သိပ္ပံ နှင့် အနုပညာကို အောင်သွယ်ခြင်း

ယနေ့ကမ္ဘာမှာ ကျွန်တော်တို့ အနေနဲ့ ယဉ်ကျေးမှု ၂ ခု (သိပ္ပံနဲ့ အနုပညာ) ကို တံတားထိုးပေးနိုင်မယ့် အတွေးအခေါ်သမားတစ်ယောက် လိုအပ်နေပါတယ်။ တကယ်လို့ အဲဒီလူက ၁၅၁၉ မှာ သေဆုံးသွားတယ် ဆိုရင်ရော? ဘယ်သူတွေများ ဂရုစိုက်ကြမှာလဲ။


နှစ်တစ်ထောင် အတွင်း အထူးချွန်ဆုံး genius : လီယိုနာဒို ဒါဗင်ချီ ၏ ကိုယ်တိုင်ရေး ပုံတူ : Gjon Mili//Time Life Pictures/Getty Images
ကျွန်တော့်အနေနဲ့ guardian.co.uk အွန်လိုင်း သတင်းစာက သတင်းထောက်တစ်ယောက် ဖြစ်တဲ့ ဂျော်နသန် ဂျုံး ရေးသားခဲ့တဲ့ Art v science – at last, the missing link ဆိုတဲ့ ဆောင်းပါးထဲက အချက်အလက်တစ်ချို့ကို ဘာသာပြန်ရင်း ကိုရင်တာ ရေးနေကြ ပုံစံမျိုးနဲ့ ကျွန်တော့် အမြင်တစ်ချို့ကို ဖြည့်စွက် တင်ပြအပ်ပါတယ်။
ဒေါက်တာ အောင်ဝင်းထွဋ်

ဂျုံး။ ကျွန်တော့် အနေနဲ့ မကြာသေးခင်က အာကာသ သိပ္ပံအကြောင်း ရေးဖြစ်ခဲ့ပါတယ်။ နောက် တစ်ရက် မှာတော့ အနုပညာနဲ့ ဆိုင်တဲ့ အကြောင်းတွေကို ရေးမိပြန်ပါတယ်။ တစ်ခါတစ်လေ မှာ သိပ္ပံနဲ့ ဝိဇ္ဇာ (အနုပညာ) နှစ်ခု ဆက်သွယ်မှု ဘယ်လို ရှိနိုင်မလဲ ဆိုတာကို စိတ်ကူးနေမိပါတယ်။ တကယ်တော့ အဲလို စိတ်ကူးမိတာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ သင့်အနေနဲ့ သိပ္ပံပြခန်းကို သွားတဲ့ အခါမှာ အနုပညာရှင်တစ်ယောက်က ပြခန်းကို ပြင်ဆင်နေတာကို မတွေ့ရတာ ကံကောင်းပါတယ်။ အမေရိကန် နိုင်ငံရဲ့ သဘာဝ သမိုင်း ပြတိုက်မှာ ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုရဲ့ ပုံတူ အထက်မှာ တာနီယာ ကိုဗက်စ် ရဲ့ အဆင့်ဆင့်တိုးတက်ပြောင်းလဲမှု (အီဗော်လူးရှင်း) သစ်ထွင်း ပန်းပုကို ချိတ်ဆွဲထားတာ တွေ့နိုင်ပါတယ်။
