OOP in C++ : အပိုင်း (၈) – Relational Operators

    စာရေးသူအနေနဲ့ Robert Lafore ရေးတဲ့ Object-Oriented Programming in C++ စာအုပ်လေးကို ကိုးကား ဘာသာပြန်ပြီး ရေးသားခဲ့တာ အခုဆိုရင် အပိုင်း(၈) ရောက်ခဲ့ပါပြီ။ ယခင်က ရေးသားခဲ့သမျှ အပိုင်း (၇) ပိုင်းဟာ အဲဒီစာအုပ်ထဲက Chapter(2) C++ Programming Basics ကို ဆီလျော်အောင် ဘာသာပြန်ထားခဲ့တာပါ။ ယခု အပတ်မှာတော့ အဲဒီ Chapter(2) တစ်ခုလုံးရဲ့ အနှစ်ချုပ်ကို ပြန်လည် ဆွေးနွေးပြီး relational operators များအကြောင်းကို ဆက်လက် တင်ပြသွားမှာပါ။
Summary (Chapter 2)
    ဒီ Chapter မှာ C++ ရဲ့ အခြေခံအကျဆုံး အစိတ်အပိုင်းက function တွေ ဖြစ်တယ်ဆိုတာကို လေ့လာခဲ့ပြီးပါပြီ။ ပရိုဂရမ် တစ်ပုဒ်မှာ ပထမဆုံး အလုပ်လုပ်တဲ့ function ကတော့ main() ပဲ ဖြစ်ပါတယ်။ function တစ်ခုကို statements တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ၄င်းတို့က ကွန်ပျူတာကို ညွှန်ကြား ခိုင်းစေနေတာပဲ ဖြစ်ပါတယ်။ Statements တိုင်းဟာ semicolon (;) နဲ့ အဆုံးသတ်လေ့ ရှိပါတယ်။ Statement တစ်ခုမှာ expressions တွေ တစ်ခုထက် မက ပိုပြီး ပါနိုင်ပါတယ်။ Expression ဆိုတာကတော့ တန်ဖိုးတစ်ခု ထွက်လာအောင် variables တွေနဲ့ operators တွေ စုစည်းပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။
    C++ မှာ output value တွေကို screen မှာ ပြသပေးဖို့ cout object နဲ့ insertion operator (<<) ကို အသုံးပြုလေ့ ရှိပါတယ်။ Input တွေကို ဖတ်ယူဖို့ အတွက်တော့ cin နဲ့ extraction operator (>>) ကို အသုံးပြုပြီး standard input device (keyboard) ကနေ ထည့်သွင်းပေးလိုက်တဲ့ တန်ဖိုးတွေကို variable တွေထဲကို ထည့်သွင်းပေးပါတယ်။
    C++ မှာ built in data types တွေ အများအပြားရှိပါတယ်။ char,int,long နဲ့ short တို့ဟာ integer data type တွေဖြစ်ကြပြီး float, double နဲ့ long double တို့ကတော့ floating-point types တွေပဲ ဖြစ်ပါတယ်။ အဲဒီ types အားလုံးဟာ အပေါင်းနဲ့ အနုတ် တန်ဖိုး နှစ်ခုလုံး ထည့်သွင်းလို့ရတဲ့ (signed) types တွေပဲ ဖြစ်ပါတယ်။ integer types တွေကို အနုတ်တန်ဖိုး ထည့်သွင်းဖို့ မလိုအပ်တဲ့ အခြေအနေမျိုးမှာ unsigned ဆိုတဲ့ keyword ကို အသုံးပြုခြင်းဖြင့် အရွယ်အစား နှစ်ဆ ပိုကြီးလာစေပါတယ်။ true နဲ့ false တန်ဖိုး နှစ်ခုသာ ပါဝင်တဲ့ Boolean variables တွေကို သိမ်းဆည်းဖို့ bool type အသုံးပြုနိုင်ပါတယ်။
    const ဆိုတဲ့ keyword လေးကတော့ variable တစ်ခုကို constant အသွင်ပြောင်းပစ်ပြီး ၄င်းထဲမှာ ထည့်သွင်းထားတဲ့ တန်ဖိုးကို ပြောင်းလဲခွင့် မပေးတော့ပါဘူး။
    Variable တစ်ခုဟာ မတူညီတဲ့ data types တွေ ရောနှောရေးထားတဲ့ expressions တွေထဲမှာ အလိုအလျောက် conversion ပြုလုပ်ခံရလေ့ ရှိပြီး အကယ်၍ programmer က သတ်မှတ်ပေးထားတဲ့ data type သို့စိတ်ကြိုက် conversion ပြုလုပ်ချင်ရင်တော့ casting လုပ်ပေးရမှာပါ။
    C++ မှာ သုံးနေကျ +, -, *, / တွေ အပြင် အကြွင်းရှာဖို့အတွက် remainder operator (%) ကိုပါ ထည့်သွင်းပေးထားပါတယ်။
    Arithmetic assignment operator တွေဖြစ်တဲ့ +=, -= စတာတွေဟာ arithmetic operation နဲ့ assignment operation တွေကို တစ်ဆက်တည်း လုပ်ဆောင်ပေးပါတယ်။ (ဥပမာ - operator ညာဘက်က တန်ဖိုးကို   ဘယ်ဘက်က variable နဲ့ ပေါင်း/နုတ်/မြှောက်/စား ပြီး ရလာဒ်ကို အဲဒီ variable ထဲသို့ ပြန်ထည့်ပေးလိုက်တာ)။ Increment and decrement operators (++,--) တွေကတော့ variable ထဲကို ၁ ပေါင်းခြင်း သို့မဟုတ် နုတ်ခြင်း ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
    Preprocessor directives တွေကတော့ statement တွေလို မဟုတ်ပါဘူး။ ၄င်းတို့က computer ကို ညွှန်ကြားချက်မပေးဘဲ compiler ကို ညွှန်ကြားချက်ပေးတာပဲ ဖြစ်ပါတယ်။ #include ဆိုတဲ့ directive ကတော့ လက်ရှိ source ဖိုင် ထဲကို အခြား ဖိုင်တစ်ခု ထည့်သွင်းပေးဖို့ compiler ကို ညွှန်ကြားတာပဲ ဖြစ်ပါတယ်။ #define ဆိုတဲ့ directive ကတော့ ညွှန်ကြားချက် တစ်ခုကို နောက်ညွှန်ကြားချက် တစ်ခုနဲ့ အစားထိုးဖို့ စေခိုင်းတာပါ။ using ဆိုတဲ့ directive ကတော့ compiler ကို namespace တစ်ခုရဲ့ နာမည်တွေ မှတ်သားထားစေတာပဲ ဖြစ်ပါတယ်။
    ကျွန်တော်တို့ ပရိုဂရမ်တွေထဲမှာ library function တွေကို ခေါ်ယူအသုံးပြုခဲ့မယ် ဆိုရင် အဲဒီ function ရဲ့ တကယ့် machine-code တွေက သက်ဆိုင်ရာ library file တွေထဲမှာ ရှိနေပြီး အလိုအလျောက် ချိတ်ဆက် အသုံးပြုမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ function ရဲ့ declaration တွေပါဝင်တဲ့ header file ကိုတော့ ကျွန်တော်တို့ source file ထဲမှာ #include ကို အသုံးပြုပြီး ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်ခင်ဗျာ။

