ကျွန်တော် လေးစားမိသော ပညာရှင်များ နှင့် နည်းပညာများကို ဘာသာပြန်ဆိုခြင်း

     ကျွန်တော် ငယ်စဉ် ထဲ က ပညာကို အငမ်းမရ လိုချင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ခေတ် အဲဒီ အချိန်က ကျွန်တော် လိုချင်တဲ့ ပညာရပ် တွေကို မြန်မာပြည်မှာ ဘယ်နေရာကမှ လွယ်လွယ်နဲ့ မရခဲ့ပါဘူး။ အတော်လေး စိတ်ထဲမှာ အားမလို အားမရ ဖြစ်ခဲ့ရပါတယ်။ စာအုပ် စာတမ်းဆိုတာလဲ လက်လှမ်းကို မမီနိုင်တဲ့ အနေအထားမျိုး ဖြစ်ခဲ့ရပါတယ်။ အဲဒီလို အချိန်မျိုးမှာ ဆရာကြီး အတော်များများရဲ့ စာအုပ်ကလေးတွေ မြန်မာဘာသာနဲ့ ထွက်လာပါတယ်။ ဈေးနှုန်းကလဲ မဆိုးပါဘူး။ ကျွန်တော့် အတွက်တော့ ဆရာကြီး ဦးအောင်မြင့် ရဲ့ FORTRAN 77 နဲ့ C အစရှိတဲ့ စာအုပ်လေးတွေက ဘဝကို ပြောင်းလဲ ပေးခဲ့ပါတယ်။ ဆရာကြီး ဦးဖေသိန်း (လျှပ်စစ်)၊ ဆရာကြီး ဦးအုန်းမောင် (ဒီဇယ်) တို့ရဲ့ စာအုပ်လေးတွေကလဲ ကျွန်တော့် အတွက် လက်စွဲပါပဲ။ အခြား ပညာရပ်ဆိုင်ရာ စာအုပ် တွေလဲ အများအပြား ပေါ်ထွက်လာပါတယ်။ ကိုတာ၊ ဘိုးလှိုင် အစရှိတဲ့ ခေတ် အမြင် ခေတ် အတွေးနဲ့ ထက်မြက်တဲ့ စာရေးဆရာတွေ အများကြီး ပေါ်လာလို့ လဲ ဝမ်းသာမိပါတယ်။ အချို့ က ဆရာကြီးတွေရဲ့ စာအုပ်တွေကို အခြေခံတွေပဲ ရေးထားတဲ့ အတွက် အထင်သေး သလို ပြောတာ ဆိုတာ ကြားခဲ့ဘူးပါတယ်။ ကျွန်တော် ငယ်စဉ်ကလဲ အနည်းငယ် နားယောင်သလို ဖြစ်ခဲ့မိပါသေးတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အဲဒီ အခြေခံတွေရဲ့ တန်ဖိုးကို တကယ် နားလည်လာပြီး မြန်မာ လူငယ်တွေ စတင်လေ့လာကာစမှာ လွယ်ကူရလေအောင် လှေကားတစ်ထစ် ဖန်တီးပေးခဲ့တဲ့ ဆရာကြီးတွေရဲ့ ကျေးဇူးတရားတွေကို တစ်နေ့ထက် တစ်နေ့ ပိုပြီး နားလည်လာရတာမို့ ဒီဆောင်းပါးလေးနဲ့ ဆရာကြီးတွေကို ဂုဏ်ပြု ပူဇော်လိုက်ပါတယ်။ ဆရာကြီးတွေ အနေနဲ့ ဒီထက်ပိုပြီး ခက်ခဲ နက်နဲတဲ့ ပညာရပ်တွေကို မြန်မာဘာသာနဲ့ ရေးသား ဖြန့်ဝေ နိုင်ပါစေလို့လဲ ဆုတောင်းမိပါတယ်။
     တစ်ဆက်တည်းမှာလဲ အခြေခံ အဆင့်အပြင် အခြား အဆင့်မြင့်တဲ့ အကြောင်းအရာတွေကိုပါ မြန်မာဘာသာ နဲ့ လူပြိန်း နားလည်အောင် ရေးသားကြမယ်ဆိုရင် ပိုပြီး အကျိုးရှိမယ်လို့ ယူဆမိပါတယ်။ ကျွန်တော် ပြည်ပမှာ နေစဉ်တုန်းက စာအုပ်ဆိုင်ကြီးတွေမှာ ဘာသာရပ်ပေါင်း အကြောင်းအရာပေါင်း များစွာကို သူတို့ မိခင် ဘာသာစကားနဲ့ ပြန်ဆိုရေးသားထားတာကို တွေ့ခဲ့ရလို့ အားကျခဲ့ရပါတယ်။ ဒါပေမယ့် ပညာတတ် အသိုင်းအဝိုင်းမှာ အဆင့်မြင့် ပညာရပ်တွေကို ဘာသာပြန်ဆိုဖို့ ကိစ္စကို အငြင်းပွားနေကြတုန်းပါပဲ။ အတော်များများက အဆင့်မြင့်ပညာရပ်တွေကို လေ့လာနေတဲ့ သူတစ်ယောက်အဖို့ ကမ္ဘာသုံး အင်္ဂလိပ် သာသာစကားနဲ့ လေ့လာတာက ပိုမို အကျိုး ဖြစ်ထွန်း စရာရှိတယ်လို့ ယုံကြည်နေကြပါတယ်။ ဒါလဲ တစ်ဘက်က ကြည့်ရင် မှန်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အခုလောလောဆယ်မှာ အရမ်းမြင့်တဲ့ ပညာရပ်တွေကို အင်္ဂလိပ်လိုသာ ဆက်လေ့လာနိုင်တာ ကြောင့်ပါပဲ။ ဒါပေမယ့် တကယ်လို့ အဲလို အရမ်းအဆင့်မြင့်တဲ့ ပညာရပ်တွေကိုပါ မြန်မာ ပညာရှင်တွေက ဝိုင်းဝန်းပြီး ရေးသားစီရင် ကြမယ်ဆိုရင် ဆက်လက် လေ့လာဖို့ကိုပါ အထောက်အကူ ပြုနိုင်မယ်လို့ ယူဆမိပါတယ်။ နောက်တစ်ခုက ဘာသာပြန်ရာမှာ အယူအဆ အတွေးအခေါ်ပိုင်းတွေကိုသာ ဘာသာပြန်ဆိုပြီး နည်းပညာပိုင်းဆိုင်ရာ အသုံးအနှုန်းများ (Terms) များကို မူရင်း အတိုင်း သုံးစွဲ ရှင်းလင်း ရေးသားကြမယ်ဆိုရင် အင်္ဂလိပ်လို ဆက်လက် လေ့လာသူများအတွက် လဲ အခက်အခဲ နည်းပါးသွားမယ် လို့ တွေးမိပါတယ်။
     နည်းပညာကို လေ့လာရာမှာ အခက်ခဲဆုံးက အယူအဆ အတွေးအခေါ်ပိုင်း ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီ အယူအဆ အတွေးအခေါ်တွေကို တိုင်းတပါး ဘာသာစကားနဲ့ လေ့လာရတာ အတော့်ကို ခက်ခဲပါတယ်။ ၆ နှစ်ကျော် သူများ ဘာသာစကားနဲ့ သင်ခဲ့ရတဲ့ ပညာရပ်တွေကို ကိုယ့် မိခင်ဘာသာစကားနဲ့ သာ သင်ခွင့် ရမယ်ဆိုရင် အကြာဆုံး ၃ နှစ်လောက်နဲ့ သင်ယူနိုင်မယ်လို့လည်း သုံးသပ်မိပါတယ်။ ဒါကြောင့် ကျွန်တော့် အနေနဲ့ မိခင်ဘာသာစကား နဲ့ ဘာသာပြန်ဆိုခြင်းကို အားပေးကြိုဆိုချင်ပါတယ် ခင်ဗျား။
ဒေါက်တာ အောင်ဝင်းထွဋ်

