ဗုဒ္ဓ သရဏံ ဂစ္ဆာမိ - ၁

ဗုဒ္ဓဘာသာဝင်အစ သရဏဂုံက ဆိုတဲ့စကားအတိုင်း သရဏဂုံ တံခါးပေါက်မှ ၀င်ရောက် ခဲ့မှသာ ဗုဒ္ဓဘာသာဝင် အဖြစ် ရောက်ရှိနိုင်ရကား သရဏဂုံ သုံးပါးထဲမှာ တစ်ပါး အပါဝင်ဖြစ်တဲ့ ဗုဒ္ဓံသရဏံဂစ္ဆာမိ ဆိုတဲ့ စကားရပ်လေး ကို ဗုဒ္ဓဘာသာ ၀င်တိုင်း ကြားလည်းကြားဖူးကြ၊ နှုတ်မြွက်၍လည်း ရွတ်ဆိုဖူး ခဲ့ကြမည်သာ။ ဗုဒ္ဓံသရဏံ ဂစ္ဆာမိဆိုသော ဗုဒ္ဓံ- မြတ်စွာဘုရားကို၊ သရဏံ- ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ- ဆည်းကပ်ပါ…. လို့ ဆိုလိုတာ ဖြစ်တယ်။ အဲဒီ စကားတွေထဲမှာ ကိုးကွယ်ဆိုတဲ့ ဝေါဟာရဟာ ကိုးနှင့်ကွယ်ကို ပေါင်းစပ်ထားဆိုတဲ့ ဝေါဟာရဖြစ်ပါတယ်။ ကိုးဆိုတာ ယုံကြည်လို့ အားကိုးခြင်းဖြစ်ပြီး ကွယ် ဆိုတာ ကတော့ အဲဒီ့ အားကိုးသူတွေကို ဝဋ်ဘေးတွေ၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း ဘေးတွေ အပါယ်ဘေးတွေ အဲဒီဘေးတွေ မကျရောက်အောင် ကာကွယ်ပေးခြင်းလို့ အဓိပ္ပာယ်ရပါတယ်။
ဒါကြောင့် အဲဒီဘေးတွေ မကျရောက်အောင် ကာကွယ်ပေးတဲ့ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ပါဠိလို သရဏ၊ မြန်မာလို ကိုးကွယ်ရာလို့ ခေါ်ဆိုရခြင်း ဖြစ်လေတယ်။
ယနေ့ ဗုဒ္ဓ ဘာသာဝင်တွေ ကိုးကွယ် ဆည်းကပ်လျက် ရှိနေကြတဲ့ ဂေါတမနွယ်ဖွား ရှင်တော်မြတ်ဘုရားကို မျက်မှောက်ခေတ် လူသားမှန်သမျှ အားလုံးတို့ ဘယ်သူမှ ပကတိမျက်စိနဲ့ တိုက်ရိုက် ဒိဌမမြင် မတွေ့ဖူးကြပါဘူး။ ဒါပေမယ့်လည်း ဗုဒ္ဓဘာသာဝင် မှန်သမျှ အားလုံးတို့ဟာ အဲဒီဂေါတမနွယ်ဖွား ရှင်တော်မြတ်ဘုရားကို ဘိုးဘွား ဘီဘင် လက်ထက်ကနေ ယနေ့ထိတိုင် ကိုးကွယ် ဆည်းကပ်လျက် ရှိနေကြပါတယ်။ မျက်စိနဲ့ တိုက်ရိုက် ဒိဌမမြင်တွေ့ရဘဲ ဘာကြောင့် ကိုးကွယ် ဆည်းကပ် နေကြရတာလဲလို့ မေးရင် "ယုံကြည်လို့" ဆိုတဲ့ အဖြေကိုပဲ အားလုံးက ဖြေဆိုကြမှာပါ။ ဟုတ်ပါတယ်…… ယုံကြည်ဆိုတဲ့ မြန်မာဝေါဟာရဟာ ပါဠိလိုတော့ သဒ္ဒါတရားပဲ ဖြစ်တယ်။ သဒ္ဒါဆိုတာ ဗုဒ္ဓါဒီနီ ရတနာနိ သဒ္ဒဟတိ ပတ္တိယာယတိ သဒ္ဓါ [ဘိ။ ဌ၊ ၁။ ၁၈၉] ဆိုတဲ့စကားအရ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ယုံကြည်ခြင်းဖြစ်လို့ အဲဒီ ယုံကြည်မှု သဒ္ဓါတရားကြောင့်ပဲ ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်ခြင်း ဖြစ်ကြရတာပါ။