Relational Operators
ပရိုဂရမ် အများစုသည် အစမှ အဆုံးအထိ အစဉ်လိုက် အလုပ်လုပ်သည့် ပုံစံမျိုး မရှိကြပါ။ အသုံးပြုသူ ဆုံးဖြတ်သည့်အတိုင်း အခြေအနေပြောင်းလဲမှုကို လိုက်လျောညီထွေဖြစ်အောင် ပြုမူသည့်  ပုံစံမျိုး ရေးသားလေ့ ရှိကြသည်။ ပရိုဂရမ်အတွင်းရှိ တွက်ချက်မှုများပေါ် တူတည်၍ Control flow ကို ပရိုဂရမ် ၏ တစ်နေရာမှ အခြားတစ်နေရာသို့ jump လုပ်ကာ ဆောင်ရွက်လေ့ ရှိသည်။ ထိုသို့ jump ဖြစ်စေနိုင်သော statements များကို control statements များဟု ခေါ်သည်။ ၄င်းတို့ကို loops နှင့် decisions ဟူ၍ ခေါင်းစဉ်နှစ်ခု ခွဲခြား လေ့လာနိုင်ပါသည်။
    loop တစ်ခုကို အကြိမ်မည်မျှ ပတ်မည် သို့မဟုတ် decision တစ်ခုကို မည်သို့လုပ်ဆောင်မည် ဆိုသည့် အချက်သည် သက်ဆိုင်ရာ expression များ မှန်သည် မှားသည် ဆိုသည့် အပေါ် မူတည်နေပေသည်။ အဆိုပါ expression များ အတွင်း၌ ရှိသော တန်ဖိုးနှစ်ခုကို နှိုင်းယှဉ်ရန် အသုံးပြုသည့် operator များကို relational operator ဟု ခေါ်ဆိုကြသည်။ Loops နှင့် decisions များကို လေ့လာရာတွင် ၄င်း relational operator များအား အသုံးချရသဖြင့် ဦးစွာ ရှင်းလင်း တင်ပြပေးပါမည်။
    Relational Operators များသည် C++ ၏ မည်သည့် built-in data type တန်ဖိုး နှစ်ခုကိုမဆို နှိုင်းယှဉ်ပေးနိုင်ပါသည်။ ထို့ပြင် နောက်ပိုင်းလေ့လာကြရမည့် user-defined classes များကိုလည်း နှိုင်းယှဉ်ပေးနိုင်စွမ်း ရှိပါသည်။ ထိုသို့ နှိုင်းယှဉ်ရာတွင် (==) တူညီသည်၊ (>) ကြီးသည်၊ (<) ငယ်သည်ဟူသော နှိုင်းယှဉ်ချက်များ ပြုလုပ်လေ့ ရှိပါသည်။ နှိုင်းယှဉ်ချက် ဖော်ပြချက်၏ ရလာဒ်မှာ မှန်လျှင် true ဖြစ်၍ မှားလျင် false ဖြစ်သည်။ ပိုမိုရှင်းလင်း လွယ်ကူစွာ နားလည် သဘောပေါက်စေရန် relat.cpp ပရိုဂရမ် အား လေ့လာကြည့်ကြပါစို့။

