ဒီဆောင်းပါးလေးကို ကျွန်တော်တို့ အ.ထ.က(၁) သင်္ဃန်းကျွန်းရဲ့ နှစ် (၆၀) ပြည့် အထိမ်းအမှတ် မဂ္ဂဇင်းအတွက် ရေးသားပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။ အားလုံး ဖတ်လို့ရအောင် ဒီနေရာမှာ ပြန်လည် တင်ပေးခြင်း ဖြစ်ပါတယ် ခင်ဗျာ။
ကျွန်တော်အနေနဲ့ ကျောင်းသားဘဝကို အနှစ် အစိတ်နီးပါး ဖြတ်သန်းခဲ့ရပါတယ်။ ကျောင်းသားဘဝ ပြီးပြန်တော့လဲ ဆရာပြန်ဖြစ်ပြီး ဆက်လက်လေ့လာနေရဆဲပါ။ ကျွန်တော့်ကိုယ် ကျွန်တော် အမြဲတမ်း ကျောင်းသားတစ်ယောက်အဖြစ် ခံယူပြီး အဆက်မပြတ် လေ့လာသင်ယူနေပါတယ်။ ဒီပညာသင်နှစ်တွေထဲမှာ ကျွန်တော် ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးအချို့ကို နောက်မျိုးဆက်သစ် ညီငယ်၊ ညီမငယ်များ သင်ခန်းစာယူနိုင်စေဖို့ ပြောပြခဲ့ချင်ပါတယ် ခင်ဗျာ။
ကျွန်တော်ဟာ သိပ်တော်တဲ့ ကျောင်းသားတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။ ပြောစမှတ် တွင်ရလောက်အောင်လဲ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ ပညာကို လိုလားငတ်မွတ်တဲ့စိတ်၊ ထက်သန်တဲ့စိတ် နဲ့ ခံယူချက်တွေကြောင့် နှစ်အကြာကြီး ကျောင်းသားဘဝကို ခံယူဖြစ်ခဲ့ပါတယ်။ ဒီဆောင်းပါးမှာ သာမန် ကျောင်းသား/ကျောင်းသူ တစ်ယောက်အနေနဲ့ အကျိုးရှိရှိ အသုံးချနိုင်မယ့် နည်းလမ်းရိုးရိုးလေးတွေကို တင်ပြပေးသွားမှာပါ။
ပထမဆုံး စာဖတ်နည်းကို ဆွေးနွေးတင်ပြလိုပါတယ်။ ဖတ်စာအုပ်တွေကို လေ့လာမယ်ဆိုရင် ပထမဆုံး စာအုပ်ကို ရင်းနှီးအောင် လုပ်ရပါတယ်။ မရောက်ဘူးသေးတဲ့ မြို့တစ်မြို့ကို အကြမ်းဖျဉ်း လေ့လာရေး ဆင်းသလိုမျိုး စာမျက်နှာ စုံသလောက် ရှိအောင် ခပ်မြန်မြန် လှန်ဖတ်ကြည့်စေချင်ပါတယ်။ အဲဒီလို ဖတ်တဲ့ အခါမှာ ခေါင်းစဉ်တွေ၊ ရုပ်ပုံတွေ၊ ဇယားတွေ၊ ညီမျှခြင်းတွေကိုတော့ မြင်ဖူးအောင် နဲနဲအာရုံစိုက်ပြီး မှတ်သားစေချင်ပါတယ်။ နှစ်ခေါက်လောက် အဲဒီလို အကြမ်းဖျဉ်း ဖတ်ပြီးတဲ့အခါမှာ မာတိကာကို သေသေချာချာ ဖတ်ဖို့ အကြံပြုလိုပါတယ်။ မာတိကာဟာ စာအုပ်တစ်အုပ်အတွက် မြေပုံတစ်ခုလိုပါပဲ။ ကိုယ်သွားချင်တဲ့ နေရာတွေကို ထိထိရောက်ရောက် ခရီးဆက်နိုင်ဖို့ အကူအညီပေးပါတယ်။ မှတ်သားလိုတဲ့ စာမျက်နှာတွေကို bookmark တွေသုံးပြီး စနစ်တကျ မှတ်သားထားစေချင်ပါတယ်။ ကပ်ရ ခွာရ လွယ်ကူပြီး အရောင်စုံပါတဲ့ bookmark တွေကို ဆောင်ထားသင့်ပါတယ်။
စာအုပ်ကို တကယ်တမ်း ဖတ်တဲ့ အချိန်မှာ ကိုယ်စိတ်အဝင်စားဆုံး နေရာက စဖတ်နိုင်သလို အစမှ အဆုံး အစဉ်အတိုင်းလဲ ဖတ်ရှုနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကျောင်းစာအုပ်တွေနဲ့ နည်းပညာပိုင်းဆိုင်ရာ စာအုပ်တွေကို ဖတ်တဲ့အခါမှာ စာရေးသူအကြောင်း၊ အမှာစာနဲ့ မာတိကာတွေကို ဖတ်ပြီးတာနဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးနေရာကနေ စဖတ်ဖြစ်ပါတယ်။ ဖတ်ရင်း ရှေ့က ဖေါ်ပြထားတဲ့ အကြောင်းအရာများကို သိဖို့ လိုအပ်လာမှ ရှာဖတ်လေ့ရှိပါတယ်။ အဲဒီလို ရွေးချယ်ဖတ်ဖို့အတွက် Index ကို သုံးပြီး ကိုယ်သိချင်တဲ့ အကြောင်းအရာ ပါဝင်တဲ့ စာမျက်နှာတွေကို ရှာဖွေနိုင်ပါတယ်။ နောက်ဆုံး ကျမ်းကိုးစာရင်းထဲက ကိုးကားထားတဲ့ အခြားစာအုပ်၊ စာတမ်းတွေထဲက ကိုယ့်အတွက် အသုံးတည့်နိုင်မယ့် စာအုပ်တွေကို ခြေရာခံပြီး ရှာဖွေဖတ်ရှုခြင်းဖြင့် ပိုမိုပြည့်စုံတဲ့ သဘောတရားတွေကို နားလည်လာမှာ ဖြစ်ပါတယ်။
စာအုပ်ဖတ်ရင်းနဲ့ မှတ်သားသင့်တဲ့ အချက်များကို တွေ့ပြီဆိုရင် မှတ်စုထုတ်ရမှာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ အချက်အလက်များကို ကာလာဖြင့် highlight လုပ်ကာ မှတ်သားခြင်း၊ အောက်ခြေမှတ်စုများ footnote ထုတ်ခြင်း ပြုလုပ်သင့်ပါတယ်။ အချို့ကတော့ စာအုပ်တွေကို ဘာမှရေးသားမှတ်သားတာ မကြိုက်ကြပါဘူး။ ကျွန်တော်ကတော့ စာအုပ်ကို အသစ်အတိုင်းထားတာထက် နောက်တစ်ကြိမ် ပြန်ဖတ်တဲ့ အချိန်မှာ အရေးကြီးတဲ့ အချက်တွေကို ရွေးချယ်ဖတ်ရှုနိုင်ဖို့ သပ်သပ်ရပ်ရပ် မှတ်သားထားတာကို ပိုသဘောကျပါတယ်။ ဖြစ်နိုင်ရင် အကြောင်းအရာအလိုက် မှတ်စု စာအုပ်များမှာ စနစ်တကျ မှတ်သားထားရမှာ ဖြစ်ပါတယ်။ အတန်းကြီး ကျောင်းသားများနဲ့ တက္ကသိုလ်ကျောင်းသားများ အနေနဲ့ ကျောင်းသုံးဖတ်စာအုပ်များအပြင် အကြောင်းအရာတူပြီး ရှုဒေါင့်မတူတဲ့ အခြားစာအုပ်များကိုပါ ပူးတွဲ လေ့လာသင့်ပါတယ်။ ဒါကြောင့် မှတ်စုထုတ်တဲ့အခါမှာ ဘယ်စာအုပ်၊ ဘယ်ခေါင်းစဉ်၊ ဘယ်စာမျက်နှာမှာ ဘယ်လို ရေးထားတယ်ဆိုတာမျိုး အသေးစိတ်မှတ်သားထားပြီး အခြားစာအုပ်များမှာ ရေးသားထားချက်များနဲ့ နှိုင်းယှဉ်လေ့လာချက်များ ပြုလုပ်သင့်ပါတယ်။
