လေမုန်တိုင်းဒဏ်ခံ အဆောက်အအုံများ တည်ဆောက်ရာတွင် သတိပြုသင့်သည့် အချက်များ

နိဒါန်း ဆိုင်ကလုံး မုန်တိုင်းများသည် လေပြင်းမွှေနှောက်တိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မြင့်မားသော လှိုင်းလုံးများ ကမ်းပေါ်သို့ တက်ရောက်လာခြင်းများကြောင့် အဖျက်စွမ်းအား ပြင်းထန်သည်။ ထို့ပြင် ဘင်္ဂလားပင်လယ်အော်၏ မြောက်ဖက်ရှိ နိုင်ငံများ၏ ကမ်းခြေတွင် ပိုမိုပြင်းထန်စွာ တိုက်ခတ်လေ့ ရှိသည်။ အတိတ်တွင် တိုက်ခတ်ခဲ့သော မုန်တိုင်းများ ၂၄ ခု ရှိသည့်အနက် ၂၁ ခုမှာ ကြီးမားသော ဆိုင်ကလုံးမုန်တိုင်းများ ဖြစ်ပြီး လူ့အသက်ပေါင်း ၁၀၀၀၀ ကျော်ကို သေကျေပျက်ဆီးစေခဲ့သည်။ မှတ်တမ်းဟောင်းများအရ သဘာဝဒီရေနှင့် မုန်တိုင်းလေများကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးများသည် အမြင့်ပေ ၁၃ မီတာအထိ မြင့်မားကြောင့် လေ့လာတွေ့ရှိရသည်။ ပင်လယ်ကွေ့ ရေတိမ်ပိုင်းတွင် မြေမျက်နှာသွင်ပြင်မှာ ပြား၍ ကွေ့ကောက်နေခြင်း၊ ဒီရေမြင့်မားခြင်း၊ လူနေထူထပ်ခြင်း၊ လူမှုစီးပွားရေး အခြေအနေကောင်းများ ရှိခြင်း၊ သဘာဝဘေးအန္တရာယ်ကို သိရှိနားလည်မှု အားနည်းခြင်း၊ ပြင်ဆင်ထားရှိမှု မရှိခြင်းများသည် ဆိုင်ကလုံး မုန်တိုင်းဘေးရန် အား ပိုမိုခံစားရစေသော ပြဿနာရပ်များသဖွယ် ဖြစ်နေပေသည်။ မုန်တိုင်းကြောင့် လူအမြောက်အများ သေကြေပျက်ဆီးခြင်းမှ ကာကွယ်ရန် တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းမှာ မုန်တိုင်း သတိပေးချက် ရရှိသည်နှင့် တစ်ပြိုင်နက် လူထုအား နှစ်ရက်၊ သုံးရက်ခန့် ယာယီရှောင်တိမ်းနေနိုင်သည့် အမိုးအကာ၊ အစားအသောက်နှင့် ကျန်းမာရေး အထောက်အပံ့များအား ဖန်တီးထားရန်ပင် ဖြစ်သည်။ ထို့ကြောင့် ဆိုင်ကလုံးမုန်တိုင်းဒဏ် ခံရနိုင်ဖွယ်ရှိသော ကမ်းရိုးတန်း ဧရိယာ တစ်လျောက် ဆိုင်ကလုံးဒဏ်ခံ အဆောက်အအုံများ တည်ဆောက်ရေးသည် အဓိက လုပ်ငန်းတာဝန်တစ်ခု ဖြစ်လာပေသည်။ အိန္ဒိယ ကမ်းရိုးတန်းတစ်လျောက်တွင် လေတိုက်နှုန်းမှာ တစ်စက္ကန့်လျင် ၅၀ မီတာနှုန်း (၁၈၀ ကီလိုမီတာ/နာရီ) ခန့်အထိ ရှိနိုင်ပြီး Contai ဒေသတွင် မုန်တိုင်းကြောင့် ဖြစ်ပေါ်သော လှိုင်းလုံးအမြင့်ပေ ၁၂.၈ မီတာခန့်အထိ အမြင့်ဆုံး ရောက်ရှိနိုင်သည်။ လှိုင်းလုံးအမြင့်ပေများသည် နေရာဒေသကို လိုက်၍ အမျိုးမျိုးပြောင်းလဲနိုင်သည်။ ဆိုင်ကလုံးဒဏ်ခံ အဆောက်အအုံများကို ဒီဇိုင်းပြုလုပ်ရာတွင် အဆိုပါအချက်များကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ပေသည်။ အရေးပေါ်အခြေအနေနှင့် သာမန်အချိန်များတွင် အသုံးပြုမှု များသောအားဖြင့် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများကို သဘာဝဘေးအန္တရာယ် ကျရောက်နေသည့် အချိန်တိုအတွင်းသာ အသုံးပြုလေ့ ရှိကြသည်။ အဆိုပါ အဆောက်အအုံများ ရေရှည် တည်တံ့ခိုင်မြဲရေးသည် သဘာဝဘေးရန် မကျရောက်ချိန်တွင် ၄င်းတို့ကို အသုံးပြုမှုနှင့် ပြုပြင်ထိန်းသိမ်းမှုများအပေါ်တွင် များစွာ မူတည်နေပေသည်။ ထို့ပြင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများကို ငွေကြေးမြောက်များစွာ အကုန်အကျခံ၍ တည်ဆောက်ထားရသောကြောင့် အခြားကိစ္စရပ်များတွင် အသုံးပြုခြင်းဖြင့် အဆောက်အအုံကို ဂရုစိုက်ရာလည်း ရောက်မည်ဖြစ်သည်။ ထိုသို့ အသုံးပြုရန် အကြံပြုချက်မျိုးစုံကို ပညာရှင်များက တင်ပြထားကြသည်။ ဥပမာအနေဖြင့် အထက်တန်းကျောင်းများနှင့် လူမှုရေးအဖွဲ့အစည်းရုံးများအဖြစ် အဆိုပါ အဆောက်အအုံများကို အကျိုးရှိစွာ အသုံးချနိုင်ပြီး အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာသည့် အခါ၌လည်း အခက်အခဲမရှိ အသုံးပြုနိုင်မည် ဖြစ်သည်။ ကျား နှင့် မ အိမ်သာများကို ခွဲခြား၍ ထည့်သွင်း တည်ဆောက်ခြင်းအားဖြင့်လည်း ပိုမိုအသုံးတည့်စေနိုင်မည် ဖြစ်သည်။ ထိုအချက်များကို အခြေခံ ထည့်သွင်းစဉ်းစား၍ မုန်တိုင်းဒဏ်ခံ အဆောက်အအုံများကို ဒီဇိုင်းပြုလုပ်ရမည် ဖြစ်သည်။ အဆောက်အဦးအရေအတွက် တွက်ချက်ခြင်း ကမ်းရိုးတန်းတလျောက် ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ အဆောက်အအုံများ တည်ဆောက်ရာတွင် မုန်တိုင်းကျရောက်နိုင်သည့် ဒေသ၏ လူဦးရေအပေါ် မူတည်၍ တည်ဆောက်သင့်သည့် အရေအတွက်ကို တွက်ချက် တည်ဆောက်ရမည် ဖြစ်သည်။ အဆောက်အဦးများ၏ ထိရောက်မှုကို စဉ်းစားရာတွင် အသုံးပြုမည့် လူဦးရေပမာဏ နှင့် တည်ဆောက်ထားသော ဒီဇိုင်နှင့် ဖွဲ့စည်းပုံအပေါ် မူတည်နေပေသည်။ Multi-hazard resistance ဆိုင်ကလုံး ဒဏ်ခံ အဆောက်အအုံများသည် မုန်တိုင်းအပြင် ကမ်းရိုးတန်းတစ်လျောက် ကျရောက်တတ်သော သဘာဝဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိရန် အထူးလိုအပ်ပေသည်။ သို့မှသာ ၄င်းတို့၏ သက်တမ်း ပိုမိုကြာရှည်မည်ဖြစ်ပြီး အသုံးပိုဝင်ကာ ရင်းနှီးမြှပ်နှံထားရမှုများအတွက်လည်း စီးပွားရေးအရ ထိရောက်မှု ရှိလာမည် ဖြစ်သည်။ Maintenance of cyclone shelters အလွန်ခိုင်ခံ့စွာ တည်ဆောက်ထားသော အဆောက်အအုံများသည်ပင် သင့်တော်သော ပြုပြင်မွမ်းမံမှု မရှိလျင် ပျက်ဆီးသွားနိုင်ပေသည်။ အထက်တွင် တင်ပြထားသကဲ့သို့ ဒီဇိုင်းပြုလုပ်စဉ်ကပင် ပုံမှန်အချိန်တွင် အသုံးတည့်သည့် အသုံးပြုမှု တစ်ခုခုအတွက် ရည်ရွယ်တည်ဆောက်ထားခြင်းဖြင့် အဆက်မပြတ် အသုံးပြုမှု ရှိနေမည်ဖြစ်ပြီး သင့်တော်သော ပြုပြင်စောင့်ရှောက်မှုကို ရရှိနိုင်မည် ဖြစ်သည်။ လက်ရှိတည်ဆောက် အသုံးပြုနေသော အဆောက်အအုံများ၏ အတွေ့အကြုံများအရ ဒေသခံလူထု၏ လိုအပ်ချက်နှင့် အမြင်များကို ဒီဇိုင်းပြုလုပ်ရာတွင် ထည့်သွင်းစဉ်းစားခဲ့သော အဆောက်အအုံများကို လူထုက ထိရောက်စွာ အသုံးချလျက်ရှိသည်ကို တွေ့ရှိရသည်။ ထိုနည်းလမ်းသည် လူထုအား ၄င်းတို့သည် မုန်တိုင်းဒဏ်ခံအဆောက်အအုံ၏ ပိုင်ရှင်ဖြစ်သည်ဟူသော စိတ်ဓာတ်နှင့် ဂုဏ်ယူမှုကို ဖြစ်ပေါ်စေသည်။ ဥပမာအားဖြင့် မုန်တိုင်းဒဏ်ခံ အဆောက်အအုံအတွင်း ကျောင်းတစ်ကျောင်း အတွက် လိုအပ်သော အထောက်အကူ ပစ္စည်းများ ပြည့်စုံစွာ ရှိနေသည့် အခါတွင် ၄င်းအား ကျောင်းအဖြစ် အသုံးပြုနိုင်ပေသည်။ ၄င်းအဆောက်အအုံများကို အရေးပေါ်အခြေအနေ အတွက်သာမက ၄င်း၏ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ ထည့်သွင်းထားနိုင်မှုကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အသုံးပြုသင့်ပေသည်။ မုန်တိုင်းဒဏ်ခံ အဆောက်အအုံများအတွက် ဒီဇိုင်းဆိုင်ရာ အကြံပြုချက်များ အထက်တွင် အကြိမ်ကြိမ်ဖော်ပြခဲ့သည့်အတိုင်း မုန်တိုင်းဒဏ်ခံ အဆောက်အအုံများကို တည်ဆောက်ရာနှင့် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရာတွင် အဆင့်တိုင်း၌ ဒေသခံလူထု၏ အကြံဥာဏ်ကို မဖြစ်မနေ ရယူသင့်ပေသည်။ ဤနည်းဖြင့် လူထုပိုင် အဆောက်အအုံအဖြစ် လက်ခံလာကြပြီး နှစ်ပေါင်းများစွာ အကျိုးရှိရှိ အသုံးချလာကြမည် ဖြစ်သည်။ ဒေသခံ အဖွဲ့အစည်းများကိုလည်း ပူးပေါင်းပါဝင်စေကာ တည်ဆောက်မည့် နေရာနှင့် အသုံးပြုမည့် နည်းလမ်းကို ဝိုင်းဝန်းအဖြေရှာကြရမည် ဖြစ်သည်။ မုန်တိုင်းဒဏ်ခံအဆောက်အအုံများ တည်ဆောက်ရာတွင် အောက်ပါ အကြံပြုချက်များအတိုင်း တည်ဆောက်သင့်ပေသည်- (၁) အဆက်မပြတ် အသုံးပြုနိုင်မှု (၂) လူဝင်ဆံ့မှု (၃) တည်နေရာ (၄) အဆောက်အအုံ (၅) အဆောက်အအုံ၏ အမြင့်ပေ (၆) အတွင်းဒီဇိုင်း (၇) Structural Specifications (၈) လှေကားများ (၉) ဆောက်လုပ်ရေး ပစ္စည်းရွေးချယ်မှု (၁၀) ရေသိုလှောင်မှု (၁၁) အိမ်သာနှင့် ရေဆိုးထုတ်ခြင်း (၁၂) မြေသားတောင်ကုန်းပြုလုပ်ခြင်း (၁၃) အခြားထည့်သွင်းစဉ်းစားရန် အချက်များ (၁၄) ရဟတ်ယာဉ်ဆင်းကွင်း (၁) အဆက်မပြတ်အသုံးပြုနိုင်မှု လေမုန်တိုင်းဒဏ်ခံ အဆောက်အအုံများအား သာမန်အချိန်များတွင် အသုံးချနိုင်လေလေ ၄င်းတို့အား ထိန်းသိမ်းထားနိုင်လေလေ ပင်ဖြစ်သည်။ သို့မှသာ အရေးပေါ် အချိန်တွင် ပိုမိုအောင်မြင်စွာ အသုံးချနိုင်မည် ဖြစ်သည်။ ရင်းနှီးမြှပ်နှံထားရမှုများမှာလည်း အဆက်အပြတ် အသုံးချနိုင်မှသာ တွက်ချေကိုက်မည် ဖြစ်သည်။ အကြံပြုချက်များအနက် မူလတန်းကျောင်းအဖြစ် အသုံးပြုခြင်းသည် အကောင်းဆုံးနှင့် အသင့်တော်ဆုံး ဖြစ်သည်။ သို့ရာတွင် လူထုစည်းဝေးခြင်း၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲပြုလုပ်ခြင်း စသော ကိစ္စရပ်များအတွက်လည်း ယာယီ အသုံးပြုနိုင်ပေသည်။ ထိုသို့ အဆက်အပြတ် အသုံးပြုနိုင်ရေးအတွက် အောက်ပါ လမ်းညွှန်ချက်များကို လိုက်နာရမည် ဖြစ်သည်။ (က) ဆိုင်ကလုံးဒဏ်ခံ အဆောက်အအုံများ တည်ဆောက်ရခြင်း၏ မူလရည်ရွယ်ချက်မှာ လေမုန်တိုင်းတိုက်မှု၊ ရေကြီးမှု နှင့် အခြား သဘာဝဘေးအန္တရယ်နှင့် ရင်ဆိုင်ရသည့် အခြေအနေများတွင် လူထုအား ကာကွယ်ပေးရန် ဖြစ်သည်။ (ခ) မူလရည်ရွယ်ချက်အတွက် လိုအပ်သည့် အဆောက်အအုံနှင့် အထောက်အကူပြု ပစ္စည်းများကို ပြုလုပ်ထားရန်နှင့် ထိန်းသိမ်းကာကွယ်ထားရန် လိုအပ်သည်။ (ဂ) အခြားရည်ရွယ်ချက်အတွက် အသုံးပြုမည့် အချက်များသည် မူလရည်ရွယ်ချက် အတွက် လိုအပ်သည့် အချက်များနှင့် ထပ်တူကျနေသင့်ပြီး ဆန့်ကျင်ဘက် မဖြစ်စေရန်လိုအပ်သည်။ (ဃ) ပြည်နယ်များအနေဖြင့် ဒေသတွင်း လိုအပ်ချက်များကို လူထု၏ အကူအညီဖြင့် ပြည်နယ်တွင်း ဆန်းသစ်တီထွင်မှုများ ပြုလုပ်ရန် အားပေးကူညီသင့်ပေသည်။ (င) ဆိုင်ကလုံး ဒဏ်ခံ အဆောက်အအုံများတွင် ဆေးရုံများ နှင့် အမြဲတမ်း နေရာယူမည့် ရုံးခန်းများ ဖွင့်လှစ်ခြင်း မပြုသင့်ပေ။ အဘယ်ကြောင့်ဆိုသော သဘာဝဘေးရန် ကျရောက်ချိန်များတွင် အဆိုပါ ရုံးခန်းများအား နေရာရွှေ့ပြောင်းခြင်း မပြုနိုင်ပဲ အဆောက်အအုံ၏ မူလရည်ရွယ်ချက်ကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။ (စ) ဆိုင်ကလုံးဒဏ်ခံ အဆောက်အအုံများသည် လူထုအတွက် မပြတ်အသုံးပြုနေရမည့် နေရာတစ်ခု ဖြစ်သင့်ပေသည်။ ထို့ကြောင့် ၄င်းတို့ကို ကျေးရွာများ အတွင်း သို့မဟုတ် ကျေးရွာများအနီးတွင် တည်ဆောက်ခြင်းဖြင့် ရွာသူ/သား တို့၏ လူနေမှုဘဝကို တိုးတက် ကောင်းမွန်လာစေနိုင်သည်။ ထို့ပြင် သာမန်အချိန်များတွင်လည်း ပုံမှန် အသုံးပြုမှုကို သေချာပေါက် ရရှိနိုင်ရန် လိုအပ်သောကြောင့် ဖြစ်သည်။ (ဆ) ဆိုင်ကလုံးဒဏ်ခံ အဆောက်အအုံများအား မူလတန်းကျောင်းအဖြစ် အသုံးပြုခြင်းသည် မူလရည်ရွယ်ချက်ကို ထိခိုက်ခြင်း မရှိပေ။ များသောအားဖြင့် ကျေးလက် မူလတန်းကျောင်းများသည် ကလေးများ ထိုင်ရန်အတွက် ဖျာများကို အသုံးပြုလေ့ ရှိပြီး ခုံတန်းရှည် အနိမ့်များကို စာရေးရန် အသုံးပြုလေ့ ရှိရာ အရေးပေါ်အခြေအနေတွင် နေရာကျဉ်းကျဉ်း၌ သိမ်းဆည်းထားနိုင်သလို လူများ ထိုင်ရန်လည်း အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။ (ဇ) လူထုစည်းဝေးခြင်း၊ မင်္ဂလာဆောင်များ ပြုလုပ်ခြင်းနှင့် အခြား လူထုလှုပ်ရှားမှုများ ဆောင်ရွက်ရန် အတွက်မူ ယာယီ အသုံးပြုနိုင်ပေသည်။ (ဈ) ထို့ပြင် ထိုသို့ အဆောက်အအုံကို ပြုပြင်ထိန်းသိမ်းရန် လိုအပ်သော ရန်ပုံငွေကို အဆောက်အအုံအား အသုံးပြုရာမှ စုဆောင်း အသုံးပြုသင့်ပေသည်။ (၂) လူဝင်ဆံ့မှု (က) လူဦးရေ ဝင်ဆံ့နိုင်မှုကို တွက်ချက်ရာတွင် မုန်တိုင်းဒဏ် ခံရနိုင်သော ဒေသ၏ လူဦးရေ၊ လေမုန်တိုင်းများနှင့် ရေလွှမ်းမိုးချိန်များတွင် အသုံးပြုနိုင်သော ကုန်းမြင့်ပိုင်း ဒေသရှိ အဆောက်အအုံများနှင့် အထပ်မြင့် အဆောက်အအုံများ တည်ရှိမှု စသည်တို့ကို