   အထက်ပါ ပရိုဂရမ်တွင် user ထည့်သွင်းပေးလိုက်သော တန်ဖိုးနှင့် ၁၀ အား နှိုင်းယှဉ်မှု ၃ ခု ပြုလုပ်ထားပါသည်။ user မှ 22 အား input အဖြစ် ထည့်သွင်းပေးလိုက်ချိန်တွင် နှိုင်းယှဉ်မှု ၃ ခု၏ ရလာဒ်များကို အထက်ပါအတိုင်း မှန်လျှင် 1 မှားလျှင် 0 ဖြင့် ဖော်ပြထားသည်ကို တွေ့ရပါသည်။ ပထမ နှိုင်းယှဉ်ချက်မှာ numb (22)  သည် 10 ထက် ငယ်သလား ဟူသော နှိုင်းယှဉ်ချက်ဖြစ်ပြီး မှားယွင်းသဖြင့် ရလာဒ်မှာ 0 ဖြစ်ပါသည်။ ဒုတိယ နှိုင်းယှဉ်ချက်မှာ numb (22) သည် 10  ထက် ကြီးသလား ဟူသော နှိုင်းယှဉ်ချက်ဖြစ်၍ မှန်ကန်သောကြောင့် ရလာဒ်မှာ 1 ဖြစ်သည်။ နောက်ဆုံး နှိုင်းယှဉ်ချက်မှာ numb (22) သည် 10 နှင့် ညီသလား ဟူသော နှိုင်းယှဉ်ချက်ဖြစ်ပြီး မှားယွင်းသောကြောင့် ရလာဒ်မှာ 0 ဖြစ်ပါသည်။ ကျွန်တော်တို့ အနေဖြင့် ရလာဒ်များကို ture, false များဖြင့် မျှော်လင့်ထားသော်လည်း တကယ်တမ်းတွင် compiler က 1,0 ဖြင့်သာ အဖြေ ထုတ်ပေးပါသည်။ သို့ဖြစ်၍ အဆိုပါ ပြဿနာတွင် compiler အတွက် 1 သည် true ဖြစ်၍ 0 သည် false အဖြစ် သတ်မှတ်ထားကြောင်း ထင်ရှားပါသည်။ အကယ်၍ ကျွန်တော်တို့အနေဖြင့် bool data type ကို အသုံးပြုခဲ့လျှင်ပင် အဖြေအား အထက်ပါအတိုင်းသာ ရရှိမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် C++ စတင်ပေါ်ပေါက်ကာစက bool data type မရှိသေးသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ယခုအခါ C++ တွင် အမှားမှန်ကို 0,1 သာမက true,false နှင့်ပါ ဖော်ပြနိုင်ပေသည်။
   လက်တွေ့တွင်မူ အဆိုပါ ကွဲပြားချက်သည် သိပ်အရေးမပါလှပါ။ ကျွန်တော်တို့ အနေဖြင့် ture, false ဖြင့် ဖော်ပြခြင်း၊ မဖော်ပြခြင်းထက် looping တစ်ခု သို့မဟုတ် decision တစ်ခု ဘာဆက်လုပ်ရမည် ဆိုသည်ကို ဆုံးဖြတ်ရန်သာ လိုအပ်ပေသည်။
    အောက်ပါ ဇယားတွင် C++ ၏ relational operators များအားလုံးကို ဖော်ပြပေးထားပါသည်။
အထက်ပါ relational operators များအား အသုံးပြုပုံကို အောက်တွင် နမူနာ expression များဖြင့် ဖော်ပြထားပါသည်။ ပထမ နှစ်ကြောင်းမှာ harry နှင့် jane ဆိုသော variable များထဲသို့ တန်ဖိုးများ သတ်မှတ် ထည့်သွင်းခြင်းဖြစ်ပြီး ကျန်စာကြောင်းများက ၄င်းတန်ဖိုးများကို relational operators များအသုံးပြု၍ အမျိုးမျိုး နှိုင်းယှဉ် ပြထားခြင်းပင် ဖြစ်သည်။
jane = 44; //assignment statement
harry = 12; //assignment statement
(jane == harry) //false
(harry <= 12) //true
(jane > harry) //true
(jane >= 44) //true
(harry != 12) // false
(7 < harry) //true
(0) //false (by definition)
(44) //true (since it’s not 0)
မှားလေ့ရှိသော အချက်တစ်ခုမှာ equal operator (==) ကို equal signs နှစ်ခု သုံးရမည့်အစား တစ်ခုတည်း သုံးမိခြင်းဖြစ်သည်။ ထိုအမှားမျိုးသည် compiler က မှားမှန်း မသိခြင်းကြောင့် ရှာဖွေရန် ခက်ခဲလေ့ ရှိသည်။
C++ အနေဖြင့် true ကို 1 ဖြင့် ကိုယ်စားပြုလေ့ ရှိသော်လည်း သုညမဟုတ်သည့် မည်သည့် ဂဏန်း (အနုတ်တန်ဖိုးအပါအဝင်) ကိုမဆို true အဖြစ် လက်ခံလေ့ ရှိသည်။ false အတွက်မူ သုည 0 တစ်ခုတည်းသာ သတ်မှတ်ထားသည်။