ယုံကြည်မှုနဲ့ ပါတ်သက်လို့ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး ကိုသာမဟုတ်ပါဘူး၊ ကံ ကံရဲ့အကျိုးတရား၊ ပစ္စုပ္ပန်လောက၊ တမလွန်လောက၊ ဒီအရာဌာန တွေကိုလည်း ယုံကြရမှာပါ။ အဓိက အားဖြင့်တော့ ဘုရားကို ယုံရမှာပေါ့။ ဘုရားကိုယုံရင် အဲဒီဘုရားဟောတဲ့ တရားတော်တွေကို ယုံတဲ့ကိစ္စ၊ ဘုရားဟောတဲ့ အတိုင်းလိုက်နာကြ၊ ကျင့်ကြံ ကြိုးစား အားထုတ်ကြတဲ့ သံဃာတော်တွေအပေါ်ကို ယုံတဲ့ကိစ္စ၊ ဘုရားဟော တရားတော်များမှာ ညွှန်ပြခဲ့တဲ့ ကံ ကံတရားရဲ့အကျိုး တရား၊ ပစ္စုပ္ပန်လောက၊ တမလွန်လောက၊ ဒီအရာဌာနတွေမှာ ယုံတဲ့ကိစ္စ အားလုံးပြီးပါတယ်။ ဒါကြောင့် ဘုရားကိုယုံကြည်ရင် တရား၊ သဃာ၊ ကံ ကံရဲ့အကျိုးတရား၊ ပစ္စုပ္ပန်လောက၊ တမလွန်လောက ဒါတွေကိုလည်း ယုံကြည်ပြီး ဖြစ်နိုင်တာမို့ ဘုရား ကိုယုံဘို့ အဓိကကျတယ်လို့ ဆိုရတာဖြစ်ပါတယ်။
ယနေ့ မျက်မှောက်ခေတ်မှာ ထင်ရှားတဲ့ ဘာသာကြီး လေးမျိုးရှိပါတယ်။ ဘာသာတိုင်းမှာ မိမိတို့ ယုံကြည်ကြ၊ ကိုးကွယ် ဆည်းကပ်ကြတဲ့ ဘုရားတွေလည်း အသီးသီး ရှိနေကြပါတယ်။ ရှိနေကြတဲ့ဘုရား တွေထဲက ဗုဒ္ဓဘာသာဝင် တွေကလည်း မိမိတို့ဘုရားကို ကိုးကွယ်မှ သမ္မာဒိဌိ၊ အခြားသော ဘုရားတွေကို ကိုးကွယ်ရင် မိစ္ဆာဒိဌိ။ အခြားသော ဘာသာဝင်တွေကလည်း သူတို့ဘုရားကို ကိုးကွယ်မှ သမ္မာဒိဌိ၊ အခြားသော ဘုရားတွေကို ကိုးကွယ်ရင် မိစ္ဆာဒိဌိ။ ဒီလို တစ်ဖက်နဲ့ တစ်ဖက် ကိုယ့်ဘက်ကို သမ္မာဒိဌိ၊ သူ့ဘက်ကို မိစ္ဆာဒိဌိဆိုပြီး ပြောဆို နေကြပါတယ်။ ဒီတော့ ဘယ်ဘုရားကို ယုံရမှာလဲ… ဘယ်ဘုရားကို ကိုးကွယ်ရမှာလဲ… ဘယ်ဘုရားကိုယုံမှ၊ ဘယ်ဘုရားကို ကိုးကွယ်မှ သမ္မာဒိဌိဖြစ်မှာလဲ… ဒါတွေဟာ ကိုးကွယ် ဆည်းကပ်သူအားလုံး သိသင့်သိထိုက်တဲ့ အရေးအကြီးဆုံးသော အချက်ပါ။ တကယ်တော့ လောကမှာ ဘုရားဆိုတာ “ယံ ဧကိဿာ လောက ဓာတုယာဒွေ အရဟန္တော သမ္မာသမ္ဗုဒ္ဓါ အပုဗ္ဗံ အစရိမံ ဥပ္ပဇ္ဇေယျုံ၊ နေတံ ဌာနံ ဝိဇ္ဇတိ“- တစ်ခုသော လောကဓာတ်ကြီး အတွင်း၌ ပူဇော်အထူးကို ခံထိုက်ကုန်သော ဘုရားနှစ်ဆူတို့သည် မရှေးမနှောင်း (တပြိုင်နက်) ပွင့်တော်မူရာသော အကြောင်းအခွင့်သည် မရှိ [အံ။၁။၂၉] ဆိုတဲ့စကားအရ နှစ်ဆူတပြိုင်နက် မရှိစကောင်းပါဘူး။ တစ်ဆူပဲရှိရမှာပါ။ နှစ်ဆူ၊ သုံးဆူ တစ်ပြိုင်နက် ရှိနေမယ်ဆိုရင် တစ်ဆူသာ အစစ်အမှန်ဖြစ်ပြီး ကျန်တဲ့ အဆူတွေဟာ အမည်ခံဘုရားတွေပဲ ဖြစ်ရမှာပါ။ ရှိရမယ့် တစ်ဆူတည်းသော ဘုရားဆိုတာ တစ်နည်းအားဖြင့် ယုံကြည်ပြီး အမှန်တကယ် ကိုးကွယ်ရမယ့် ဘုရားဆိုတာ ပါဠိ ဝေါဟာရအားဖြင့် ဗုဒ္ဓ၊ မြန်မာ ဝေါဟာရအားဖြင့် သိတတ်သူလို့ အဓိပ္ပါယ်ရပါတယ်။ ဒီနေရာမှာ သိတယ်ဆိုတာ သစ္စာလေးပါးနှင့် တကွ သိစရာမှန်သမျှ အားလုံးကို သိတာကို ဆိုလိုတာပါ။ ဒါကြောင့် ကိလေသာ အားလုံးကို ကုန်စေတတ်တဲ့ အရဟတ္တ မဂ်ဉာဏ်နဲ့ သိစရာမှန်သမျှ အားလုံးကို သိတတ်တဲ့ သဗ္ဗညုတဉာဏ် အဲဒီဉာဏ်တွေကို ရရှိပိုင်ဆိုင်ထားတဲ့ ပုဂ္ဂိုလ်ကို ဗုဒ္ဓဘုရား လို့ခေါ်ဆိုရပါတယ်။ ဒါဟာ ဘုရား ဟုတ်မဟုတ် သိနိုင်တဲ့ အကျဉ်းဆုံးသော တိုင်းတာစရာလေး တစ်ခုပါ။ မိမိတို့ ကိုးကွယ် ဆည်းကပ်နေတဲ့ ဘုရားမှာ အရဟတ္တမဂ်ဉာဏ်နဲ့ သဗ္ဗညုတဉာဏ် ရှိရဲ့လား။ ရှိတယ် ဆိုရင်တော့ ဘုရားစစ်၊ ဘုရားမှန်ပါပဲ။ မရှိဘူးဆိုရင်တော့ ဘုရားမဟုတ်ပါဘူး။ အမည်ခံ ဘုရားပဲဖြစ်ပါတယ်။ အဲဒီအမည်ခံ ဘုရားတွေကို ယုံကြည်ကိုးကွယ်မိရင် သမ္မာဒိဌိလည်း မဖြစ်နိုင်ပါဘူး။ လွဲမှားသော ကိုးကွယ်မှုသာ ဖြစ်ပါတယ်။
ယုံကြည်မှုကို သဒ္ဓါလို့ ခေါ်ဆိုလို့ရပေမယ့် ယုံကြည်မှုတိုင်းကိုတော့ သဒ္ဓါလို့ မခေါ်ဆိုနိုင် ပါဘူး။ ယုံကြည်မှုတိုင်းကို သဒ္ဓါလို့ ခေါ်မယ်ဆိုရင်တော့ ဒီကမ္ဘာ လောကကြီးမှာ မိစ္ဆာဒိဌိဆိုတာ မရှိနိုင်တော့ပါဘူး။ ဘာပြုလို့လည်း ဆိုတော့ ကိုးကွယ်တဲ့ ဘုရားတိုင်းကို ကိုးကွယ်သူတိုင်းက ယုံကြည်နေကြလို့ပါ။ ဘုရားစစ် ဘုရားမှန်တွေကို ကိုးကွယ် နေကြသူတွေက မိမိတို့ ကိုးကွယ်တဲ့ ဘုရားကို ယုံကြည်ကြသလို အမည်ခံ ဘုရားတွေကို ကိုးကွယ် နေမိသူတွေကလည်း သူတို့ကိုးကွယ်တဲ့ ဘုရားကို ယုံကြည် နေကြတာပဲ။ တကယ်တော့ ဘုရားအစစ် အမှန်ကို ယုံကြည်ပြီး ကိုးကွယ်မှ သဒ္ဓါအစစ်ဖြစ်ပြီး သမ္မာဒိဌိဖြစ်ပါတယ်။ အမည်ခံ ဘုရားတွေကို ယုံကြည်ပြီး ကိုးကွယ် နေတာကတော့ သဒ္ဓါမဟုတ်ပါဘူး။ မိစ္ဆာဓိမောက္ခပါ။ မိစ္ဆာဓိမောက္ခ ဆိုတာ မိစ္ဆာ - မှားယွင်းသော + အဓိမောက္ခ- ဆုံးဖြတ်မှု + မိစ္ဆာဓိမောက္ခ =  မှားယွင်းသော ဆုံးဖြတ်မှု လို့အဓိပ္ပါယ် ရပါတယ်။ တရားကိုယ်အရ ကောက်ရင်တော့ မောဟ (သို့မဟုတ်) ဒိဌိပြဌာန်းတဲ့ အကုသိုလ် စိတ္တုပ္ပါဒ်တွေ ဖြစ်ပါတယ်။ အဲဒီအမည်ခံ ဘုရားတွေကို ကိုးကွယ်မိရင်တော့ “နဖူးပွန်းနှင့်၊ ဒူးပွန်းခံကာ၊ ကိုးကွယ်ပါလည်း၊ ဆရာလွဲက၊ ငရဲအပါယ်၊ အမြစ်တွယ်၊ ဝဋ်နွယ်ရှည်လျားရာ“ ဆိုတဲ့စကားလို အပါယ်ငရဲမှာ အမြစ်တွယ်ပြီး ထိုသူတို့ လျှောက်လှမ်းရမယ့် သံသရာ ခရီးလမ်းဟာလည်း ရှည်လျား နေကြဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ် ကိုးကွယ်တဲ့ ဘုရားဟာ ဘုရား အစစ်အမှန်လား၊ အမည်ခံ ဘုရားလား ကွဲကွဲပြားပြား သိအောင်တော့ လေ့လာ ထားကြရမှာ ဖြစ်ပါတယ်။
ဘုရား…ဘုရား ဆိုတိုင်း ရမ်းပြီး ကိုးကွယ် နေကြမယ် ဆိုရင်တော့ စစ်မှန်တဲ့ ကိုးကွယ်မှုကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင် ဖြစ်ရင်လည်း မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ပဲ ဖြစ်ကြရမှာပါ။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင် ဆိုရင်တော့ သူတို့ရဲ့ ကိုးကွယ်မှုဟာ ခိုင်မာလေးနက်မှု မရှိလို့ တည်ငြိမ်မှုလည်း မရှိနိုင်ပါဘူး။ ဟိုကပြော ယုံလိုက်၊ ဒီကပြော ယုံလိုက်၊ ဟိုဆိုလည်း ကိုးကွယ်လိုက်၊ ဒီဆိုလည်း ကိုးကွယ်လိုက်၊ နောက်ဆုံးတော့ ဘုရားခြင်း အတူတူပါပဲကွာ ဆိုပြီး ဘာသာအားလုံးက ရှိသမျှ ဘုရားတွေ အကုန်လုံးကို ဘုရားစင် ထက်တင်ပြီး ကိုးကွယ်တဲ့ အဆင့်ကို ရောက်ရှိ သွားကြမှာပါ။ အသိဉာဏ် ပညာနဲ့ ယုံကြည်မှု သဒ္ဓါတရား နည်းပါးကြတဲ့ ပုထုဇဉ် လူသားတို့ရဲ့ အယူဝါဒ မတည်မြဲပုံနဲ့ အလွဲအမှား တွေကို ကိုးကွယ် တတ်ကြပုံ၊ ယင်းသို့ ကိုးကွယ်ခြင်းကြောင့် မကောင်းတဲ့ ကတိသို့ လားရောက်ရပုံ များကို “ခပင်းထိုမျှ၊ လူ့လောကနှိုက်၊ အန္ဓပုထုဇဉ်၊ ဉာဏ်မယှဉ်ကား၊ အစဉ်မှားလေ့၊ ထင်သရွေ့ဖြင့်၊ မေ့လျော့သတိ၊ မယှိပညာ၊ သဒ္ဓါနည်းပါး၊ အမိုက်အားဖြင့်၊ တရားမတည်၊ မကျည်မခိုင်၊ ယိမ်းယိုင်စောင်းငဲ့၊ အယူယွဲ့၏၊ ဂုဏ်မဲ့တက္ကတွန်း၊ ရဟန်းအလဇ္ဇီ၊ ကျင့်ဒုဿီနှင့်၊ မညီတရား၊ သူတို့အားလည်း၊ ဘုရားရဟန္တာ၊ အရိယာဟု၊ မိစ္ဆာစွဲငြိ၊ မှီဝဲမိက၊ အသိကျင့်ချွတ်၊ သုနက္ခတ်သို့၊ မမြတ်အောက်လျှိုး၊ ဂတိဆိုး၍၊ မြန်းညှိုးမယော်ဘိမူကား“ လို့ မဃဒေဝလင်္ကာသစ်၊ ပိုဒ်ရေ (၅၄၈)မှာ ပြဆိုထားပေတယ်။
အရဟတ္တ မဂ်ဉာဏ်နဲ့ သဗ္ဗညုတဉာဏ် ရှိမှ ဘုရားလို့ဆိုရင် ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ် ဆည်းကပ် နေတဲ့ ဂေါတမဗုဒ္ဓမှာကော အဲဒီ အရဟတ္တမဂ်ဉာဏ်နဲ့ သဗ္ဗညုတဉာဏ် ရှိရဲလား… ဘယ်တုန်းက ရှိတာလဲ… မွေးတုန်းကတည်းက ပါလာသလား… အဲဒီလို တစ်စုံတစ်ယောက်က မေးလာရင် ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်တဲ့ သင့်အနေနဲ့ ဘယ်လိုဖြေမလဲ။ ဒီမေးခွန်းတွေ ဖြေဆိုနိုင်ဖို့အတွက် ကိုယ်ကိုးကွယ်တဲ့ ဗုဒ္ဓရဲ့ အကြောင်းအရာကို၊ ကိုယ်ကိုးကွယ်တဲ့ ကိုယ့်ဘုရား အကြောင်းကို သိသင့် သလောက်တော့ သိထား ကြရမယ်။
မိမိတို့ ကိုးကွယ်နေတဲ့ ဂေါတမဗုဒ္ဓဆိုတာ မွေးကတည်းက အရဟတ္တမဂ်ဉာဏ်နဲ့ သဗ္ဗညုတဉာဏ် ပါလာတာ မဟုတ်လို့ မွေးမွေးချင်း ဘုရား မဖြစ်သေးပါဘူး။ သူ့ကို (ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားကို) မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့မှာဖွားမြင်ပါတယ်။ ဖွားမြင်တဲ့နေရာက ဒေဝဒဟနဲ့ ကပိလဝတ်အကြား လုမ္ဗနီသာမော အင်ကြင်းတောမှာပါ။ သူ့ရဲ့နာမည်က သိဒ္ဓတ္ထ၊ သူ့ရဲ့ခမည်းတော်က သုဒ္ဓေါဓန၊ မယ်တော်က မာယာဒေဝီ၊ အမျိုးအနွယ်က မင်းမျိုးမင်းနွယ်ပါ။ ဒီအကြောင်း အရာတွေလောက် ကိုတော့ ဗုဒ္ဓဘာသာဝင်တွေတိုင်း သိပြီးဖြစ်ကြပါလိမ့်မယ်။ ဒါပေမယ့် ဒီအကြောင်းအရာတွေကို အခြေခံပြီး အခြား သိရမယ့်အကြောင်းအရာတွေ ရှိနေပါသေးတယ်။ ဒါတွေကတော့ ငါတို့ကိုးကွယ်တဲ့ ဘုရားဟာ နတ်လည်းမဟုတ်၊ ဗြဟ္မာလည်းမဟုတ်၊ လူသားစစ်စစ်ပါပဲလားလို့သိရမယ်။ အဲဒီလူသားဟာ မိုးကျရွှေကိုယ် သူ့အလိုလိုပေါ်လာတာမဟုတ်။ ဗြဟ္မာ၊ သိကြား၊ နတ်နဂါးတွေ ဖန်ဆင်းလို့ ဖြစ်ပေါ်လာတာမဟုတ်။ လူသားမိဘနှစ်ပါးကနေ ပေါက်ဖွားဆင်းသက်လာတာပါလားလို့ သိရမယ်။ နောက်ပြီး ငါတို့ကိုးကွယ်တဲ့ ဘုရားမှာ မွေးဖွားတဲ့ ခုနှစ်သက္ကရာဇ် အတိအကျရှိတယ်။ မွေးဖွားချိန်၊ မွေးဖွားရာဒေသ၊ မျိုးနွယ် အစဉ်အဆက် အတိအကျရှိတယ်။ ဒီလိုလည်းသိထားကြရပါမယ်။
အသက် ၁၆ နှစ်အရွယ်မှာ အင်မတန်ချောမောလှပတဲ့ ယသော်ဓယာဒေဝီနဲ့ အိမ်ထောင်ပြုပါတယ်။ ထို့နောက် ရာဟုလာ အမည်ရတဲ့ သားတော်လေး တစ်ပါး ထွန်းကားပါတယ်။ သားတော် ရာဟုလာလေး မွေးတဲ့ ည မဟာသက္ကရာဇ် ၉၇ ခုနှစ်၊ ဝါဆိုလပြည့်၊ တနင်္လာနေ့မှာ တောထွက်ခဲ့ပါတယ်။ တောထွက်တယ်ဆိုတာ ဇနီးမယား သမီးသားနဲ့ မိဘ၊ ဆွေမျိုး၊ ညီအစ်ကို မောင်နှမ စတာတွေအပေါ်မှာ ရစ်ပတ် တွယ်တာနေတဲ့ တဏှာလောဘ အပါအဝင် ကိလေသာဆိုတဲ့ တောထဲကနေ ထွက်ခွာလာပြီး ကိလေသာတွေ ကုန်ဖို့နဲ့ သိစရာအားလုံးကို သိဖို့ ပကတိသောတော (ဥရုဝေလတော) သို့ ထွက်ခွာ လာခဲ့ခြင်း ဖြစ်ပါတယ်။ ဒီအချိန်ထိအောင် ဘုရား  မဖြစ်သေးပါဘူး။ လူသားအဖြစ်နဲ့ လူသား ဘဝပဲ ရှိနေ ပါသေးတယ်။ လူသားဆိုပေမယ့် သာမန်လူသားတော့ မဟုတ်တော့ပါဘူး။ "လက္ခဏာတော် ကြီးငယ်၊ အသွယ်သွယ်ဖြင့်၊ သပ္ပါယ်လှစွာ၊ ကိုယ်အင်္ဂါဝယ်၊ ပါရမီတော် အဟုန်၊ ကိုယ်လုံချုံ၍၊ မွှမ်းထုံသင်းကြူ၊ သယမ္ဘူဟု ဆိုတဲ့ စကားအတိုင်း လက်က္ခဏာတော် ကြီးငယ် အသွယ်သွယ် တွေနဲ့ တင့်တယ် လှပတဲ့ ကိုယ်အင်္ဂါပိုင်ရှင် ဖြစ်ပါတယ်။ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလပတ်လုံး ဖြည့်ကျင့် ခဲ့တဲ့ ပါရမီတော်တွေနဲ့ ပြည့်စုံနေတဲ့ လူသားလည်း ဖြစ်ပါတယ်။ အဲဒီလို ထူးခြားမှုတွေနဲ့ ပြည့်စုံနေတဲ့အတွက် သာမန်လူသား မဟုတ်တော့ဘူး ဆိုတာကိုတော့ သတိပြုကြရမှာ ဖြစ်ပါတယ်။
ဆက်ရန်.......
ဓမ္မဒီပ ဆရာတော်
ပြင်ဦးလွင်မြို့
ဘဒ္ဒန္တ စန္ဒသီရိ

Please Share This Post

Share on Facebook Plus on Google+