နောက်တစ်ချက်က စာဖတ်ရင်း၊ စာရေးနည်းစနစ်ကိုပါ တစ်ပြိုင်တည်း လေ့လာကြစေချင်ပါတယ်။ ဘယ်လို စာမျိုးကို ဘယ်လို စတိုင်မျိုးနဲ့ ရေးရမယ်။ ဘယ်လို အစပျိုးရမယ်။ ဘယ်လို အဆုံးသတ်ရမယ် စသဖြင့် ရေးသားနည်း စနစ်များကိုသာမက သဒ္ဒါ၊ ဝါကျတည်ဆောက်ပုံ၊ စကားလုံး သုံးနှုန်းပုံများကိုပါ လေ့လာမှတ်သားသင့်ပါတယ်။ ကိုယ့်အတွက် ပြန်လည်ကိုးကားပြီး အသုံးချလို့ရနိုင်တဲ့ စာကြောင်း၊ စာပိုဒ်များကို အသေအချာ ကူးယူထားပြီး ပြန်လည်ရည်ညွှန်းဖို့အတွက် စာအုပ်အမည်၊ စာရေးဆရာ၊ ISBN၊ ထုတ်ဝေသည့်ခုနှစ် စသဖြင့် စနစ်တကျ မှတ်သားထားဖို့ လိုအပ်ပါတယ်။
ကျွန်တော်ရုရှမှာ ဘွှဲ့လွန်တက်စဉ်က နည်းပညာ စာတမ်းများကို ရေးသား ဖတ်ကြားခဲ့ရပါတယ်။ အင်မတန် ခက်ခဲတဲ့ အကြောင်းအရာတွေကို သူများ ဘာသာစကားနဲ့ ရှင်းပြဖို့ ရေးသားဖို့ဆိုတာ မလွယ်လှပါဘူး။ ကျွန်တော်က ဘာသာစကားသိပ်မထူးချွန်ပေမယ့် အကြံဉာဏ်ကောင်းတွေ ရှိလို့ အဆင်ပြေခဲ့ပါတယ်။ အထက်က ကျွန်တော်ပြောခဲ့ဖူးသလို သူများ စာတမ်းတွေကို ဖတ်ရင်း အသုံးများလေ့ရှိတဲ့ ရေးဟန်တွေကို စုဆောင်းခဲ့ပါတယ်။ စာတမ်းဖတ်ပွဲတွေကို နားထောင်ပြီးတော့လဲ တင်ပြပုံတွေကို ရေးမှတ်ထားခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင် ရေးသား တင်ပြတဲ့ အချိန်မှာတော့ စုဆောင်းထားတဲ့ နမူနာတွေကို အကြောင်းအရာ ပြောင်းလဲပြီး ပြင်ဆင်ရေးသားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဘယ်လို ရေးသား ပြောဆိုရမလဲဆိုတဲ့ အချက်ကို ဗျာများနေစရာ မလိုတော့ဘဲ အကြောင်းအရာပိုင်းကို အာရုံစိုက်နိုင်ခဲ့ပါတယ်။
ကျွန်တော့်အနေနဲ့ ကျောင်းသားတွေကို အလယ်တန်းနဲ့ အထက်တန်းကျောင်းသားဘဝမှာ စာစီစာကုံးနဲ့ Essay တွေကို ကျွမ်းကျွမ်းကျင်ကျင် ရေးသားနိုင်အောင် လေ့ကျင့်ကြစေချင်ပါတယ်။ အဲဒီလို လေ့ကျင့်တဲ့ အချိန်မှာ သူများ ရေးသားထားသမျှကို အလွတ်မကျက်ဘဲ ရေးနည်းရေးဟန်ကိုသာ လေ့လာစေချင်ပါတယ်။ ဖြစ်နိုင်ရင် အကိုးအကား စာအုပ်စာတမ်းများ အသုံးပြုရုံမျှသာမက ကိုယ်ရေးသားမည့် အကြောင်းအရာကို မျက်မြင်ကိုယ်တွေ့ အချိန်ပေးလေ့လာပြီး ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းများ ရယူခြင်း၊ လူတွေ့ မေးမြန်းထားမှုများကိုပါ အသုံးချပြီး ကျကျနန ရေးသားကြစေချင်ပါတယ်။ ဒီနေ့ခေတ်မှာ Discovery channel