အောင်။ ကိုရင်ဂျုံးရေ ခင်ဗျားနဲ့ ကျွန်တော် စိတ်ကူးချင်းတူပါတယ်။ တကယ်တော့ ဘာသာရပ်တွေ ဆိုတာ လူတွေက သဘာဝလောကကြီးကို အကုန်အစင် တစ်ခါတည်း မလေ့လာနိုင်လို့ တစ်ပိုင်းစီ စိတ်ပိုင်း လေ့လာ ကြရတာ ဖြစ်ပုံရပါတယ်။ တကယ်တန်းက အားလုံးဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေကြတာပါပဲလေ။ အဲဒီ လျို့ဝှက်ချက်ကို နားလည်သဘောပေါက်ပြီး လက်တွေ့ ပေါင်းစပ် အသုံးချနိုင်စွမ်းရှိတဲ့ သူတွေဟာ genius တွေ ဖြစ်လာကြတာပဲ ထင်ပါရဲ့လေ။
ဂျုံး။ သိပ္ပံနဲ့ ဝိဇ္ဇာ တွေ ဆုံလိုက်တိုင်းမှာလဲ ပေါင်းစည်းရ ခက်ခဲတဲ့ ရလာဒ်တွေ ရလေ့ ရှိပါတယ်။ ကျွန်တော့်အနေနဲ့ အနုပညာ စွမ်းရည်ကို သိပ္ပံနဲ့ ပေါင်းစည်းဖို့ ဖြစ်နိုင်ချေကို သံသယ ဖြစ်ခဲ့ဘူးပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက အင်္ဂလန်မှာ ကျင်းပခဲ့တဲ့ ထောင်စုနှစ် ပွဲတော် အဆောက်အဦးရှေ့မှာ အန်တော်နီ ဂေါ်မလီ ရဲ့ ကွမ်တမ်လူသား ရုပ်တုကို စိုက်ကြည့်မိတိုင်း ကြောက်ရွံစိတ် ဖြစ်မိပါတယ်။ အမည် မဖေါ်လိုတဲ့ ပန်းချီဆရာ တစ်ယောက်ရဲ့ ဒြပ်စင်ဇယား လို့ အမည်ရတဲ့ ပန်းချီကားကလဲ ရူးကြောင်ကြောင် နိုင်လှပါတယ်။ ဆိုလိုချင်တာက အနုပညာရှင်တွေ ဟာ သိပ္ပံပညာကို ရုပ်လုံးဖေါ်တဲ့ နေရာမှာ အတော် ကို့ယို့ကားယား ဖြစ်နေပါတယ်။
အောင်။ အဲဒီကိစ္စက အတော်တော့ အပြောရခက်သား ဗျ။ တကယ်တော့ အနုပညာရှင် ဆိုတာကိုကလဲ နားလည်ရ ခက်တဲ့ လူစားမျိုးပဲလေ။ သူတို့ ပြောချင်တဲ့ အဓိပ္ပါယ်ကို သဘောပေါက်အောင် ကြိုးစားရတာကိုက မလွယ်လှပါဘူး။ သူတို့နားလည်တဲ့ သိပ္ပံသဘောတွေက ကျွန်တော်တို့နဲ့ တူချင်မှလဲ တူနိုင်မယ်ထင်ပါတယ်။ ကျွန်တော်ကတော့ ပန်းချီ၊ ပန်းပုထက် ရုပ်ရှင် ကို ပိုစိတ်ဝင်စားပါတယ်။ စာရေးဆရာ နဲ့ ဒါရိုက်တာ တစ်ချို့က သိပ္ပံပညာကို ကြောက်လန့်စရာ၊ အဆိုးမြင်ရိုက်ကူးချက်တွေ လဲ ကြည့်ခဲ့ဘူးပါတယ်။ တစ်ချို့အနုပညာရှင်တွေအတွက် သိပ္ပံဟာ အစွန်းတစ်ဘက် ရောက်နေနိုင်သလို သိပ္ပံသမားတွေဘက်ကလဲ အပြန်အလှန် ရှိနိုင်မယ် ထင်ပါတယ်။ ဒါပေမယ့် အများစုကတော့ သမမျှတမှုကို နားလည် လက်ခံကြမယ် လို့ ယူဆပါတယ်။ ပေါ်လွင်အောင် ဖေါ်ပြနိုင်ခြင်းမရှိတာကတော့ တစ်ဏ္ဍပဲလေ။
ဂျုံး။ ဒီ့အတွက် ကျွန်တော်တို့ လိုအပ်နေတာကတော့ သိပ္ပံပညာကိုရော အနုပညာကိုပါ နှံ့စပ် ကျွမ်းကျင်တဲ့ ပညာရှင် ဒါမှမဟုတ် အနုပညာရှင်လို တွေးတော လုပ်ကိုင်တတ်တဲ့ သိပ္ပံ ပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော့် အနေနဲ့ သိပ္ပံနဲ့ အနုပညာ ကြားက ပေါင်းကူး တစ်ခုကို ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။
၁၅၁၉ ခုနှစ်မှာ သူသေဆုံးခဲ့လို့လည်း ယဉ်ကျေးမှု နှစ်ခု ပေါင်းစည်းရာမှာ အတားအဆီး မဖြစ်စေခဲ့ပါဘူး။ ယနေ့ ဘယ်မော်ဒန် အနုပညာသမား ကမှ သူ့လိုမျိုး အသိပညာနဲ့ စိတ်ကူးယဉ်မှုတွေ ပေါင်းစပ်ထားတဲ့ သိပ္ပံပညာရဲ့ အိမ်မက်တွေကို ပေါ်လွင်အောင် မဖေါ်ပြနိုင်ကြပါဘူး။ ဘယ်အနုပညာရှင်ကမှ အခုလို ဒီဂျစ်တယ်ခေတ်မျိုးမှာ လူ့အဖွဲ့ အစည်းက ကတိပြုထားတဲ့ သုတေသန တွေ ဆက်သွယ်ရေးတွေနဲ့ ဒီမိုကရေစီတွေကို ပေါ်လွင်အောင် မချယ်မှုန်း ပြနိုင်ခဲ့သေးပါဘူး။
အောင်။ မောင်ရင်ဆိုလိုတာ မိုနာလီဇာဆိုတဲ့ ပန်းချီကားကို ဆွဲတဲ့ အီတလီသား ဒါဗင်ချီ မဟုတ်လား။ သူကတော့ တကယ့် ရှာမှရှားဆိုသလိုပါပဲလေ။ အဲ ကျွန်တော်တို့ဆီမှာလည်း စွယ်ယုံရတဲ့ ယောအတွင်းဝန် တို့ ရှိခဲ့သားခင်ဗျ။ ပန်းချီဆွဲတယ်လို့တော့ မကြားမိဘူး ခင်ဗျ။
ဂျုံး။ ဟုတ်ပါတယ် တကယ်တော့ ကျွန်တော် ပြောနေတာ လီယိုနာဒို ဒါဗင်ချီ အကြောင်းပဲ ဖြစ်ပါတယ်။ သူ့ ဥာဏ်အမြော်အမြင်နဲ့ သိပ္ပံနဲ့ အနုပညာ နှစ်ခု ကို ပေါင်းစပ် ရောမွှေပြီး တကယ့်ကို အံ့မခန်းတဲ့ ထူးခြားတဲ့ အရာတစ်ခုအဖြစ် ဖန်ဆင်းခဲ့တဲ့သူပါ။ လီယိုနာဒို အတွက်ကတော့ သိပ္ပံဟာ အနုပညာ ဖြစ်နေပြီး အနုပညာဟာလဲ သိပ္ပံပညာ တစ်ခုပါပဲ။ တကယ်တော့ ဒါဟာ သုတေသန ပြုချက် တစ်ခုလဲ ဖြစ်ပါတယ်။
အောင်။ တကယ့်ကို ထူးခြားတဲ့ အမြင်မျိုးရှိတဲ့ သူပဲဗျ။ ဒန်ဗရောင်း ရေးတဲ့ "ဒါဗင်စီ ကုဒ်" စာအုပ်ကို ဖတ်မိမှ တစ်ချို့ သတိမပြုမိတဲ့ အချက်တွေကို တွေးမိပါတယ်။ သူတစ်ယောက်တည်းကပဲ ပန်းချီ၊ ပန်းပု၊ အာခီတက်၊ အင်ဂျင်နီယာ နဲ့ သိပ္ပံပညာတွေမှာ တစ်ဘက်ကမ်း ခတ်နေလေတော့ ဒန်ဗရောင်းရဲ့ ပစ်မှတ် တစ်ခု ဖြစ်သွားရှာလေရဲ့ဗျာ။
