Plasma (Physics) ပလတ်စမာ ဆိုတာ ဘာလဲ ?

States of matter ကို classical physics မှာ သင်ခဲ့ရတုန်းက  အခဲ၊ အရည်၊ အငွေ့ ဆိုပြီး ၃ မျိုးပဲ သင်ခဲ့ ရပါတယ်။ အခုတော့ ပလတ်စမာ တစ်ခုတိုးပြီး ၄ မျိုး အနည်းဆုံး ရှိနေပါပြီ။ တကယ်က နောက်ထပ် အထူးအခြေအနေတွေမှာ ဖြစ်တဲ့ states တွေ ရှိနေပါသေးတယ်။ အခုလောလောဆယ်တော့ ပလတ်စမာ အကြောင်းလေး အနည်းငယ် ဆွေးနွေးလိုပါတယ်။
Plasma ပလတ်စမာ - ဆိုသည်မှာ အငွေ့အခြေအနေ တွင် ရှိသော matter တစ်ခု၏ အက်တမ် သို့မဟုတ် မော်လီကျူး အစိတ်အပိုင်းများ သည် အိုင်းယွန်းများ အဖြစ် ပြိုကွဲနေခြင်းကို ခေါ်သည်။ ပလတ်စမာ တွင် လျှပ်စစ်ဓါတ်မဲ့ အမှုန်များ၊ လျှပ်စစ်ဖိုဆောင်သော အိုင်းယွန်းများ (အီလက်ထရွန် တစ်ခုသို့ တစ်ခုထက်ပိုပြီး လျော့နည်းနေသာ အက်တမ် သို့မဟုတ် မော်လီကျူးများ) နှင့် လျှပ်စစ်အမဓါတ်ဆောင်သော အီလက်ထရွန်များ ရောနှော ပါဝင်သည်။ ပလတ်စမာ သည် လျှပ်စစ်ဖြတ်စီးနိုင်သော သတ္တိ ရှိသည်။ သို့သော် Debye အလျားထက် ထုထည်ပိုကြီးပါက လျှပ်စစ်မဲ့သော အပြုအမူရှိသည်။ အကယ်၍ Debye အလျားထက် အကွာအဝေးပို နီးပါက ပလတ်စမာသည် အစုအစည်းလိုက် မရှိတော့ဘဲ လျှပ်စစ်စက်ကွင်း ကဲ့သို့သော အတားအဆီးမျိုးကို သီးခြားစီ တုန့်ပြန်သော သဘာဝ ရှိသည်။
ကမ္ဘာပေါ်တွင် ပလတ်စမာသည် ၂၀ ရာခိုင်နှုန်းခန့် အိုင်းယွန်း ဖြစ်နေသော လေ မော်လီကျူးများနှင့် မီးတောက် များပါဝင်သော အလွန် ကျဉ်းမြောင်းသည့် မိုးကြိုးလျှပ်စီး လမ်းကြောင်း မျိုးမှ အပ သဘာဝ အလျောက် ဖြစ်ပေါ်လေ့ မရှိပေ။ သတ္တုများတွင် ရှိသော လွတ်လပ်နေသည့် အီလက်ထရွန်များကိုလည်း ပလတ်စမာ အဖြစ် သတ်မှတ်နိုင်သည်။ အိုင်းယွန်းဖြစ်ရခြင်းမှာ နေ နှင့် ကြယ်များ တွင်ကဲ့သို့ အလွန် မြင့်မားသော အပူချိန်ကြောင့် သို့မဟုတ် ဂယ်လက်ဆီ တစ်ခုအတွင်းရှိ ကြယ်များ ကြားရှိ ဓါတ်ငွေ့များတွင် အိုင်ယွန်းဖြစ်ခြင်း ကဲ့သို့ ရောင်ခြည် ဖြာထွက်ခြင်းကြောင့် သို့မဟုတ် ကမ္ဘာ့အပေါ်လွှာ ဖြစ်သော အိုင်ယွန်နိုစဖီးယား တွင် aurora အော်ရော့ရာ ဖြစ်ပွားသကဲ့သို့ ပင် ဖြစ်သည်။
ပလတ်စမာကို နီယွန် မီးချောင်း ကဲ့သို့သော ဖိအားနည်း ဓါတ်ငွေ့များ ထည့်ထားသည့် ဖန်ပြွန်အနီးသို့ လျှပ်စစ်စက်ကွင်း ဖြစ်ပေါ်စေခြင်းဖြင့် ဖန်တီးပေးနိုင်သည်။ ထို့ပြင် လျှပ်စစ်ဓါတ်မဲ့ ဓါတ်ငွေ့များကို အပူချိန် မြင့်မားစွာ ပေးခြင်းဖြင့်လည်း ပလတ်စမာ ကို ဖန်တီးယူနိုင်သည်။ ပုံမှန်အားဖြင့် အလွန်မြင့်မားသော အဆိုပါ အပူချိန်ကို ပြင်ပမှ ဖန်တီးပေးရန် ဆိုသည်မှာ မလွယ်ကူလှပေ။ ထို့ကြောင့် ဓါတ်ငွေ့များအတွင်းသို့ အရှိန်မြင့် အိုင်းယွန်းများ သို့မဟုတ် အီလက်ထရွန်များကို ထည့်သွင်းပေးပြီး ဓါတ်ငွေ့အတွင်းရှိ အမှုန်များနှင့် တိုက်မိစေပြီး ၄င်းတို့၏ အပူစွမ်းအင်ကို ထွက်ပေါ်လာအောင် လုပ်ခြင်းဖြင့် ပလတ်စမာ ပြုလုပ်လေ့ ရှိကြသည်။ ဓါတ်ငွေ့များ အတွင်းရှိ အီလက်ထရွန်များကို အပြင်မှ လျှပ်စစ် စက်ကွင်းဖြင့် အရှိန်မြှင့်ပေးခြင်းဖြင့်လည်း ပြုလုပ်နိုင်သည်။ အဆိုပါ ပလတ်စမာများရှိ အိုင်းယွန်းများကို တပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်ရာတွင် မျက်နှာပြင်များ ပုံဖေါ်ရန် နှင့် အရာဝတ္ထုများ၏ ဂုဏ်သတ္တိများကို ပြောင်းလဲ ပစ်နိုင်ရန် အတွက် အသုံးချနိုင်သည်။
အလွန်ပူသော ပလတ်စမာများ ရှိ အမှုန်များ တစ်ခုနှင့် တစ်ခု တိုက်မိခြင်းမှ နယူကလီးယား တုံ့ပြန်မှုများ ဖြစ်ပေါ်ရန် လုံလောက်သော စွမ်းအင်များ ရရှိလာကြသည်။ အဆိုပါ fusion reaction သည် နေ၏ အတွင်းပိုင်းရှိ အပူ၏ အရင်းအမြစ်ပင် ဖြစ်သည်။ ထို့ကြောင့် သိပ္ပံပညာရှင်များအဖို့ ဓါတ်ခွဲခန်းများအတွင်း အဆိုပါ လူလုပ် ပလတ်စမာ များ ထုတ်လုပ်ရန် ကြိုးစားနေကြသည်။ ၄င်း ပလတ်စမာများ၏ fusion reaction မှ တစ်ဆင့် လျှပ်စစ်စွမ်းအားထုတ်ယူရန် အဓိက ရည်ရွယ် ကြိုးစားနေကြခြင်းပင် ဖြစ်ပါသည် ခင်ဗျား။

Please Share This Post

Share on Facebook Plus on Google+