အပါအဝင် တီဗီအစီအစဉ်ကောင်းများစွာကနေ အကြောင်းအရာပေါင်းစုံကို အလွယ်တကူ လေ့လာနိုင်ပါတယ်။ အင်တာနက်ကနေလဲ youtube၊ wikipedia စတဲ့ နေရာတွေကနေ လေ့လာနိုင်ပါတယ်။ ညီငယ်၊ ညီမငယ်တို့မှာ မှတ်မှတ်သားသား လုပ်တတ်တဲ့ အကျင့်လေးသာ ရှိနေမယ်ဆိုရင် စာစီစာကုံးနဲ့ Essay ရေးသားဖို့ဆိုတာ အရမ်းကို လွယ်ကူပါတယ်။ နောင်တစ်ချိန် အလုပ်ခွင်ထဲမှာ အစီရင်ခံစာ၊ proposal စသဖြင့် တင်ကြရတဲ့ အချိန်တွေမှာ အထက်က အလေ့အကျင့်ကောင်းလေးတွေက ညီငယ်၊ ညီမငယ်များကို အထောက်အကူ ပြုမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ညီငယ်၊ ညီမငယ်များ အနေနဲ့ ငယ်စဉ်ကထဲက နေ့စဉ်မှတ်တမ်း ရေးသားဖြစ်အောင် တိုက်တွန်းချင်ပါတယ်။ မြန်မာလူမျိုး အများစုဟာ မှတ်တမ်း ရေးသားမှု အပိုင်းမှာ အားနည်းကြတာကို သတိထားမိပါတယ်။ မှတ်တမ်းတွေ ရေးသားထားခြင်းဖြင့် ဘယ်စာအုပ်မှာမှ ရှာမရနိုင်တဲ့ ကိုယ့်ဘဝရဲ့ အကြောင်းအရာတွေကို တစ်စုတစ်စည်းတည်း မှတ်သားထားနိုင်မှာ ဖြစ်ပါတယ်။ ဒီမှတ်တမ်းတွေထဲကနေ သင်ခန်းစာတွေ ပြန်ယူလို့ရသလို နောက်မျိုးဆက်သစ်တွေ အတွက်လည်း မှတ်သားစရာ အများကြီး ချန်ထားခဲ့နိုင်မှာပါ။ အနောက်တိုင်းသားတွေဟာ ဒီလို မှတ်တမ်းတွေကနေ သူတို့ရဲ့ အတွေ့အကြုံတွေကို တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့်ကမ်းခဲ့ကြပြီး နယ်ချဲ့တဲ့အချိန်၊ ကုန်သွယ်တဲ့ အချိန်တွေမှာပါ အသုံးချခဲ့ကြတာကို သိရှိမှတ်သားရဖူးပါတယ်။
နောက်တစ်ခုက မှတ်တမ်းရေးသားရင်း ကိုယ့်ကိုယ်ကို မှန်ကြည့်သလို ပြန်ကြည့်ဖြစ်တဲ့အတွက် သုံးသပ်ဆင်ခြင်မိတဲ့ အကျိုးကျေးဇူးကို ရနိုင်ပါတယ်။ တနေ့တာ ကိုယ်တွေ့ကြုံရသမျှလေးကို နဲနဲချင်းမှတ်သားခဲ့ခြင်းဖြင့် တစ်နှစ်ကုန်ဆုံးတဲ့အချိန်မှာ အမှတ်ရစရာတွေ အများကြီး စုမိလာမှာပါ။ နောင်တစ်ချိန် ကိုယ်လိုအပ်လာလို့ ဆုံဖူးတဲ့ လူတွေ၊ အလုပ်အကိုင်တွေ၊ နေရာတွေ အကြောင်းကို အလွယ်တကူ ပြန်လည် ရှာထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို နေ့စဉ်မှတ်တမ်းမျိုးကနေ နောက်ပိုင်း အလုပ်ခွင်ဝင်ကြရတဲ့ အချိန်မှာ အလုပ်ခွင်မှတ်စု၊ နည်းပညာမှတ်စု စသဖြင့် အရာရာကို စနစ်တကျ မှတ်သားထားတဲ့ အကျင့်ကောင်းလေးကို ရရှိသွားနိုင်မှာ ဖြစ်ပါတယ်။ နောင်တစ်ချိန်မှာ စာရေးခြင်း အတတ်ပညာနဲ့ ပေါင်းစပ်နိုင်မယ်ဆိုရင် စာရေးဆရာကောင်း တစ်ယောက် ဖြစ်လာဖို့အတွက် လမ်းစလဲ ဖြစ်နိုင်ပါသေးတယ်။