ထည့်သွင်းတွက်ချက်ရန် လိုအပ်သည်။ (ခ) လက်ရှိအသုံးပြုနေသော မုန်တိုင်းဒဏ်ခံ အဆောက်အအုံများ၏ အတွေ့အကြုံများအရ လူဦးရေ စုစုပေါင်း၏ ၅၀ မှ ၆၀ % ခန့် သည် အရေးပေါ် ကာလတွင် အသုံးပြုလေ့ ရှိကြောင်း သိရှိရသည်။ (၄) ထို့ပြင် ပုံမှန်အချိန်တွင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံအား အခြားရည်ရွယ်ချက်အတွက် အသုံးပြုရန် ဆိုသည့်အချက်အား ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ ဥပမာအားဖြင့် (၆မီတာx၅.၄မီတာ အကျယ် နှင့် ၁.၈ မီတာ ဝရန်တာအပါအဝင်) အခန်းလေးခန်း ပါသော ကျောင်းတစ်ကျောင်းသည် ကြမ်းခင်း ဧရိယာ စတုရန်းပေ ၁၈၄၀ ခန့် လိုအပ်မည် ဖြစ်သည်။ အဆိုပါကျောင်းမျိုးသည် ကျောင်းသား ၂၀၀ ခန့် ဝင်ဆံ့ပြီး ကျောင်းသား တစ်ဦးလျင် ၇ စတုရန်းပေ အကျယ် နေရာပေးနိုင်မည် ဖြစ်သည်။ အတိတ်အတွေ့အကြုံများအရ အာရှနိုင်ငံများတွင် အရေးပေါ် အခြေအနေများအတွက် လူတစ်ဦးလျှင် ၂ စတုရန်းပေ သာ နေရာပေးနိုင်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့သော အနေအထားသည် အသက်ရှုရ ခက်ခဲပြီး လူသားမဆန်သော အခြေအနေကို ဖြစ်ပေါ်စေသည်။ အခန်းလေးခန်းပါ စာသင်ကျောင်း မျိုးတွင် အရေးပေါ် အခြေအနေများ၌ လူတစ်ဦးလျှင် ၃ စတုရန်းပေ နေရာပေးပါက စာသင်ခန်းများတွင် လူ၆၀၀ ခန့် နေရာပေးနိုင်ပြီး အဆောက်အအုံ၏ အခြား နေရာလွတ်များတွင် နောက်ထပ် လူ၆၀၀ ခန့် နေရာပေးနိုင်မည်ဖြစ်ရာ အဆိုပါ အဆောက်အအုံမျိုးသည် လူ၁၀၀၀ ကျော်ခန့်ကို အလွယ်တကူ နေရာပေးနိုင်မည် ဖြစ်သည်။ (၃) တည်နေရာ (က) မုန်တိုင်းဒဏ်ခံ အဆောက်အအုံ တည်ဆောက်မည့်နေရာ ရွေးချယ်သတ်မှတ်ရာတွင် ဒေသတွင်း အမြင့်ဆုံး နေရာကို ဦးစားပေး စဉ်းစားရမည် ဖြစ်သည်။ မြေမျက်နှာသွင်ပြင်ပြ မြေပုံများကို အသုံးပြု၍ အကြမ်းဖျင်း တည်နေရာ သတ်မှတ်ရမည် ဖြစ်သည်။ နေရာ အတိအကျကိုမူ ဒေသခံ အာဏာပိုင်များနှင့် လူထုအဖွဲ့အစည်းများ အကူအညီဖြင့် သတ်မှတ်သင့်ပေသည်။ (ခ) ကုန်းမြေမြင့် မရှိပါက အဆောက်အအုံကို မြေသားကုန်းမြင့် တည်ဆောက်ခြင်း သို့မဟုတ် ခြေတံရှည်ဒေါက်တိုင်များပေါ်တွင် တည်ဆောက်ခြင်းများ ပြုလုပ်နိုင်သည်။ (ဂ) ပြည်နယ်များ အနေဖြင့် ကမ်းရိုးတန်းမှ ၁၀ ကီလိုမီတာ အတွင်းရှိ အချက်အလက်များ၊ ဒီရေ အချက်အလက်များနှင့် မြေမျက်နှာပြင် အမြင့်ပေ စသည်တို့ကို စုဆောင်း၍ ထည့်သွင်းတွက်ချက်ရမည် ဖြစ်သည်။ (၄) အဆောက်အအုံ Building (က) အမြင့်ဆုံး ဖြစ်နိုင်သော မုန်တိုင်း၏ လှိုင်းလုံး အမြင့်ပေပေါ် မူတည်၍ ခြေတံရှည်တိုင် သုံးမသုံးဆုံးဖြတ်ကာ Roller-compacted concrete (RCC) သို့မဟုတ် အင်္ဂတေ နှစ်ထပ် အဆောက်အအုံ ကို အသုံးပြုသင့်သည်။ အမြင့်ပေကို သတ်မှတ်ရာတွင် အမြင့်ဆုံး ဖြစ်နိုင်သော မုန်တိုင်း၏ လှိုင်းလုံး အမြင့်ပေပေါ် မူတည်သည်။ ကမ်းရိုးတန်းဒေသ၏ မြေပျော့ပေါ်တွင် တည်ဆောက်ရပါက pile foundations ကို အသုံးပြုသင့်သည်။ သို့ရာတွင် ဒေသအနေအထားနှင့် မြေအမျိုးအစားအရ သင့်တော်ရာ ဖောင်ဒေးရှင်းကို အသုံးပြုနိုင်သည်။ (ခ) ပုံသဏ္ဍန် - သင့်တော်သည့် အဝိုင်းပုံ၊ ခြောက်မြှောင့်၊ ရှစ်မြှောင့်ပုံ တို့ကို အသုံးပြုနိုင်သည်။ သို့ရာတွင် ထောင့်ချိုးများအား aerodyanmics ဖြစ်စေရန် လုံးထားသော လေးထောင့်ပုံ သို့မဟုတ် စတုရန်းပုံကိုလည်း တည်ဆောက်နိုင်ပေသည်။ (ဂ) တံခါးများ - အခန်းအပြင်သို့ ဖွင့်သည့် ပုံစံ တံခါးများကို heavy duty stainless steel ပတ္တာများ ခိုင်မြဲစွာ တပ်ဆင်အသုံးပြုသင့်သည်။ (ဃ) ပြတင်းပေါက်များ - မကျိုးပဲ့၊ မကြွပ်ဆတ်နိုင်သော Fiber Reinforced Plastics (FRP) ပစ္စည်းများ အသုံးပြုထားသည့် Louver type ပြတင်းပေါက်များ အသုံးပြုသင့်သည်။ (င) parapet - RCC အဆောက်အအုံများအတွက် parapet ကို RCC ဖြင့်ပြုလုပ်ထားပြီး အတွင်း၌ အထိန်းပိုက်များ တပ်ဆင်ထားရန် လိုအပ်သည်။ အင်္ဂတေ အဆောက်အအုံအတွက် အုတ်စီ အင်္ဂတေဖြင့် ပြုလုပ်ထားပြီး ပိုက်ဖြင့် အရံအတား ပြုလုပ်ထားသင့်သည်။ (၅) အဆောက်အအုံ၏ အမြင့်ပေ အဆောက်အအုံ၏ လှိုင်းလုံးအမြင့်အပေါ်ရှိ စုစုပေါင်း အမြင့်ပေသည် အမြင့်ဆုံးဖြစ်နိုင်သည့် မုန်တိုင်းလှိုင်းလုံးအမြင့်ပေပေါ် မူတည်တွက်ချက်ရသည်။ အောက်ပါ အချက်များအား ထည့်သွင်းစဉ်းစားရန် လိုအပ်သည် - (က) မြေပြင်အမြင့်နှင့် ဒီရေအမြင့်အကြား ၁ မီတာ အနည်းဆုံး ခွာထားသင့်ပေသည်။ (ခ) အောက်ခံခုံကို မြေပြင်အမြင့်အထက် ၁.၂ - ၁.၅ မီတာအမြင့်သို့ မြှင့်ထားရမည်။ (ဂ) မုန်တိုင်း လှိုင်းလုံး အမြင့်အရ လိုအပ်လျှင် ၂.၂-၄.၅ အမြင့်ရှိ ခြေတံရှည်တိုင်ကို အသုံးပြု ရမည်။ (ဃ) ထိုအပေါ်မှ ၃.၅ မီတာ အမြင့်ရှိသော လူနေအထပ်ကို ထည့်သွင်းရမည်။ (င) လှိုင်းလုံးအလွန်ကြီးပါက လူနေနိုင်ရန် အမိုးကို parapet ပြုလုပ်ထားရမည်။ (၆) အတွင်းဒီဇိုင်း (က) ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၊ ဖျားနာနေသူများ နားခိုရန် နေရာများ ထည့်သွင်းထားရမည်။ (ခ) အသုံးပြုသူများ၏ ပစ္စည်းများ ထားသိုရန် အခန်းတိုင်းတွင် ပစ္စည်းတင်စင်များ နှင့် ရန်တာများ ထည့်သွင်းတည်ဆောက်ရန် လိုအပ်သည်။ (၇) Structural Specifications (က) Imposed Load - ကြမ်းခင်း slab နဲ့ beams အတွက် 500 kg/m2 ရှိရမည်။ (ခ) လေတိုက်နှုန်း - ဒေသပေါ်နှင့် အရပ်မျက်နှာပေါ် မူတည်ပြောင်းလဲနိုင်သည် (65 m/sec with modification factors K1=1.08, K2=1.05, and K3=1.0 as per IS 875) (ဂ) Roof Terrace - ၇ မီတာထက် မြင့်သော လှိုင်းလုံးများအတွက် ပထမထပ်၏ imposed load အတိုင်း ယူဆပြီး လှိုင်းအနိမ့်များအတွက် 250 kg/m-2 ရှိရမည်။ (ဃ) Vents - Louvered vents ကို အသုံးပြုသင့်သည်။ (င) Shelves - စင်များကို တံခါး - ပြတင်းပေါက် အမြင့်နှင့် တစ်တန်းတည်း ထားသင့်သည်။ (၈) လှေကားများ (က) လှေကားများအနေဖြင့် လူများ လှုပ်ရှားသွားလာမှု လုံလောက်အောင် ၁.