စာရေးသူ၏
အမှာစာ
ကျွန်တော့်အနေနဲ့
C နဲ့ C++ ကို ၁၉၉၉ ခုနှစ်လောက်မှာ စတင်လေ့လာခဲ့ပါတယ်။ အဲဒီနှစ်ထဲမှာပဲ တက္ကသိုလ်ကွန်ပျူတာခန်းထဲက
ကွန်ပျူတာတွေထဲမှာ ပြန့်ကြဲနေတဲ့ Turbo C version 2.0 ဖိုင်လေးတွေကို စုစည်းပြီး
C++ နဲ့ installer software ရေးဖြစ်ခဲ့ပါတယ်။ အဲဒီအတွေ့အကြုံကို ၂၀၀၀ ခုနှစ် အောက်တိုဘာလထုတ်
ကွန်ပျူတာ ဂျာနယ် မှာ Installation software construction ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါး
တစ်စောင် ရေးသားခဲ့ပါတယ်။ အဲဒီဆောင်းပါးဟာ ကျွန်တော့် ဘဝမှာ ပထမဆုံး ပုံနှိပ်ဖော်ပြခံခဲ့ရတဲ့
နည်းပညာ ဆောင်းပါး တစ်စောင်ပဲ ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်တော့် ငယ်ဘဝမှာ အစွဲအလမ်းအကြီးဆုံးက
C++ ဘာသာစကား ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတယ်။
မိမိဘာသာ
အများဆုံး လေ့လာခဲ့ရတဲ့အတွက် C++ လို့ဆိုပေမယ့် တကယ်တမ်းက ကျောင်းမှာ သင်ခဲ့ဘူးတဲ့
C language style နဲ့ပဲ ရေးဖြစ်တာ များပါတယ်။ OOP ဆိုတာကို အဲဒီတုန်းက ကြားဘူးရုံပဲ
ရှိပါတယ်။ နောက်ပိုင်း နှစ်တော်တော်ကြာ အချိန်ယူပြီး ဖြည်းဖြည်းချင်း လေ့လာခဲ့ပါတယ်။
လွန်ခဲ့တဲ့
၃ နှစ်လောက်က စပြီး ကျွန်တော်နဲ့ ရင်းနှီးတဲ့ YCC ကျောင်းသားအချို့ စာလာမေးတာကြောင့်
သူတို့ လက်ရှိ အသုံးပြုနေတဲ့ သင်ရိုး စာအုပ်တွေကို ဖတ်ပြီး ပြန်ရှင်းပြ ပေးခဲ့ရပါတယ်။
အဲဒီစာအုပ်တွေထဲက စာမျက်နှာ တစ်ထောင်ကျော်ပါတဲ့ Robert Lafore ရဲ့ Object-Oriented Programming in C++ (Fourth
Edition) စာအုပ်လေးဟာ C++ ကို OOP သုံးပြီး ရေးသား နည်းတွေကို အခြေခံကျကျ ရှင်းပြထားတဲ့
စာအုပ်ကောင်းတစ်အုပ် ဖြစ်တယ်ဆိုတာကို သတိထားမိခဲ့ပါတယ်။ ဒါကြောင့် ဒီအပတ်ကစလို့ အချိန်အနည်းငယ်ယူပြီး
အပတ်စဉ် C++ သင်ခန်းစာလေးတွေကို အဲဒီ စာအုပ်ကနေ ကောက်နှုတ် ရေးသားဖို့ ဆုံးဖြတ်လိုက်တာ
ဖြစ်ပါတယ်။ ဒီသင်ခန်းစာများဟာ C++ နဲ့ OOP ကို စတင်လေ့လာနေတဲ့ ကျောင်းသားများကိုသာ
အဓိက ရည်ရွယ် ရေးသားသွားမှာ ဖြစ်ပါတယ် ခင်ဗျာ။
အသေးစိတ်ကိုတော့ ဒီမှာ PDF file ရယူဖတ်ရှုပေးကြပါခင်ဗျာ။