဖို့နဲ့ E-library server အနေနဲ့ အသုံးချနိုင်ဖို့ရည်ရွယ်ပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။
Calibre ကို http://calibre-ebook.com/download ကနေ Windows, Mac, Linux အားလုံးအတွက် အခမဲ့ download ရယူနိုင်ပါတယ်။ ပြီးရင် အလွယ်တကူ install လုပ်လို့ ရပါပြီ။ ပထမဆုံး အကြိမ်မှာတော့ Library အနေနဲ့ စာအုပ်တွေကို သိမ်းရမယ့် နေရာကို တောင်းပါလိမ့်မယ်။ မိမိ နှစ်သက်ရာ နေရာလွတ် တစ်ခုခုမှာ Folder တစ်ခု သတ်သတ်မှတ်မှတ် တည်ဆောက်ပြီး ရွေးချယ်ပေးလိုက်ပါ။
စာအုပ်တွေ ထည့်သွင်းဖို့ အတွက်ကတော့ ပထမဆုံး PDF ဖိုင်တွေကို အမည်သေချာ ပေးထားရပါမယ်။ ပေးရမယ့် ပုံစံက "စာအုပ်အမည် - စာရေးသူအမည်" ဆိုပြီး ပြင်ဆင်ပေးရပါမယ်။ ဥပမာ "Basic Android Programming - Dr. Aung Win Htut" ဆိုတဲ့ ပုံစံမျိုးပါ။ စာအုပ်တွေကို နာမည်တွေ ပေးပြီးတာနဲ့ ဆော့ဝဲရဲ့ ဘယ်ဘက် အပေါ်ထောင့်နားက အနီရောင် ကွင်းခတ်ပြထားတဲ့ Add Books ဆိုတဲ့ ခလုတ်ကို နှိပ်ပြီး စာအုပ်တွေရှိတဲ့ နေရာကိုသွား၊ စာအုပ်များကို ရွေးချယ် ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။
မလိုတော့တဲ့ စာအုပ်တွေကို ဖယ်ရှားပစ်ဖို့ အတွက်ကတော့ အဝါရောင် ကွင်းခတ်ပြထားတဲ့ အမှိုက်ပုံးပုံလေးကို နှိပ်ရမှာ ဖြစ်ပါတယ်။
E-Library Server အနေနဲ့ အသုံးပြုချင်ရင်တော့ အဖြူရောင် ကွင်းခတ်ပြထားတဲ့ ခလုတ်ကို နှိပ်ရမှာပါ။ အသေးစိတ် အသုံးပြုပုံများကို နောက်မှ ထပ်မံ ရေးသားပေးမှာဖြစ်ပါတယ်ခင်ဗျာ။