မြန်မာ့မိသားစုထမင်းဝိုင်း နှင့် အိမ်ထောင့်ရှင်မတို့၏ အခန်းကဏ္ဍ

"ရွှေနန်းတော်ကြီးမှာဖြစ်ဖြစ်၊ တဲအိုပျက်မှာဖြစ်ဖြစ်၊ ဘယ်နေရာမှာ ဖြစ်ဖြစ် ပျော်ရွှင်ချမ်းမြေ့မှုဆိုတာ ကိုင်တွယ်ပြလို့မရတဲ့ ဒြပ်မဲ့မဟုတ်ဘူး…ကိုင်တွယ်ပြလို့ ရတာမျိုးပါပဲ။ အိမ်နံရံလေးဘက်အတွင်းက မိသားစုတစ်စုဟာ တိတ်တဆိတ် တည်ရှိနေတဲ့ ကလာပ်စည်းတစ်ခု၊ ယူနစ်တစ်ခုပါပဲ…"

ဤသို့ မဒမ်ဆီဗိုးဗွားက ဆိုပါသည်။ မှန်ပါသည်။ မိသားစုသည် လူ့အဖွဲ့အစည်း၏ အခြေခံအကျဆုံး ကလာပ်စည်းဖြစ်သည်။ မိသားစုအတွင်း ပျော်ရွှင်ချမ်းမြေ့မှု၊ တိုးတက်သာယာဝပြောမှုကို ထိုမိသားစု၏ စည်းလုံးညီညွတ်မှု၊ သဟဇာတဖြစ်မှု၊ ကြင်နာနွေးထွေးမှု၊ နားလည်ဖေးမမှု၊ မိသားစုသံယောဇဉ်၊ မေတ္တာကရုဏာ၊ ယဉ်ကျေးမှုထုံးဓလေ့၊ တန်ဖိုးထားမှုများက ပြဌာန်း၏။ ပျော်ရွှင်ချမ်းမြေ့သော မိသားစုများနှင့်ဖွဲ့စည်းထားသောလူ့အဖွဲ့အစည်းသည် ဟန်ချက်ညီညီ၊ တည်တည်ငြိမ်ငြိမ် တိုးတက်စည်ပင်သာယာဝပြောလာရမည်မှာ ဧကန်ပင်။ ဤသို့သာယာဝပြောကာ ညီညွတ်သော၊ ကာရန်သင့်သော လူမှုအဖွဲ့အစည်းကို မိသားစုထမင်းဝိုင်းများက မွေးဖွားဖန်တီးပေးနိုင်သည်ဆိုလျှင် မှားအံ့မထင်။ မိသားစုထမင်းဝိုင်းသည် တစ်နည်းအားဖြင့် မိသားစုဝင်များ မျက်နှာစုံညီ တွေ့ဆုံရာ နေရာ ဖြစ်သည်။ မိသားစု ၀မ်းရေးအတွက် အပြင်ထွက်ကာ စီးပွားရှာသွားရာမှ၊ ရုးံမှ ပြန်လာသော ဖခင်၊ ကျောင်းသွား၊ အလုပ်သွားရာမှ ပြန်လာသော သမီးသားတို့နှင့် မျက်နှာချင်းဆိုင် တွေ့နိုင်သော နေရာသည် မိသားစုဝင်များ စုဝေးရာ မိသားစုထမင်းဝိုင်း၊ လ္ဘက်ရည်ဝိုင်းပင်ဖြစ်သည်။ ထိုထမင်းဝိုင်းသည် မိသားစုအရေး ဆွေးနွေးဆုံးဖြတ်ညှိနှိုင်းရာ အစည်းအဝေးလည်း ဖြစ်နိုင်သည်။ သားသမီးတို့အား လိမ္မာယဉ်ကျေးအောင် ဆုံးမပဲ့ပြင်ရာ စာသင်ခန်းသဖွယ်လည်း ဖြစ်နိုင်သည်။ အခက်အခဲတို့ကို ရင်ဖွင့်တိုင်ပင်ရာ နေရာလည်း ဖြစ်နိုင်သည်။ အကြံကောင်းဥာဏ်ကောင်းတို့ ထွက်ပေါ်ရာလည်း ဖြစ်နိုင်သည်။ မိသားစုအတွင်း ချစ်ခြင်းမေတ္တာ သန္ဓေတည် ပေါက်ဖွားရာနေရာလည်းဖြစ်သည်။ "ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရည်တစ်ပြင်တည်း ရှေးကထက်ပိုချစ်ကြတယ်" ဟူ၍ နန်းတော်ရှေ့ဆရာတင် စပ်ဆိုခဲ့သလို မြန်မာ့မိသားစုအတွင်း ကျန်းမာအသက်ရှည်ခြင်း၊ ခင်မင်ရင်းနှီးခြင်း၊ သာတူညီမျှခြင်း၊ ညီညွတ်ခြင်း နှင့် ချစ်ခြင်းမေတ္တာကို ရှေးကထက် ပိုလို့ တိုးပွားစေသည်မှာ မြန်မာ့မိသားစုထမင်းဝိုင်းပင်တည်း။ စင်စစ် မိသားစုထမင်းဝိုင်းသည် ကောင်းကျိုးဖြာဖြာတို့ ဝေစည်နေသည့် ပဒေသာပင်သဖွယ်ပင်တည်း။ မြန်မာတို့၏ မိသားစုထမင်းဝိုင်းဓလေ့သည် စည်းလုံးမှု၊ ညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှု၊ မေတ္တာတရား၊ လက်ရည်တစ်ပြင်တည်း တန်းတူညီမျှမှုစသည့် ဗြဟ္မစိုရ်တရားတို့၏ အခြေခံဖြစ်၏။ မိသားစုထမင်းဝိုင်းသည် လူ့အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှု၊ ဟန်ချက်ညီမှုကို သာ မွေးဖွားပေးနိုင်သည်မဟုတ်၊ ထိုလူ့အသိုင်းအ၀ိုင်း၏ လောကအမြင်၊ အဘိဓမ္မာ၊ ယဉ်ကျေးမှုစံနှုန်းများကိုလည်း ထင်ဟပ်ပြနိုင်သည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုကို လေ့လာရာ၌ ထိုလူမျိုး၏ စားသောက်မှုစနစ်၊ အစားအစာ၊ ချက်နည်းပြုတ်နည်း တို့ကို မလေ့လာဘဲ ပြီးပြည့်စုံမည် မဟုတ်ပေ။

မိသားစုဝင်တို့၏ စား၊၀တ်၊နေရေး သုံးပါးအနက် စားရေးအတွက် မီးဖိုချောင်ကို စီမံခန့်ခွဲရသော အိမ်ရှင်မတို့၏ အခန်းကဏ္ဍသည် မိသားစုအတွင်း သာယာဝပြောရေး၌ အခရာကျလှသည်။ "စီးတဲ့ရေ၊ ဆည်တဲ့ကန်သင်း" ပမာ အယိုအစီး၊ အဖိတ်အစင်၊ အလေအလွင့် မရှိရလေအောင် မီးဖိုချောင်နိုင်နင်းသော၊ "မြိန်ရာဟင်းကောင်း" ဆိုသလို ရသည့်ဟင်းလျာနှင့် မြိန်အောင်စီမံချက်ပြုတ်နိုင်သော အိမ်ရှင်မတို့၏ အစွမ်းအစပေါ်မူတည်၍ ထိုမိသားစုသည်လည်းကောင်း၊ ထိုလူ့အဖွဲ့အစည်းသည်လည်းကောင်း နေပျော်ဖွယ် တိုးတက်စည်ပင်သာယာဝပြောလာပေလိမ့်မည်။ "မီးဖိုချောင် နှင့် အိမ်ကို ဖန်တီးခြင်းသည်ပင် နွေးထွေးမှု နှင့် အဓိပ္ပာယ်ရှိသော ဘ၀ကို ထုဆစ်ခြင်း" ဟု အိမ်ကလေး ၁၆ လုံး ဆောင်းပါးစုတွင် ဆရာနေ၀င်းမြင့် က ဆိုထား၏။ နွေးထွေးမှု နှင့် အဓိပ္ပာယ်ရှိသော ဘ၀ကို ထုဆစ်ရာ၌ ပုခက်လွှဲသော လက်ပိုင်ရှင် (၀ါ) အိမ်ရှင်မတို့သည် လူ့အဖွဲ့အစည်းကို ပုံဖော်သူ ဗိသုကာများတည်း။ ထို့ကြောင့် အနောက်နိုင်ငံများ၌ Housekeeper ခေါ် အိမ်ထောင်ထိန်းသိမ်းသူကို ဆရာဝန်၊ အင်ဂျင်နီယာစသည့် အသက်မွေးလုပ်ငန်းများ နှင့် တစ်တန်းတစ်စားတည်း ထားကြသည်။ အမှန်စင်စစ် အိမ်ထောင်ထိန်းသိမ်းသူ အိမ်ရှင်မတို့သည် နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံသားတို့၏ ကျန်းမာပျော်ရွှင်ရေး၊ သာယာဝပြောရေး ကို ကန့်လန့်ကာနောက်ကွယ်မှ ဖန်တီးစီမံနေသူများ ဖြစ်ကြပါသည်။ "ပုခက်လွှဲသော လက်သည် ကမ္ဘာကို စိုးမိုးနိုင်၏" ဟူသောစကားသည် ထိုအချက်ကို ထောက်ခံနေ၏။ ဤစကားကို အတွင်းကျကျ ထောက်ချင့်တွေးဆလေ ချဲ့တွေးနိုင်သလောက် အဓိပ္ပာယ် နက်ရှိုင်းကျယ်ဝန်းလေ ဖြစ်သည်။

