Unix/Linux ပေါ်မှာ C programming ရေးကြရအောင် (၁)


C programming language အကြောင်းကို မပြောခင်မှာ UNIX operating system အကြောင်းကို ပြောပြချင်ပါတယ်။ UNIX ကို တစ်ဦး တစ်ယောက် တစ်ကုမ္ပဏီကောင်း ရေးသားခဲ့တာမဟုတ်ဘဲ အဖွဲ့အများ စုစည်းရေးသားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အကြံဥာဏ်ကောင်းများစွာ စုစည်း ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် UNIX မူကွဲများစွာ ဖြစ်ပေါ်လာပြီး ၄င်းတို့ အားလုံးမှာ အလုပ်လုပ်တဲ့ software တွေ ရေးသားဖို့ ခက်ခဲလာတဲ့အတွက် standard တစ်ခု ဖြစ်ပေါ်လာဖို့အထိ တွန်းအားတွေ ဖြစ်လာခဲ့ရပါတယ်။ 
UNIX ရဲ့ ပထမဆုံး version ကို (AT&T တယ်လီဖုန်း ကုမ္ပဏီရဲ့ ဌာနခွဲတစ်ခုဖြစ်တဲ့ Bell Lab မှာ လုပ်ကိုင်နေတဲ့) Ken Thompson က 1969 ခုနှစ်မှာ ရေးသား ခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ (Linus Torvalds ကို မွေးဖွားခဲ့တာပါ)။ Digital PDP-7 မီနီကွန်ပျူတာ အတွက် assembley language ကို အသုံးပြုပြီး ရေးသားခဲ့တာ ဖြစ်ပါတယ်။ UNIX ဟာ AT&T နဲ့ MIT တို့ ပူးတွဲလုပ်ဆောင်ခဲ့တဲ့ MULTICS (Multiplexed Information and Computing Service) operating system ထဲက tree-structured file system၊ shell နဲ့ file တည်ဆောက်ပုံ စတာတွေကို အခြေခံခဲ့ပါတယ်။ 
1970 မှာ ပိုပြီး စွမ်းရည်မြင့်လာတဲ့ PDP-11 ကွန်ပျူတာ အတွက် UNIX ကို assembly language ကို သုံးပြီး ပြန်ရေးခဲ့ပါတယ်။ မကြာခင်မှာ Thompson ရဲ့  Bell Lab က လုပ်ဖော်ကိုင်ဖက် တစ်ဦးဖြစ်တဲ့ Dennis Ritchie က C programming language ကို ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။ ၄င်း ဘာသာစကားဟာလဲ BCPL ကို မှီးထားတဲ့ Thompson ရဲ့ B programming language ကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ 1973 ကိုရောက်တဲ့ အချိန်မှာတော့ C language ဟာ UNIX kernel ကို အစအဆုံးနီးပါး ပြန်ရေးလို့ ရလောက်အောင် ပြည့်စုံလာပါတယ်။ ဒါကြောင့် C language ကို သုံးပြီး ဖြစ်နိုင်သမျှ hardware architectures တွေ အတွက် UNIX ကို ရေးသားခဲ့ကြပါတယ်။ 
Operating System တစ်ခုကို ရေးဖို့ ဒီဇိုင်းပြုလုပ် တီထွင်ထားတဲ့ ဖြစ်တဲ့အတွက် C language ဟာ powerful ဖြစ်တဲ့ ကွန်ပျူတာ ဘာသာစကား တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် C နဲ့ ၄င်းကနေ ဆင်းသက်လာတဲ့ C++ တို့ကို system programming languages တွေအနေနဲ့ ယနေ့အချိန်အထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတာပဲ ဖြစ်ပါတယ်။ C ကို အသုံးပြု ရေးသားထားတဲ့ ပရိုဂရမ်များဟာ အရွယ်အစား သေးငယ်ပြီး စွမ်းရည်မြင့်မားကြပါတယ်။ 
အဲဒီအချိန်တုန်းက AT&T ဟာ အမေရိကန် တယ်လီဖုန်း စနစ်ကို လက်ဝါးကြီးအုပ်မှုနဲ့ အစိုးရက ပိတ်ဆို့မှုကို ခံနေရချိန် ဖြစ်ပါတယ်။ ဒါကြောင့် software ရောင်းချခွင့် ပိတ်ပင်ခံထားရပြီး UNIX ကိုလည်း မရောင်းနိုင်ခဲ့ပါဘူး။ ဒါကြောင့် တက္ကသိုလ်တွေကို မဆိုစလောက် ဖြန့်ချီခ ရယူပြီး လိုင်စင်ချပေးခဲ့ပါတယ်။ အဲဒီထဲမှာ စာရွက်စာတမ်းတွေနဲ့ (အဲဒီအချိန်က လိုင်း ၁၀၀၀၀ ခန့်ရှိတဲ့) kernel source code တွေပါ ပါဝင်ပါတယ်။ အကျိုးဆက် အနေနဲ့ တက္ကသိုလ်တွေက ကွန်ပျူတာ ကျောင်းသားတွေအများအပြားဟာ UNIX ကို သင်ကြားခွင့်ရတဲ့ အပြင် kernel source code တွေက တဆင့် အများကြီး လေ့လာစမ်းသပ်နိုင်ခဲ့ကြပါတယ်။ နောင်တစ်ချိန်မှာ အဲဒီကျောင်းသားတွေထဲက startup ကုမ္ပဏီတွေ တည်ထောင်ကြပြီး ဈေးနှုန်းသက်သာတဲ့ ကွန်ပျူတာ တွေကို UNIX operating system တင်ပြီး ရောင်းချခဲ့ကြပါတယ်။  
ကျွန်တော် မွေးတဲ့နှစ် (၁၉၇၈ခုနှစ်) မှာတော့ C ကို တီထွင်သူတွေ ဖြစ်တဲ့ Kernighan နဲ့ Ritchie တို့ဟာ "The C Programming Language" စာအုပ်ကို စတင်ရေးသား ထုတ်ဝေခဲ့ပါတယ်။ 

ဆက်ရန်.....

Please Share This Post

Share on Facebook Plus on Google+