ကျွန်တော် ပြောပြချင်တာလေးတွေ ရှိပါတယ်။ ကျွန်တော် အခုရေးနေတဲ့ သိပ္ပံပညာရှင်တွေရဲ့ အတ္ထုပတ္တိမျိုးကို အရင် က ပညာရှင်တွေ အများကြီး ရေးခဲ့ကြ၊ ဘာသာပြန်ခဲ့ကြတာ ရှိမှာပါပဲ။ ဒါပေမယ့် ကျွန်တော် အခုရေးချင်တဲ့ ပုံစံက အနည်းငယ် ထူးခြားပါတယ်။ ပထမဆုံး သူတို့ရဲ့ ဘဝနဲ့ ဖြစ်စဉ်တွေကို အကြမ်းဖျင်း ရေးမယ်။ အဲဒီလို ရေးဖို့ Encarta 2009 ကနေ ဘာသာ ပြန်ဖြစ်တာ များပါတယ်။ နောက်ထပ် အသေးစိတ်ကို http://en.wikipedia.org နဲ့ အင်တာနက် ကနေ ရှာပြီး ရေးပါမယ်။ အဲဒီလို ရေးရာကနေ ဖြစ်နိုင်ရင် သူတို့ တီထွင် စမ်းသပ်ခဲ့တဲ့ အကြောင်းလေးတွေကို လက်ရှိ နည်းပညာ ကောလိပ် နဲ့ တက္ကသိုလ်များမှာ ပြဌာန်းထားတဲ့ သင်ရိုးများနဲ့ နှိုင်းယှဉ်ပြီး နည်းပညာ ရှုဒေါင့်ကနေပြီး ချဲ့ထွင် ရေးသားဖို့ ရာ ဖြစ်ပါတယ်။
ကျွန်တော် ပြည်ပ မှာ စာသင်လို့ အတော်လေး ကြာမှ အဲဒီလို အမြင်တွေကို ငယ်စဉ်ထဲက သိထားဖို့ရာ လိုအပ်တယ် ဆိုတာ သဘောပေါက်လာတာပါ။ သိပ္ပံပညာဆိုတာဘာလဲ၊ လက်တွေ့ စမ်းသပ်မှုတွေကို ဘယ်လို စတင်လုပ်ဆောင်ရမလဲ၊ အဲလို တီထွင်ဖို့ ဘယ်လို အခြေခံတွေလိုအပ်မလဲ၊ ကျောင်းတွေက သင်နေတဲ့ ဘာသာရပ်တွေကို ဘယ်နေရာတွေမှာ အသုံးချနေတာလဲ၊ ဘယ်သူက စတီထွင်ပြီး ဘယ်လို စမ်းသပ် သက်သေ ပြခဲ့တာလဲ၊ အဲဒီ ပညာရပ်တွေမှာ ဘာတွေ ဆက်လေ့လာဖို့ လိုနေသေးလဲ၊ ဘယ်ပညာရပ်နဲ့ ဘယ်ပညာရပ်က ဆက်စပ်မှု ရှိသလဲ၊ သိပ္ပံပညာရှင်တွေ အငြင်းပွားခဲ့ရတဲ့ အချက်တွေ ဘာတွေ ရှိသလဲ၊ အဲဒီ အငြင်းပွားမှုတွေကို ဘယ်လို ဖြေရှင်းခဲ့ကြသလဲ၊ သိပ္ပံပညာရပ် နဲ့ ဆိုင်တဲ့ ဖီလိုဆိုဖီ တွေက ဘာတွေလဲ စတဲ့ မြောက်မြားလှတဲ့ လဲ ပေါင်းများစွာကို အမြည်းသဘော တင်ပြလိုတာပဲ ဖြစ်ပါတယ်။
ကျွန်တော် ဆိုလိုတဲ့ အဓိပ္ပါယ်ကို နားမလည်တဲ့ ဖေါ်ရမ်တစ်ခုက အက်ဒမင်များက ကျွန်တော့် Thread ကို ပိတ်ပစ်တာ ခံလိုက်ရပါတယ်။ နည်းပညာ ခေါင်းစဉ်အောက်မှာ အတ္ထုပတ္တိ ရေးခွင့် မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။ တကယ်တော့ ဆက်စပ်မှု မရှိဘူးလို့ ယူဆရင်တောင် Thread ကို ပိတ်မပစ်ဘဲ သင့်တော်တဲ့ ခေါင်းစဉ်အောက် ပြောင်းပေးသင့်ပါတယ်။ မြန်မာပြည်ကနေ အင်တာနက် မှာ စာရေးရတာ ဘယ်လောက် ခက်ခဲတယ် ဆိုတာ ကြုံဘူးသူတိုင်း နားလည်ပါတယ်။ အင်တာနက်လေး ရတုန်း တစ်ညလုံး စဉ်းစားထားတာလေးကို ဆက်ရေးမယ် ကြံလိုက်တဲ့ အချိန် Thread ပိတ်ထားလို့ ရေးခွင့် မရှိတော့တာကို အတော်လေး ခံစားလိုက်ရပါတယ်။ ရှိပါစေတော့လေ။ အခုလောလောဆယ် သင့်တော်တဲ့ ဖေါ်ရမ် တစ်ခုကို ရှာရင်း ကျွန်တော့် ဘလောက်လေးမှာပဲ ဆက်လက် တင်ပြပေးသွားမှာ ဖြစ်ပါတယ်။
တကယ်တန်း ကျွန်တော် ရေးဖြစ်တဲ့ အချိန်မှာ အကိုးအကား က သိပ်မစုံလင်ပါဘူး။ အင်တာနက်ကလဲ ရခဲပါတယ်။ ဒါကြောင့် ကျွန်တော့် အချက်အလက်လေးတွေ လိုနေတာ၊ မမှန်ကန်တာ၊ လွဲချော်နေတာ၊ အဆင်မပြေတာများ ရှိခဲ့တယ်ထင်ရင် လွတ်လွတ်လပ်လပ် ဆွေးနွေး၊ ညွှန်ပြ၊ တည့်မတ်ပေးကြပါလို့ အနူးအညွှတ် မေတ္တာရပ်ခံပါတယ်ခင်ဗျာ။

စာဖတ်သူများအား ခင်မင် လေးစားလျက်
ဒေါက်တာ အောင်ဝင်းထွဋ်(M.P.E.I)
ဒေါက်တာ အောင်ဝင်းထွဋ်(M.P.E.I)
1 ယောက်က ဒီလိုပြောတယ်:
အကို့ စိတ်ကူးလေး ကောင်းတယ်အကို :)