လူတစ်ဦးချင်း ကျန်းမာစွာ အသက်ရှင်ရပ်တည်နိုင်ရန်၊ ဓာတ်ကြီးလေးပါး သပ္ပာယ မျှတစေရန်၊ ပျော်ရွှင်တက်ကြွစွာ အလုပ်လုပ်နိုင်ရန်၊ စား၊၀တ်၊နေရေး မဏ္ဍိုင်သုံးရပ် ပြည့်စုံမျှတရန် လွန်စွာ လိုအပ်ပါသည်။ လူမှုအဖွဲ့အစည်း၏ အခြေခံအကျဆုံး ယူနစ်ဖြစ်သည့် မိသားစုစားဝတ်နေရေး ချောင်ချိပြေလည်စေရေး၊ ကျန်းမာပျော်ရွှင်ရေးအတွက် သမိုင်းမတင်မီ ခေတ်ကပင် ဖကတစ်ထမ်း၊ မိကတစ်ရွက် တာဝန်ယူကြရသည်ဟု ဆိုကြသည်။ မြန်မာ့ လူမှုအသိုင်းအ၀ိုင်း၌လည်း ထိုသဘောကို ၀န်ကြီးပဒေသရာဇာရေး တျာချင်းများတွင် တွေ့နိုင်၏။
"မယားကတစ်သွယ်၊ ဟင်းရွက်ဆိုးကောင်း သောင်းပြောင်းရော၍လွယ်၊ လင်ကတစ်သွယ် ယုန်ငယ်ကစ၊ တောသတ္တ၀ါ တွေ့တိုင်းကိုသာ၊ အိတ်မှာသာ ယူ၍ ချသည်နှင့်လေး။"

ထန်းသမားလင်မယား မောင်တစ်ထမ်း၊ မယ်တစ်ရွက် ဟင်းစားရှာထွက်ပုံကို ၀န်ကြီးပဒေသရာဇာက ဤသို့ ဖွဲ့၏။ ညောင်ရမ်းခေတ် မြန်မာမိသားစုအတွင်း ၀မ်းရေးအတွက် လင်နှင့်မယား အေးအတူပူအမျှ ဒိုးတူပေါင်ဖက် ဤနှယ် အသီးသီး အသက တာဝန်ယူရပါ၏။ ထန်းသမားဇနီးက လင်ကို ပါရမီဖြည့်ရ၏။ အပိုမကုန်သင့်တာ မကုန်ရအောင် လင်ဟင်းခပ်ရှာစဉ်မှာ၊ မယားက ရတတ်သမျှ ဟင်းစား အသီးအရွက် အဆိုးအကောင်းတို့ကို ခူးရရှာရ၏။ လင်က ထန်းဦးရေ ခံချိန်၊ မယားငယ်ဆွေ ထန်းရည် သိမ်းဆည်းရသည်။ ထန်းသမားမယား၏ တာဝန်ကား ဤမျှနှင့် မပြီးသေး။ "သို့နှင့်ရောက်ကာ ခဏအောင့်လျှင်၊ တံစို့ထက်နှင့် ထန်းလျက်ဖိုမှာကင်၊ ဟင်းအိုးဆူလျှင် အကင်ခပ်ပြီး၊ အိုးကင်းနှင့် လှော် ရေနှင့် ကြော်၊ မိုးမျှော်ငရုပ်သီးငယ်နှင့်လေး။" ဆိုသလို ကြော်ရချက်ရသေး၏။ ထန်းသမ အဖြစ် ထန်းလုပ်ငန်းခွင်ဝင်ရသလို၊ အိမ်ရှင်မ အဖြစ် မီးဖိုချောင်လည်း ၀င်ရပါသေးသည်။ ဤထန်းတက်ဘွဲ့သည် မြန်မာ့မိသားစုအတွင်း အိမ်သူဇနီးမယား အရေးပါမှုကို မီးမောင်းထိုးပြထားသည်။ ဆရာမကြီး လူထုဒေါ်အမာ က သူ၏ "ကျွန်မတို့အညာ" ဆောင်းပါး၌ ထန်းသမား မိန်းမ တာဝန်ကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။

"မီးကလည်းပူသေး၊ ထန်းလျက်အိုး အဆက်မပြတ်ကလည်း မွှေရသေး၊ အပူကိုလည်း နှိုက်လုံးရသေး၊ ယောကျာ်း ထန်းပင်ပေါ်က ဆင်းလာချိန်မှာ စားဖို့သောက်ဖို့ ထမင်းဟင်းကို လည်း အချိန်ရှာပြီး ချက်ထားရပါသေးတယ်။"

ထန်းလုပ်ငန်းသည် မိုး၊ လေ၊ နေ တို့ကိုကြည့်ကာ အချိန်လုလုပ်ရသည့် လုပ်ငန်းဖြစ်သည်။ နေမမြင့်ခင် ထန်းရည်ချိုကို ခံရ၊စုရသည်။ မွန်းတိမ်းလျှင် ထန်းရည်ပျက်တတ်သည်။ ထန်းလုပ်ငန်းသည် ဥဋ္ဌာနသမ္ပဒါ ထကြွလုံ့လ၀ီရိယ နှင့် ပြည့်စုံမှ အောင်မြင်နိုင်သည့် လုပ်ငန်းဖြစ်သည်။ ဥာဏသမ္ပတိ လုပ်ငန်းဆိုင်ရာနားလည်တတ်ကျွမ်းမှုနှင့် ပြည့်စုံခြင်း၊ ဂတိသမ္ပတိ အလုပ်ဖြစ်နိုင်လောက်သည့် အကွက်ကောင်း၊ နေရာကောင်းနှင့် ပြည့်စုံခြင်း၊ ဥပတိသမ္ပတိ အလုပ်ဖြစ်နိုင်လောက်သည့် လက်နက်ကိရိယာ တန်ဆာပလာ နှင့် ပြည့်စုံခြင်း၊ ကာလသမ္ပတိ အလုပ်ဖြစ်နိုင်လောက်သည့် အခွင့်အခါ၊ အချိန်ကာလကို ကောင်းစွာသိမြင်နားလည်မှု၊ အချိန်ကိုက်အသုံးချတတ်မှုနှင့် ပြည့်စုံခြင်း၊ ပယောဂသမ္ပတိ ဥာဏ်နှင့်ယှဉ်သည့် မဆုတ်မနစ်၊ စွဲမြဲထက်သန်သော ဇွဲလုံ့လ၊ ၀ီရိယနှင့် ပြည့်စုံခြင်း စသည့် အင်္ဂါရပ်များနှင့် ပြည့်စုံမှ ထန်းလုပ်ငန်း အောင်မြင်ကြီးပွားနိုင်သည်။ သို့ဖြစ်ရာ ထန်းလုပ်ငန်းသည် ထန်းသမားမိသားစုဝင်အားလုံး တက်ညီလက်ညီ ရုန်းကြမှ အောင်မြင်နိုင်သည့် လုပ်ငန်းဖြစ်သည်။ ထန်းသမားဇနီးသာ မရှိပါက ထန်းသမား၏ ထန်းလုပ်ငန်းခွင်၊ စားရေးသောက်ရေးသည် အဘယ်မျှ ကသီလိုက်မလဲ။ ထို့ကြောင့် မိသားစုတစ်စု သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ခု အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ရေး၌ အိမ်ရှင်မတို့သည် လူမှုယန္တယား၏ အခြေခံအကျဆုံး ခွေးသွားစိတ်များ ဖြစ်ကြပါသည်။

အိမ်ထောင်ထိန်းသိမ်းသူ အိမ်ရှင်မတို့ မီးဖိုချောင်ကို အဖိတ်အစင် အလေအလွင့်မရှိအောင် စီမံခန့်ခွဲနိုင်စွမ်းသည် မိသားစုဘဏ္ဍာရေးကိုသာမက နိုင်ငံ၏စီးပွားရေးကိုပါ တစ်ဘက်တစ်လမ်းက အထောက်အကူပြုနိုင်ကြောင်း ရှေ့၌ ဆိုခဲ့ပြီးဖြစ်သည်။ နောက်ဖေးမီးဖိုချောင်သည် မိသားစု၏ ငွေယိုပေါက် ဖြစ်သည်။ အိမ်ထောင်ဦးစီးက မည်မျှ ကုန်းရုန်းရှာဖွေစေကာမူ၊ နောက်ဖေးမီးဖိုချောင်ကို စေ့စေ့စပ်စပ်၊ နိုင်နိုင်နင်းနင်း မစီမံနိုင်ပါက ပလိုင်းပေါက်နှင့် ဖားကောက်သည့်နှယ် ဖြစ်နေလိမ့်မည်။ အိမ်ရှင်မတို့သည် မိသားစု၏ ၀င်ငွေထွက်ငွေမျှတ အောင် စီမံရသည့် ဘဏ္ဍာရေးမှူးများလည်း ဖြစ်သည်။ အရှင် ပညာဝရ(သရက်) စီရင်သော ဒီဃဇာဏုသုတ္တန်အကျဉ်းကို ပြဆိုသည့် မြတ်ဗုဒ္ဓ၏ ကြီးပွားချမ်းသာရေးလမ်းပြကျမ်းတွင် "၀င်ထွက်ညီမျှ၊ သုံးစွဲမှ၊ ကြွယ်ဝချမ်းသာမည်" ဟုပြထား၏။ မြတ်ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာစေကြောင်းနည်းလမ်း လေးသွယ်တွင် သမဇီဝိတသမ္ပဒါ ၀င်ငွေထွက်ငွေမျှတကောင်းမွန်အောင် အသက်မွေးမှုနှင့် ပြည့်စုံခြင်းလည်း တစ်ပါးအပါအ၀င် ဖြစ်လေသည်။ ထို့ကြောင့် မိသားစုတစ်စုစီ၏ ငွေယိုပေါက်မီးဖိုချောင်ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်စွမ်းသည် ထိုမိသားစုများနှင့်တကွ လူ့အဖွဲ့အစည်းတစ်ခုလုံး၏ စီးပွားရေးကြီးပွားတိုးတက်မှု၏ အကြောင်းတရားပင်တည်း။ သာလွန်မင်းတရားကြီးတိုင်းခန်းလှည့်လည်စဉ် သူဆင်းရဲမတစ်ယောက်သည် ထမင်းရည်ကို အောက်က ခွက်မခံဘဲ၊ မြေပေါ် အလဟဿ သွန်ငှဲ့ပစ်နေသည်ကို မြင်ရာ နောင်ဤသို့ အလဟဿ သွန်မပစ်ဘဲ သားသမီးတို့အား အာဟာရအလို့ငှာ တိုက်ကျွေးနိုင်ကြောင်း ဆုံးမသည် ကို အားလုံးကြားဖူး၊ သိဖူးပြီးဖြစ်မည်။ ဒီဃဇာဏုသုတ္တန်၌လည်း အာရက္ခသမ္ပဒါ ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ပြည့်စုံခြင်းကို ကြီးပွားချမ်းသာခြင်း အကြောင်းတစ်ရပ်အနေဖြင့် ပြဆိုထားသည်။ အိမ်သူတို့ မီးဖိုချောင်ကို အလေအလွင့်မရှိစေရအောင် ထိန်းသိမ်းစောင့်ရှောက်၊ စီမံခန့်ခွဲနိုင်ခြင်းဖြင့် သားသမီးတို့အား ထမင်းရည်မှ အာဟာရဖြစ်စေ၍ ကျန်းမာစေကာ၊ ငွေပိုမကုန်၍ မိသားစုဝင်ငွေ၊ ထို့ထက်တစ်ဆင့်တက်လျှင် နိုင်ငံဘဏ္ဍာငွေကို ဖြုန်းရာ မရောက်ကြောင်း သာလွန်မင်း၏ အဆုံးအမက သင်ခန်းစာပေးသည်။ ဤသည်မှာ လူ့အဖွဲ့အစည်း၏ အခြေခံအကျဆုံးယူနစ်ဖြစ်သည့် မိသားစုအတွင်း မီးဖိုချောင်ကို စီမံနေကြရသည့် အိမ်ရှင်မတို့သည် နိုင်ငံစီးပွားရေး၊ ပြည်သူပြည်သားတို့ အာဟာရပြည့်ဝရေး၊ ကျန်းမာကြံ့ခိုင်ရေးကို ကန့်လန့်ကာ နောက်ကွယ်မှ ပြုပြင်စီမံနေကြကြောင်း ဥာဏ်အမြော်အမြင်ကြီးမားသော သာလွန်မင်းတရားကြီး၏ ဆုံးမစကားက သက်သေပြနေ၏။ "စနစ်တကျ ထန်းသိမ်းမှ ကြွယ်ဝချမ်းသာမည်" ဆိုသမဟုတ်လား။

မိသားစုထမင်းဝိုင်းကို အကုန်အကျမများစေဘဲ စိုစိုပြည်ပြည်၊ ဖွယ်ဖွယ်ရာရာ ချက်ရပြုတ်ရသည့်အတတ်မှာ အနုပညာတစ်ရပ် ပင်ဖြစ်သည်။ ထို့ကြောင့် အချက်အပြုတ် (Culinary) ပညာရပ်ကို ယဉ်ကျေးမှုထွန်းကားသည့် နိုင်ငံများဝယ် တက္ကသိုလ်များ၌ ဘာသာရပ်တစ်ခုအဖြစ် တခုတ်တရ လေ့လာလိုက်စားနေကြသည်။ ရသာရုံ၊ ဂန္စာရုံကို လှုံ့ဆော်နိုင်သော၊ ကျန်းမာရေးနှင့်ညီညွတ်သော၊ ဓာတ်ကြီးလေးပါးကို မျှတစေသော ဟင်းလျာများကို စီမံချက်ပြုတ်ခြင်းအတတ်၌ ပန်းချီသဘောတရားများပါဝင်နေသည် ဆိုလျှင် မှားအံ့မထင်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဟူသည့် လူတို့၏ ကျန်းမာရေးကို စီမံပြုပြင်နေသည့် အကြောင်းလေးပါး ညီညွတ်မျှတအောင် စီမံချက်ပြုတ်ခြင်းအတတ်၌ အာဟာရပညာ၊ ဆေးပညာသဘောတရားများ၊ ဓာတ်သဘောတရားများ ပါဝင်နေသည်။ ထိုအကြောင်းလေးပါးအနက် အာဟာရကို လူတို့ ပြုပြင်စီမံနိုင်သည်။ "အစာလည်းဆေး၊ ဆေးလည်းအစာ" ဆိုသကဲ့သို့ ဥတု နှင့် လိုက်ဖက်ညီထွေသင့်လျော်စေမည့် အစာအာဟာရဖြင့် လူတို့၏ ကျန်းမာရေးကို ပြုပြင်စီရင်ခြင်းသည် တစ်နည်းအားဖြင့် ဆေးမှီဝဲခြင်းတစ်မျိုးပင် ဖြစ်သည်။ ထို့ကြောင့် ဆရာကြီးရွှေဥဒေါင်းက သူ၏ အာဟာရ နှင့် ကျန်းမာရေး ကျမ်းငယ်၌ "မှန်ကန်သော အစားအစာကို မှန်ကန်စွာ တွဲဖက်၍ မှန်ကန်သော အတိုင်းအထွာဖြင့် စားသုံးခြင်းသည်သာလျှင် ကိုယ်ခန္ဓာ၌ အညစ်အကြေးအပုပ်အစပ်တို့ ကပ်သပ်၍ မနေနိုင်သော နည်းဖြစ်ချေသည်။ အညစ်အကြေးအပုပ်အစပ်မရှိခဲ့လျှင် အခြားရောဂါကို မဆိုထားဘိ၊ ခေါင်းခဲ၊ လည်နာခြင်းမျှ ရရှိကြမည် မဟုတ်ချေ။" ဟု ဖော်ပြထားသည်ကို ထောက်ရှုရသော် အိမ်ရှင်မတို့ စီမံချက်ပြုတ်သော အစာအာဟာရတို့သည် မိသားစုဝင်တို့ကျန်းမာရေးအတွက် အဘယ်မျှ အရေးပါလှကြောင်း သဘောပေါက်လောက်ပေပြီ။

အိမ်ရှင်မတို့သည် မိသားစု သက်သာချောင်ချိရေးအလို့ငှာ ၀င်ငွေထွက်ငွေ မျှတအောင်၊ ငွေယိုပေါက် မီးဖိုချောင်အတွင်း မလစ်ဟင်းရအောင် စီမံရသကဲ့သို့ အိမ်ထောင်ဦးစီး နှင့် အိမ်သူအိမ်သား သမီးသားတို့ အာဟာရပြည့်ဝအောင်၊ ကျန်းမာရေးနှင့်ညီညွတ်အောင် အစားအသောက်တို့ကို စီမံချက်ပြုတ်တတ်ရသေးသည်။ ဆီး၊ ၀မ်း၊ သွေး၊ လေ မှန်အောင် ခန္ဓာကိုယ်၏ မဟာဘူတ ဓာတ်ကြီးလေးပါးမျှတအောင် ပူလျှင် ပူသည့်အလျောက်၊ အေးလျှင် အေးသည့် အလျောက် ဟန်ချက်ညီအောင် ရေပူရေချမ်းကမ်းလှမ်းခြင်း၊ စပ်ဟပ်စီမံချက်ပြုတ်ခြင်း အနုပညာသည် အိမ်သူတို့ တတ်အပ်သည့် အဌာရဿတည်း။ မြန်မာပြည်သည် ဥတုရာသီစုံ နိုင်ငံဖြစ်သည့် အားလျော်စွာ ရာသီပေါ် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ လှိုင်လှိုင်ပေါလှသည်။ နွေ၊ မိုး၊ ဆောင်းရာသီအလိုက် အစာအာဟာရကို သဘာဝတရားကြီးက မျက်နှာသာပေးဖန်တီးပေးထားလေရာ မြန်မာပြည်သားတို့မှာ ကံထူးလေစွ။ ထို့ကြောင့် မြန်မာထမင်းဝိုင်း၊ အချိုဝိုင်းများသည် အခါအလိုက် ရာသီစာများဖြင့် ဖွယ်ရာနေတတ်သည်။ မြန်မာထမင်းဝိုင်းတွင် ငါးပိရည်၊ တို့စရာမှာ မပါမဖြစ် ဟင်းရံဖြစ်သည်။ မြန်မာတို့ တို့စရာအဖြစ် အစိမ်းစားသော အသီးအရွက်များမှာ အမျိုးမျိုးအစားအစားပြားသည်။ အသီးအရွက်တို့ကို ချက်ပြုတ်စားခြင်းထက် အစိမ်းစားခြင်းက ဗီတာမင်ဓာတ်မပျက်သဖြင့် မြန်မာထမင်းဝိုင်း၏ တို့စရာ ပန်းကန်သည် ဗီတာမင်စုံ အားဆေးပဒေသာကြီးပင် ဖြစ်လေသည်။

ရိုးတစ်လျှောက်
ဖြိုးမောက်ပါတဲ့ လယ်ပတူ
အရွက်ချွန်း ကန်စွန်း၊ ပုစွန်စာနှင့်
လွန်တရာ ကညို့ပေါတယ်
တော့ဖြစ်လို့ထူ။