ဖြစ်နိုင်ရင်တော့ IT နည်းပညာကို ငယ်ငယ်ကထဲက လေ့လာပြီး ထိထိရောက်ရောက် အသုံးချတတ်စေချင်ပါတယ်။ အများကြီး တတ်ဖို့ မလိုပါဘူး။ အခြေခံကျကျ သေသေချာချာ တတ်ပြီး ထိထိရောက်ရောက် အသုံးချတတ်မယ်ဆိုရင် Microsoft Office Suit တစ်ခုတည်းနဲ့ အသက်မွေးလို့ရပါတယ်။ တော်တော်လဲကျယ်ပြန့်ပြီး ရုံးအလုပ်မှန်သမျှကို ထိထိရောက်ရောက်နဲ့ အဆင့်မြင့်မြင့် လုပ်နိုင်မှာ ဖြစ်ပါတယ်။ မြန်မာပြည်က သင်တန်းတော်တော်များများမှာ အဲဒီလောက် အဆင့်အထိကို သင်ပေးတာ သိပ်မတွေ့ရပါဘူး။ ဒါကြောင့် ကိုယ့်ဘာသာကိုယ် သေသေချာချာ လေ့လာရမှာ ဖြစ်ပါတယ်။ Office ကို စာစီစာရိုက်လုပ်ဖို့၊ စာရင်းဇယား အကြမ်းဖျင်းလုပ်ဖို့၊ Presentation လုပ်ဖို့ လောက်ပဲ သုံးရကောင်းမှန်း သိသေးရင် အဆုံးထိ ဆက်လေ့လာကြစေချင်ပါတယ်။ ကွန်ပျူတာကို သုံးပြီး မှတ်စု ကျကျနန ထုတ်တတ်အောင်၊ database တွေ ဆောက်ပြီး အချက်အလက်အမြောက်အများကို အလွယ်တကူ ဆက်စပ် ရှာဖွေ ကိုင်တွယ်တတ်အောင်၊ လုပ်ငန်းကြီး တစ်ခုကို စာရင်းအင်း အကျအန ပြုစုဖို့၊ ပုံနှိပ်ထုတ်ဝေရေးလုပ်ဖို့၊ အစည်းအဝေးတွေ အတွက် စုပေါင်းပြင်ဆင်တာ၊ လုပ်ငန်းတွေကို ခွဲခြားလုပ်ကိုင်ပြီး ပြန်လည်ပေါင်းစပ်တာ စသဖြင့် တကယ်အသုံးတည့်တဲ့ နည်းလမ်းတွေကို ကွန်ပျူတာနဲ့ လုပ်တတ်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။
ဒီနေ့ခေတ်မှာ အင်္ဂလိပ်စာဟာ သိရုံသိလို့ မရတော့တဲ့အတွက် သေသေချာချာ တတ်ကျွမ်းအောင် သင်ကြားကြစေချင်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ သူငယ်တန်းကစပြီး တက္ကသိုလ်အထိ အင်္ဂလိပ်စာကို ဆယ်နှစ်ကျော် သင်ကြားရပေမယ့် သိပ်မထိရောက်တာကို သတိထားမိပါတယ်။ ကျွန်တော်ကိုယ်တိုင်က အင်္ဂလိပ်စာကို ဖတ်တာ၊ ဘာသာပြန်တာ နှစ်ခုပဲ ကောင်းကောင်းရပါတယ်။ ကျွန်တော့် ညီငယ်၊ ညီမငယ်များကိုတော့ ဘက်စုံက ထူးချွန်ကြစေချင်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်ကျောင်းမှာ Native Speaker နဲ့ မသင်ကြရပေမယ့် အတတ်နိုင်ဆုံး မိမိဘာသာ လေ့လာနိုင်တဲ့ နည်းလမ်းတွေ ပေးပါ့မယ်။ အလွယ်ဆုံးနည်းကတော့ ရုပ်ရှင်နဲ့ လေ့ကျင့်ခြင်းပါ။ ဇာတ်ကား ကောင်းကောင်း၊ ဖြစ်နိုင်ရင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကြောင်းအရာတွေကို ဆွေးနွေးချက်တွေ ပါတဲ့ ဇာတ်ကားများကို အင်္ဂလိပ်စာတန်းထိုးတစ်လှည့် မြန်မာ စာတမ်းထိုး တစ်လှည့် အကြိမ်ကြိမ် ကြည့်စေချင်ပါတယ်။ မြန်မာစာတမ်းတွေ ကို အလုံးစုံ အားမကိုးဘဲ အဘိဓာန် ဘေးမှာ ချထားပြီး တိုက်ဆိုင် စစ်ဆေးကာ လေ့လာစေချင်ပါတယ်။ ဇာတ်ကားကို အဓိက မကြည့်ဘဲ အသံထွက်၊ လေယူလေသိမ်း၊ ပြောဆိုသည့် စကားလုံးများကို မှတ်စုထုတ်ကာ မှတ်သားရင်း လေ့ကျင့်နိုင်ပါတယ်။ အကောင်းဆုံးက Discovery channel က လာတဲ့ အကြောင်းအရာတွေပါ။ နောက်တစ်ခုက သမ္မတတွေရဲ့ မိန့်ခွန်းတွေ၊ ပညာရှင်တွေ၊ စီးပွားရေးသမားတွေရဲ့ မိန့်ခွန်းနဲ့ စကားစစ်ထိုးတွေ ဖြစ်ပါတယ်။
အင်္ဂလိပ် သတင်းစာတွေကိုလဲ အင်တာနက်မှာ အခမဲ့ဖတ်ရှုနိုင်ပြီဖြစ်လို့ လေ့လာစရာတွေက များလွန်းလှပါတယ်။ ကိုယ်လေ့လာမိသမျှကို အင်္ဂလိပ်စာ လေ့လာနေတဲ့ သူငယ်ချင်းတွေ၊ ဆရာတွေနဲ့ ဆွေးနွေး မေးမြန်းသင့်ပါတယ်။ သာဘာပြန်လေ့ကျင့်ဖို့အတွက်တော့ အင်္ဂလိပ် တစ်ကြောင်း၊ မြန်မာ တစ်ကြောင်း လေ့ကျင့် ဘာသာပြန်ဆိုကာ နားလည်တတ်ကျွမ်းသူများကို စစ်ဆေးခိုင်းသင့်ပါတယ်။ ကွန်ပျူတာ အသုံးပြုခွင့်ရမယ်ဆိုရင်တော့ Microsoft Encarta နဲ့ Britannica လိုမျိုး စွယ်စုံကျမ်းတွေကို ထည့်သွင်း ဖတ်ရှုစေချင်ပါတယ်။ အဲဒီလို လေ့လာရင်း ကိုယ်မသိသေးတဲ့ စကားလုံးတွေကို meaning ထုတ်ပြီး ကိုယ်ပိုင် အဘိဓာန် တစ်ခု စုဆောင်းထားကြစေချင်ပါတယ်။ နောင်တစ်ချိန်မှာ အဖိုးတန်လာမှာ သေချာပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒီလို စုဆောင်းရင်း ရုရှ-အင်္ဂလိပ်-မြန်မာ လျှပ်စစ်အင်ဂျင်နီယာအဘိဓာန် တစ်အုပ်ကို ပြုစုနိုင်ခဲ့ပါတယ်။
ကျွန်တော့်အနေနဲ့ ညီငယ်၊ ညီမငယ်များကို အင်တာနက်သုံးပြီး ပညာရှာတတ်အောင် လေ့လာကြဖို့ တိုက်တွန်းလိုပါတယ်။ အင်တာနက်မှာ အကြောင်းအရာ ပေါင်းစုံ ရှိပါတယ်။ အဖိုးမတန်တဲ့ အကြောင်းအရာပေါင်းစုံလည်း ပါဝင်ပါတယ်။ ကိုယ်က အသုံးချတတ်ရင် အင်တာနက်ဟာ တက္ကသိုလ်ကြီး တစ်ခုလိုပါပဲ။ အသုံးမချတတ်ရင်တော့ အညှီအဟောက်တွေ၊ ဒုစရိုက်တွေနဲ့ အချိန်ဖြုန်းတဲ့ နေရာတစ်ခု ဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်ကတော့ အင်တာနက်ကနေ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းများကို ရှာကြစေချင်ပါတယ်။ အင်တာနက်မှာ အခမဲ့ သင်ယူလို့ရတဲ့ အွန်လိုင်း တက္ကသိုလ်တွေ ရှိပါတယ်။ ပညာတော်သင် အခွင့်အရေးတွေလည်း ရှိနိုင်ပါတယ်။ ဒါကို လေ့လာပြီး အသုံးချတတ်အောင် ကြိုးစားကြရမှာပါ။ နိုင်ငံခြားကို ငွေကြေး အမြောက်အများ အကုန်ခံပြီး ကျောင်းသွားတက်စရာ မလိုဘဲနဲ့ ပြည်တွင်းကနေ တက္ကသိုလ်ကြီးတွေက ဆရာကောင်းတွေ သင်ပေးနေတဲ့ သင်ခန်းစာတွေကို youtube ကနေ တစ်ဆင့် လေ့လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ အဲဒီ သင်ခန်းစာတွေကို နားလည်နိုင်မယ့် အင်္ဂလိပ်စာ အခြေခံရယ်၊ အင်တာနက်ရယ် ရနိုင်မယ်ဆိုရင် ဘာမဆို လေ့လာလို့ ရနိုင်ပြီ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ညီငယ်၊ ညီမငယ်များကို မဖြစ်နိုင်ဘူးဆိုတာတွေ မပြောကြစေချင်ဘဲ၊ ဖြစ်အောင်လုပ်မယ့် စိတ်ဓာတ်တွေ မွေးကြဖို့ တိုက်တွန်းလိုပါတယ်။ "ငါတို့မှာ ဘာမှ မရှိဘူး၊ အင်တာနက်မကောင်းဘူး၊ ပိုက်ဆံ မတတ်နိုင်ဘူး" စသဖြင့် စိတ်ပျက်မနေကြဘဲ ရသမျှ resources၊ ရသမျှ နည်းလမ်းတွေသုံးပြီး ကိုယ်လက်လှမ်းမီရာ လေ့လာသင်ယူကြစေချင်ပါတယ်။ စုပေါင်း ဆောင်ရွက်ခြင်း အလေ့အကျင့်ကောင်းကိုလည်း ကျောင်းသားဘဝမှာ စတင် ကျင့်သုံးကြစေချင်ပါတယ်။ အထက်က ပြောခဲ့တဲ့ အားနည်းချက်၊ လိုအပ်ချက်တွေကို အချင်းချင်း စည်းစည်းလုံးလုံးနဲ့ ဝိုင်းဝန်းလေ့လာကြမယ်ဆိုရင် အလွယ်တကူ ကျော်ဖြတ်သွားနိုင်မှာ ဖြစ်ပါတယ်။ Sharing is caring ဆိုတဲ့ စကားအတိုင်း ကိုယ်သိတာကို ပြန်လည်ဝေမျှပေးဖို့ လိုအပ်ပါတယ်။ တတ်လာတဲ့ ပညာမှန်သမျှကိုလည်း လိုအပ်နေတဲ့ နေရာတိုင်းမှာ လက်တွေ့ အသုံးချနိုင်ဖို့ ကြိုးစားကြရဦးမှာပါ။ လက်တွေ့ အသုံးမချနိုင်သေးတဲ့ ပညာမှန်သမျှ မပြည့်စုံသေးဘူးဆိုတာကို သဘောပေါက်ကြစေချင်ပါတယ်။ နောက်ဆုံးအချက်အနေနဲ့ မိမိတို့မှာ တခြား အရင်းအနှီး မပြည့်စုံခဲ့ရင်တောင် ရိုးသားခြင်းကို အရင်းအနှီးတစ်ခုအဖြစ် အသုံးချပါလို့ မှာချင်ပါတယ်။ ညီငယ်၊ ညီမငယ်များ အားလုံး အနာဂတ်ရဲ့ မျိုးဆက်သစ်တွေအနေနဲ့ အစစ အရာရာ ဘက်စုံထူးချွန်ပြီး နိုင်ငံအကျိုး၊ မိမိအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ကွယ်။
Dr. အောင်ဝင်းထွဋ်
ပြင်ဦးလွင်မြို့