ဂျုံး။ လီယိုနာဒိုအနေနဲ့ မျက်စိသူငယ်အိမ် တစ်ခုကို ပန်းချီဆွဲနေတဲ့ အချိန် တစ်ပြိုင်တည်းမှာ ပုံရိပ်တွေဟာ အဲဒီ အလင်းဝင်ပေါက် လေးကနေ ဦးဏှောက်ထဲကို ဘယ်လို ဝင်ရောက်သွားတာလဲ ဆိုတာကိုပါ အဖြေရှာနေခဲ့တာပါ။ သူ့ရဲ့ ခန္ဓာဗေဒ လေ့လာချက်တွေဟာ ဆေးသိပ္ပံ ကို အများကြီး အထောက်အကူပြုခဲ့ပါတယ်။ ဒါကြောင့် အဲဒီလေ့လာချက်တွေကို ပန်းချီဆရာတွေသာမကဘဲ နှလုံးခွဲစိတ်ကု ဆရာဝန်တွေကပါ လေ့လာကြရတာ ဖြစ်ပါတယ်။
အောင်။ ဘာလုပ်လုပ် စနစ်တကျ လေ့လာစူးစမ်းသလောက် မှတ်တမ်းကောင်းကောင်း ပြုစုခဲ့တဲ့ genius တစ်ယောက်ပါပဲဗျာ။ ကျွန်တော်တို့ ယောအတွင်းဝန် ဦးဘိုးလှိုင်ကြီးလည်း ဆေးကျမ်းတွေ၊ လောကဓာတ်ကျမ်းတွေ အတော်ကြီးရေးခဲသေးသဗျ။ ဥတုဘောဇန သင်္ဂဟ ကျမ်းဆိုရင် ခုအချိန်ထိ ခေတ်မီနေတုန်းပဲ။
ဂျုံး။ ကျွန်တော့်အနေနဲ့ ဒါဗင်ချီနဲ့ မိုက်ကယ် အိန်ဂျလို တို့ နှစ်ယောက် အကြောင်းကို ရေးသားခဲ့တဲ့ The Lost Battles စာအုပ်ကို ကိစ္စကြောင့် သုတေသနတွေ နက်နက်ရှိုင်းရှိုင်း လုပ်ဖြစ်ခဲ့ပါတယ်။ ရလာဒ်ကတော့ ကျွန်တော် စိတ်ကူးထဲက ပုံဖေါ်ခဲ့တဲ့ genius တစ်ယောက်ရဲ့ စိတ်ကူးတွေထက် အံ့သြဖို့ကောင်းလောက်အောင် အဆပေါင်းများစွာ လှပတဲ့ အိုင်ဒီယာတွေကို မှန်းဆကြည့်လို့ ရခဲ့တာပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒါဗင်ချီဟာ ဒီထောင်စုနှစ်အတွင်းမှာတော့ ကျွန်တော်တို့ရဲ့ နည်းပညာ အဆောက်အဦးကို အလှပဆုံး ချယ်မှုန်းနိုင်ခဲ့တဲ့ တစ်ဦးတည်းသော အနုပညာနဲ့ သိပ္ပံပညာရှင် တစ်ယောက် လို့သာ ကောက်ချက်ချလိုက်မိပါတော့တယ် ခင်ဗျာ။