နောက်အပတ်တွေမှာတော့ looping တွေအကြောင်းကို ဆက်လက် ဆွေးနွေး သွားပါမယ်ခင်ဗျာ။ ဤအခန်းဆက် ဆောင်းပါးများဟာ IT ကျောင်းသားများအတွက် အထူးရည်ရွယ်ပြီး ရေးသားထားတာ ဖြစ်ပါတယ်။ သိလိုသည်များ ကို aungwh2013@gmail.com ကို ဆက်သွယ်ပြီး မေးမြန်းနိုင်သလို YCC ကျောင်းသားများ အတွက်လည်း အောက်ဖော်ပြပါ လိပ်စာရှိ တော်ဝင် ကွန်ပျူတာ စင်တာ ၌လည်း လေ့လာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
အကိုးအကား
Object-Oriented Programming in C++(4th edition), Robert Lafore, Copyright©2002 by Sams Publishing: ISBN 0-672-32308-7
Dr. အောင်ဝင်းထွဋ် (bluephoenix)
တော်ဝင် ကွန်ပျူတာ စင်တာ
၁၇၉ စ၊ သုမင်္ဂလာ၊ ဈေးလေး အနောက်ဘက်၊ ပြင်ဦးလွင်မြို့

Please Share This Post

Share on Facebook Plus on Google+

1 ယောက်က ဒီလိုပြောတယ်:

အားလုံး ရေးလို့ ပြီးရင် ပီဒီအက်ဖ် လုပ်ပြီး ပို့ပေးပါ။