Please Share This Post

Share on Facebook Plus on Google+

3 ယောက်က ဒီလိုပြောတယ်

ကိုညီကို ဘန်းတယ်လို့ ကြားတော့ မယုံဘူးလေ။ ဒါနဲ့ ဘလူးကော ပါလားမေးလိုက်တော့ သူတို့က ဘလူးကို မသိဘူးတဲ့ အေးလေ မသိရင်လည်း အမဘာသာ သွားဖွင့်ကြည့်မယ်ဆိုပြီး လာခဲ့တာ။ ဘယ်လိုပဲဖြစ်ဖြစ် လမ်းရှိနေသရွေ့ ဆက်လျှောက်ရမှာပေါ့။

အခုမှ မန့်ထားတာတွေ့တယ်.. :D ခုလို အားပေးတာ ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ

လျှပ်စစ်စတင်တီထွင်သူကို သိပါရစေ ခင်ဗျာ
ထို့အတူ ရေအား လေအား နေအား အပြင် ဘာလျှပ်စစ်များရှိပါသေးသလဲခင်ဗျာ
လျှပ်စစ်ရဲ့ ကြိမ်နှုန်းဟာ တစ်စက္ကန့်မှာ ဘယ်လောက် ပြေးပြီး
ဝပ်ဘယ်လောက်ဟာ လျှပ်စစ် စွမ်းအင်မည်မျှပေးနိုင်ကြောင်းကိုလည်း သိချင်ပါတယ်ခင်ဗျာ
ကျေးဇူးပြု၍ သိတဲ့ဆရာများ ပြောကြားပေးပါ