မြန်မာဝီကီ ညီအကို ပရောဂျက် အကြံပြုရန် အတွက် ရေးသားခဲ့တာ ဖြစ်ပါတယ်။
ကျွန်တော့် အနေနဲ့ အခြေခိုင်ပြီးသား ဝီကီမှာ ဝင်ရောက်ရေးသားဖို့ထက် မရှိသေးပေမယ့် ပေါ်ပေါက်လာလျှင် အင်မတန် အကျိုးများနိုင်မယ့် ဝီကီရဲ့ ညီအကို ပရောဂျက်တွေကို ဖြစ်ထွန်းလာဖို့ ကြိုးစားနေပါတယ်။ အဲဒီ ပရောဂျက်တွေထဲက တစ်ခု ဖြစ်တဲ့ ဝီကီ ယူနီဗာစီတီကို စတင်လုပ်ဆောင်ဖို့ အကြံပြု တင်ပြလိုပါတယ်။ ကိုစည်သူအောင်ရဲ့ http://edu.mysteryzillion.org ပုံစံမျိုးကို အခြေခံပြီး ဖြစ်စေ ပူးပေါင်းပြီး ဖြစ်စေ လုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်။ ဝီကီ ယူနီဗာစီတီ မှာ အဝေးသင် တက္ကသိုလ် တစ်ခု အသွင်သို့ ဆောင်သော လေ့လာမှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ပါတယ်။ မြန်မာပြည်တွင်း သင်ရိုးများကို အခြေခံ မွမ်းမံထားတဲ့ သင်ခန်းစာများကို ထည့်သွင်းလိုပါတယ်။ အထူးသဖြင့် အဝေးသင်ကျောင်းသားများအတွက် ရည်ရွယ်ပါတယ်။ မြန်မာပြည်မှာ ပြုလုပ်ပြီး အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ အဝေးသင် သင်ခန်းစာ မီဒီယာများကို အခြေခံကာ ပြင်ပ အထောက်အကူ များ ဖြင့် ထပ်မံ အားဖြည့်ရန် ရည်ရွယ်ပါတယ်။ ဘာသာရပ်တစ်ခုကို ဘွဲ့ အနေနဲ့ မပေးနိုင်သော်လည်း လေ့လာသူများ အမှန်တကယ် တတ်ကျွမ်းအောင် လုပ်ဆောင်ပေးချင်ပါတယ်။ အခြား အသက်မွေးဝမ်းကျောင်း ပညာများကိုလည်း ကျွမ်းကျင်သူများက နည်းနည်းချင်း ရေးသား ပို့ချကြစေလိုပါတယ်။ ဒီအတွက် တက္ကသိုလ် ကောလိပ်များက နည်းပြများ၊ ကထိက ပါမောက္ခများ၊ နည်းပညာရှင်၊ အတတ်ပညာရှင်များ၊ အသက်မွေးဝမ်းကျောင်း ပညာသည်များ ပါဝင်လာအောင် စည်းရုံးရမှာ ဖြစ်ပါတယ်။ ဒီအတွက် အခက်အခဲ အလွန်ရှိပါတယ်။ သို့သော် အတတ်နိုင်ဆုံး လုပ်ဆောင်သွားဖို့ ရည်မှန်းထားပါတယ်။ ကျွန်တော်ကိုယ်တိုင် ကျောင်းသင်ခန်းစာများ စတင်သင်ကြားရတာနဲ့ တစ်ပြိုင်နက် ဒီပရောဂျက်ကို စတင်နိုင်ဖို့ မျှော်လင့် ထားပါကြောင်းခင်ဗျား။