အောင်။ ကျွန်တော့်အနေနဲ့ ဒါဗင်ချီရဲ့ တီထွင်မှု အချို့ကို ဒစ်စကာဗာရီ ဒီဗီဒီ တွေ က တဆင့် ကြည့်ရှုလေ့လာခဲ့ဘူးပါတယ်။ ကြိုး၊ ပူလီ၊ သံပါတ်နဲ့ ခွေးသွားစိတ်၊ ကမ် လောက်သာ ရှိတဲ့ အချိန်က သူလုပ်ပြခဲ့တဲ့ အလိုလို လှုပ်ရှားနိုင်တဲ့ ချပ်ဝတ်အင်္ကျီ၊ ပြင်သစ်ဘုရင်ကို လက်ဆောင်ပေးခဲ့တဲ့ ခြင်္သေ့ရုပ် စတာတွေကိုကြည့်ရင်း အဲဒီအချိန်က ဒီလူ့လက်ထဲသာ ကွန်ပျူတာ တစ်လုံးလောက် ထည့်ပေးခဲ့နိုင်မယ်ဆိုရင် ဘာများ ဖြစ်သွားနိုင်မလဲ ဆိုတာကို တွေးစရာ ဖြစ်လာပါတယ်။
     ဆာအာသာ ကိုနင်ဒွိုင်း ဟာ သူ့ရဲ့ ဇာတ်ကောင် ရှားလော့ခ်ဟုမ်းကို ဖန်တီးခဲ့စဉ်က ဆန့်ကျင်ဘက် အရည်အသွေးတွေကို တမင်တကာ ထည့်သွင်းပေးထားခဲ့တာ ဖြစ်ပုံရပါတယ်။ စဉ်းစားတွေးခေါ်နိုင်စွမ်း မြင့်မားသလို သန်မာဖြတ်လတ်တယ်။ မှုခင်းဆိုင်ရာ သိပ္ပံပညာ ကို နက်နက်ရှိုင်းရှိုင်း နားလည်သလောက် တယောလေး တစ်လက်နဲ့ ဦးဏှောက်ကို အနားပေးတတ်တဲ့ ရှားလော့ခ်ဟုမ်းရဲ့ စတိုင်ဟာ ကျွန်တော်တို့ရင်ထင်မှာ ရှင်သန် စွဲကျန်ရစ်ခဲ့ တုန်းပါ။ သိပ္ပံပညာရဲ့ တိကျမှုတွေကို အနုပညာရဲ့ လှပ သိမ်မွေ့တဲ့ ကောက်ကြောင်းတွေနဲ့ အနားကွပ်လိုက်တဲ့ အခါမှာ ပြီးပြည့်စုံတဲ့ ပန်းချီကား တစ်ချပ် ဖြစ်လာသလိုပါပဲ။ ဒါပေမယ့် တကယ်တော့ ဒါဟာ စိတ်ကူးထဲက ဇာတ်ကောင်ပဲ ရှိပါသေးတယ်။ လူတိုင်းသိတဲ့ ဥပမာ တစ်ခုကတော့ ကျွန်တော်တို့ရဲ့ ဥာဏ်ကြီးရှင် အိုင်းစတိုင်းပဲ ဖြစ်ပါတယ်။ ခက်ခဲနက်နဲ့ တဲ့ ပြဿနာတွေကို ခေါင်းပူအောင် စဉ်းစားပြီးတိုင်းမှာ တယောလေး တစ်လက်နဲ့ အနားယူတတ်တဲ့ သူ့ဘဝကို အားကျမိပါတယ်။ ကျွန်တော်သိထားတဲ့ နောက်တစ်ယောက်ကတော့ "ကစားတဲ့ ပါမောက္ခ" လို့ နာမည်ကြီးတဲ့ သိပ္ပံပညာရှင် ရစ်ချတ်ဖိုင်းမန်း ပဲ ဖြစ်ပါတယ်။ ကဲ စာဖတ်သူတို့ အနေနဲ့ရော ကိုယ့်ကိုယ်ကို မေးကြည့်ကြစေချင်ပါတယ်။ ကျွန်တော်တို့ ဘဝမှာ နည်းပညာတွေ၊ သိပ္ပံပညာတွေနဲ့ အနုပညာကို ဘယ်လို အချိုးနဲ့များ ရောသမမွှေကြရင် ကောင်းမလဲ ဆိုတာကိုပေါ့လေ။
ဒေါက်တာ အောင်ဝင်းထွဋ်
Ph.D(E.P) M.P.E.I
http://www.engineer4myanmar.com
http://www.wikimyanmar.co.cc

Please Share This Post

Share on Facebook Plus on Google+