၅ မီတာမှ ၂ မီတာ အကျယ်အထိ ရှိသင့်သည်။ (ခ) နောက်ထပ် မသန်မစွမ်း လူနာများနှင့် သက်ကြီးရွယ်အိုများ သယ်ဆောင်ရန် 1:8 မှ 1:10 အချိုး ရှိသော ဆင်ခြေလျှောတစ်ခု ထားရှိသင့်သည်။ (၉) ဆောက်လုပ်ရေး ပစ္စည်းရွေးချယ်မှု (က) ခြေတံရှည်ဆောက်လုပ်ရန် မလိုအပ်ပါက Load bearing brick အုတ်များဖြင့် ဆောက်လုပ်လေ့ရှိသည်။ ခြေတံရှည်ဆောက်မည်ဆိုပါက RCC frame ကို အောက်ခြေအတွက် အသုံးပြုပြီး ပထမထပ်နှင့် အထက်ကို Load bearing brick အုတ်များဖြင့် ဆောက်လုပ်နိုင်သလို RCC frame ဖြင့် အစအဆုံး ဆောက်လုပ်နိုင်သည်။ (ခ) ဝန်အား သိပ်မခံရသည့် နေရာများတွင် Light weight pre-cast concrete blocks များကို အသုံးပြုခြင်းဖြင့် အလေးချိန် လျော့ချနိုင်သည်။ (ဂ) သံချေးမတက်နိုင်သော စတီးများကို အသုံးပြုခြင်းဖြင့် သက်တမ်းကို ပိုမိုကြာရှည်စေနိုင်သည်။ (ဃ) သံချေးမတက်နိုင်သော စတီးများကို ကွန်ကရစ် အကောင်းစားဖြင့် ဖုံးအုပ်ခြင်းဖြင့် အကြမ်းခံနိုင်သော အဆောက်အအုံကို ရရှိမည်။ သက်ဆိုင်ရာ IS Codes များနှင့် ကိုက်ညီသော ဆောက်လုပ်ရေး ပစ္စည်းများကိုသာ အသုံးပြုရမည်။ (၁၀)ေ၇သိုလှောင်မှု (က) Number of tanks: သောက်သုံးရေနှင့် အိမ်သာသုံးရန် အနည်းဆုံး ရေတိုင်ကီ နှစ်ခု ထားရှိရမည်။ (ခ) Capacity for water requirements: ကျောင်းတစ်ခုအတွက် လူတစ်ယောက် တစ်နေ့ ၄၅ လီတာ လိုအပ်သည်။ စုစုပေါင်း ၄၅၀၀ လီတာခန့် သိုလှောင်ထားရမည်။ လူငါးရာ သို့မဟုတ် ကျောင်းသား ၁၀၀ တိုးလာတိုင်း လီတာ ၁၀၀၀ ထပ်ပေါင်းထည့်ရမည်။ (ဂ) မိုးရေကို အမိုးမှ တဆင့် စုဆောင်းပြီး ရေတိုင်ကီများသို့ ပို့ပေးသင့်သည်။ (ဃ) သောက်ရေအတွက် ရေသန့်စင်ရန် Sedimentation-based water filters များ အသုံးပြုသင့်သည်။ (င) ခြေတံရှည်တိုင်မပါသော အဆောက်အအုံများတွင် အောက်ဆုံးထပ်၌ တုံကင်များအသုံးပြု၍ မြေအောက်ရေကို ရယူအသုံးပြုနိုင်သည်။ (စ) အနည်းဆုံး မိုးရာသီနှင့် ဆိုင်ကလုံးရာသီများ (April-May နှင့် Oct-Dec) တွင် အမိုးမှ ရေစုရာတွင် သန့်ရှင်းစေရန် ပြုလုပ်ထားရမည်။ တိုင်ကီများကို တစ်လတစ်ခါ သန့်ရှင်းရေး ပြုလုပ်ရမည်။ ရေသန့်ကိရိယာများကို လိုအပ်သလို လဲလှယ်တပ်ဆင်ရမည်။ (၁၁) အိမ်သာနှင့် ရေဆိုးထုတ်ခြင်း (က) ကျောင်းသား ၂၀၀ ရှိသော ကျောင်းအတွက် အနည်းဆုံး ကျားအိမ်သာ ၂ လုံးနှင့် မအိမ်သာ ၂ လုံး အပါအဝင် ဆီးသွားရန် နေရာ ၆ ခု လိုအပ်သည်။ လူ ၅၀၀ သို့မဟုတ် ကျောင်းသား ၁၀၀ တိုးလာတိုင်း အိမ်သာ ၁ လုံး ထပ်မံ လိုအပ်သည်။ (ခ) အိမ်သာအကျယ်မှာ အနည်းဆုံး ၉ စတုရန်းပေ လိုအပ်ပြီး ဖြစ်နိုင်ပါက ၁၂ စတုရန်းပေ အသုံးပြုသင့်သည်။ (ဂ) မိလ္လာကန်များ ထားရှိသင့်သည်။ ရေလွှမ်းချိန်တွင် ရေမဝင်စေရန် သေချာစွာ အလုံပိတ်၍ သင့်တင့်သော အမြင့်တွင် အမိုးပြုလုပ်ထားရမည်။ (၁၂) မြေသားတောင်ကုန်းပြုလုပ်ခြင်း ကုန်းမြေမြင့် မရှိသော နေရာများတွင် မြေသားတောင်ကုန်း ပြုလုပ်၍ တည်ဆောက်ရမည်။ တောင်ကုန်းပုံစံသည် အဆောက်အအုံပုံစံအတိုင်း ဖြစ်သည်။ တောင်ကုန်း အစွန်းနှင့် အဆောက်အအုံ အနည်းဆုံး ၆ မီတာ ခွာထားရမည်။ (၁၃) အခြားထည့်သွင်းစဉ်းစားရန် အချက်များ (က) မြှင့်တင်ထားသည့် ချဉ်းကပ်လမ်းကို ဘိလပ်မြေအသုံးပြု တည်ဆောက်သင့်သည်။ (ခ) အရေးပေါ် မီးပေးရန် မီးအားပေးစက် သို့မဟုတ် ဆိုလာပါဝါဆဲလ်များ တပ်ဆင်ထားရမည်။ ၄င်းတို့ကို လှိုင်းလုံးအမြင့်၏ အထက်တွင် တပ်ဆင်ထားရမည်။ (ဂ) ဆက်သွယ်ရေးစက်များ တပ်ဆင်ထားရမည်။ (ဃ) လူထုပါဝင်သော အဆောက်အအုံ ပြင်ဆင်မွမ်းမံရေး ကော်မတီ ဖွဲ့စည်းဆောင်ရွက်ရမည်။ (၁၄) ရဟတ်ယာဉ်ဆင်းကွင်း ဆိုင်ကလုံးမုန်တိုင်းများ ကျရောက်ပြီးချိန်တွင် ကျယ်ပြန့်သော ဧရိယာ တစ်ခုလုံး ရေလွှမ်းနေတတ်သဖြင့် ရဟတ်ယာဉ်များ အသုံးပြုရန် လိုအပ်လာတတ်သည်။ ဆိုင်ကလုံး ဒဏ်ခံ အဆောက်အအုံများ၏ အမိုးသည် မြင့်မားသလို အသေးစိတ် တွက်ချက် တည်ဆောက်ထားခြင်း ဖြစ်သဖြင့် ရဟတ်ယာဉ်များ အဆင်းအတက် ပြုလုပ်နိုင်ပေသည်။ သို့ရာတွင် ထိုသို့ ဆင်းတက်ရာတွင် ဖြစ်ပေါ်လာသော ဒိုင်းနမစ် အားများကို ခံနိုင်ရည် ရှိစေရန် ထည့်သွင်း တွက်ချက်ထားဖို့ လိုပေသည်။ အောက်ပါ နယ်မြေများတွင် ရဟတ်ယာဉ်ဆင်းကွင်း မဖြစ်မနေ ထည့်သွင်း တည်ဆောက်သင့်သည် - 􀁸 ရေကြောင်းပို့ဆောင်ရေးဖြင့် အလွယ်တကူ မသွားလာနိုင်သော အနိမ့်ပိုင်းဒေသများ 􀁸 ဆိုင်ကလုံး မကျခဏ ကျရောက်တတ်သော လူဦးရေ ထူထပ်သည့် ဒေသ 􀁸 ရေကြီးမှုကြောင့် နောက်ထပ် ဘေးအန္တရာယ်များ ကျရောက်နိုင်သည့် နေရာဒေသ နိဂုံး ကြိုတင်ပြင်ဆင်ခြင်းဖြင့် မုန်တိုင်း သတိပေးချက် ရရှိပြီးသည်နှင့် တစ်ပြိုင်နက် လူထုအား ချက်ခြင်း ရွှေ့ပြောင်းကာကွယ်ထားနိုင်ကြောင်း ကမ္ဘာအနှံ့ရှိ လက်ရှိ တည်ဆောက်ထားပြီးသော မုန်တိုင်းဒဏ်ခံ အဆောက်အအုံများက သက်သေပြခဲ့ပြီး ဖြစ်သည်။ အထက်ပါ အချက်အလက်များသည် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများကို ဆောက်လုပ်မည့် အင်ဂျင်နီယာများအတွက် ထည့်သွင်းစဉ်းစားရန် အခြေခံရမည့် အချက်များပင် ဖြစ်သည်။ အတိတ်က ဖြစ်ရပ်များ၊ ဘေးအန္တရာယ်များ၊ မုန်တိုင်းများ၊ ကယ်ဆယ်မှုများကို အခြေခံ၍ ရရှိလာသည့် အကြံပြုချက်များ ဖြစ်သောကြောင့် တတ်နိုင်သမျှ လိုက်နာ တည်ဆောက်ရန် လိုအပ်ကြောင်း အကြံပြု တင်ပြလိုက်ရပါသည်။

Please Share This Post

Share on Facebook Plus on Google+