မှိုနားတို ငွေရောင်ဖျော့ငယ်နှင့်
ရွှေကနဖော့ ကြာရိုးဖြူ
ချိုးယူလို့ မကုန်ခန်း။
ပတ္တမြားရောင်
ဖားကပေါင် သံလွင်လွင်နှင့်
ရွှေညံပင်ရှုပ်မရှင်းတယ်
ကွင်းပြည့်ခမန်း။
ဤကဗျာလာ တို့စရာ အမျိုးအစားတင် ၁၀ မျိုးပြားသည်။ လယ်ပတူ၊ ကန်စွန်း၊ ပုစွန်စာ၊ ကညို့၊ မှိုနားတို၊ ကနဖော့၊ ကြာရိုးဖြူ၊ ဖားကပေါင်၊ သံလွင်၊ ညံပင် စသည့် လယ်ကန်းသင်းရိုးတစ်လျှောက် အလေ့ကျပေါက်နေသည့်၊ မြန်မာ့လယ်သမားဦးကြီးများ၏ ထမင်းဝိုင်းအတွက် လယ်စာ၊ တောစာ ဟင်းသီးဟင်းရွက်တို့စရာတို့မှာ အဘယ်မျှ လတ်ဆတ်လိုက်ပါသနည်း။ ယနေ့ ချမ်းသာသည့်နိုင်ငံများတွင် တခုတ်တရ မတန်တဆ ဈေးကြီးပေးဝယ်စားနေရသည့် Organic Vegetables ခေါ် ဓာတုပစ္စည်းကင်းသည့် သဘာဝ ဟင်းသီးဟင်းရွက်တို့ကို မြန်မာ့လယ်ယာဦးကြီးတို့၏ လယ်ယာမြေ ရိုးတစ်လျှောက် ချိုးဆွတ်ယူငင်၍ မကုန်ခန်းအောင် ပေါချက်က ကွင်းပြည့်လုမတတ်ပါပင်။ မြန်မာ့လယ်သမားတို့၏ ထမင်းဝိုင်းသည် အဖိုးတန် သားပြွမ်းဟင်းဖြင့် မြိုင်မြိုင်ကြီးဖွယ်ရာစရာမလို။ ငါးပိရည်နှင့် တို့စရာလှိုင်လှိုင်ကို မြိန်မြိန်ကြီးလွေးရလျှင် ကျေနပ်ပြီ။ အာဟာရဖြစ်ပြီ။ အလုပ်ကပင်ပန်း၍ ၀မ်းမီးကလည်းကောင်းလှရာ ပြောင်းခင်းဆင်ကျသလို တဂျွမ်းဂျွမ်း စားလိုက်ပုံများ သွားရည်ယိုစရာ ကောင်းပါဘိ။ မြန်မာ့လယ်သမားကြီးတို့မှာ ဖြူနေအောင်ဖွတ်ထားသည့်ဆန်ထက် အဆာခံအောင် လုံးတီးဆန်ကြမ်းကို သာ စားကြရာ ကျန်းမာရေး နှင့် ညီညွတ်လှသည်။ အစာသေ (သားငါး) ထက် အစာရှင် (ဟင်းသီးဟင်းရွက်) ကို ပို၍ စားကြသဖြင့် ဆရာကြီး ရွှေဥဒေါင်းစကား ငှားသုံးရလျှင် မိုးကိုဒူးဖြင့် တိုက်ချင်လောက်အောင် ကျန်းမာကြသည်။ လယ်ယာဦးကြီးတို့ "ကျွဲချွတ်ကယ်အိမ်ပြန်၊ မုရင်းငယ်ကောက်ဆန်၊ ထမင်းငယ်နီကြန်" ကို အိမ်သူဇနီးမယား စီမံချက်ပြုတ်ထားသော "ရွှေဂုံညို၊ ယုန်ဖိုနှောချက်၊ တစ်ခွက်ကယ်အချဉ်၊ တောပြည့်စင်၊ ရည်ငင်ရွှန်းစို၊ လယ်ကန်စွန်းရယ်နှင့်၊ မယ်လွန်းအောင်ကျိုပါ့၊ နဂိုလှ ဦးရင်ငယ်၊ လှော်မီးကင်ပုစွန်ထောင်းငယ်နှင့်…" လည်းကောင်း၊ "ယုန်သားငယ်စိမ်းစို၊ ဆူးပုပ်ကယ်ပင်အို၊ လက်ငုတ်ကယ်တိုတို၊ ဟင်းရေကချို" နှင့်လည်းကောင်း ဆုပ်ကာဆုပ်ကာ လွေးလိုက်ပုံမှာ အားရစရာကြီးပါပေ။ ဦးဆောင်း၏ လွမ်းချင်း၌လည်း "ဖျဉ်းနားတိုတွင်၊ ချဉ်ပေါင်ညို ပေါ်စဖူးရယ်နှင့်၊ ငါးလူးငယ်မျှင်မျှင်၊ ကြေးမသင်ရေလုံပြုတ်ပါလို့၊ အင်ကုပ်ကျယ်ကျယ်နှင့်…" ဟု စပ်ဆိုထားရာ မြန်မာ့ဓလေ့ ဟင်းလျာတို့သည် အသားပြုတ်ရည်ချိုချိုဝယ် လတ်လတ်ဆတ်ဆတ် ရတတ်သမျှ ဟင်းရွက်တို့ကို သောင်းပြောင်းရော၍ ခပ်ကာ ချက်ထားသော အရည်ရွှမ်းဟင်းမျိုးများ ဖြစ်ကာ ဆီမပါသဖြင့်၊ ဟင်းသီးဟင်းရွက်တို့က လတ်ဆတ်ကာ ချိုသဖြင့်၊ အာရသာရှိရုံမက၊ အာဟာရပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွတ်ပါပေသည်။ ထို့ကြောင့် ရှေးမြန်မာ တောနေလူတန်းစားတို့မှာ ကျန်းမာတုတ်ခိုင်ကြကာ၊ အလုပ် လုပ်နိုင်စွမ်းမြင့်မားကြခြင်း ဖြစ်ရပေမည်။ မြန်မာပြည်သည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် အားလျော်စွာ လူဦးရေ၏ ၇၀ % ကျော်မှာတောနေ လယ်သမားများ ဖြစ်ကြသည်။ တောနေလူတန်းစား လယ်သမားတို့ ကျန်းမာ၍ အလုပ်လုပ်နိုင်စွမ်းမြင့်လေ နိုင်ငံထုတ်ကုန် တိုးလေ၊ နိုင်ငံထုတ်ကုန်တိုးလေ နိုင်ငံ၏ GDP မြင့်လေ၊ နိုင်ငံ့ GDP မြင့်လေ နိုင်ငံချမ်းသာလေ၊ နိုင်ငံချမ်းသာလေ၊ နိုင်ငံ၏ ပြည်သူပြည်သားတို့ ဘ၀ပျော်ရွှင်ငြိမ်းချမ်း၊ စည်ပင်ဝပြောလေ ဖြစ်မည်ကား မုချဧကန်ပင်။

မြန်မာပြည်၌ နောက်ပိုင်း ဟော့ပေါ့ Hot Pot ဆိုင်များပေါ်လာကြသည်။ ထိုဟော့ပေါ့ကို တတန်တက ဆိုင်ကြီးကနားကြီးဖွင့်ကာ တခမ်တနား ရောင်းချလာကြသည်။ စင်စစ် ဟော့ပေါ့ယဉ်ကျေးမှုသည် ဂျပန်ကလား၊ တရုတ်ကလား မသိ ဈေးကွက်စီးပွားရေး နှင့် အတူ မြန်မာပြည်သို့ ၀င်လာတာ ဖြစ်ရမည်။ ဟော့ပေါ့သည် မီးအပူပေးထားသော အသားပြုတ်ရည်အိုးကြီးထဲ ဟင်းသီးဟင်းရွက်နှင့် အသားများရော နှောချက်ထားသည့် အရည်သောက်ဟင်းချိုပါပဲ။ ဒါကို ၀ိုင်းဖွဲ့စားကြသည့် အခါ အာရသာပို ရှိသွားစေသည်။ အမှန်တော့ ဟော့ပေါ့ မြန်မာပြည်သို့ မ၀င်လာမီကပင် မြန်မာလူမျိုးတို့ ရှေးယခင်ကတည်းက ဟော့ပေါ့ နှင့် အလားတူဟင်းများ ချက်ပြုတ်စားသောက်လာခဲ့ကြကြောင်း ၀န်ကြီးပဒေသရာဇာ၊ ဦးဆောင်း၊ ဦးကြီး၊ လယ်ဝန်မင်းကြီး ဦးစီတို့၏ ကျေးလက်ဘွဲ့ ကဗျာများတွင် တွေ့နိုင်၏။ ဟော့ပေါ့ကဲ့သို့ဝိုင်းဖွဲ့ကာ သိုင်းချဲ့ကာ စားရသော ဓလေ့ မြန်မာတို့တွင်လည်း ရှိခဲ့ပါ၏။ ထိုဓလေ့ကား ဒေါင်းလန်းကြီးအလယ် ထမင်းတွေပုံ၊ ဟင်းတွေပုံကာ မိသားစုဝိုင်းဖွဲ့ကာ စားကြသည့် လက်ရည်တစ်ပြင်စီး မြန်မာ့ဒေါင်းလန်းကြီး ထမင်းဝိုင်းပေတည်း။

လက်ရည်တစ်ပြင်စီး မြန်မာ့မိသားစုထမင်းဝိုင်းကို နန်းတော်ရှေ့ဆရာတင်က "လက်ရေတစ်ပြင်စီး၊ နှီးဒေါင်းလန်းကြီးရယ်နှင့် ၀ိုင်းဖွဲ့ကာ၊ သိုင်းချဲ့ကာ၊ စားကြသည်မောင်၊ မကြည်အောင် ခပ်ငယ်ငယ်….ဒေါင်းလန်းကြီးရယ်နဲ့ ထမင်းတွေပုံ၊ ဟင်းဇလုံ အလယ်မြှုပ်ပါလို့၊ တစ်လုပ်စီ မောင်နှမတွေရှင်…စားကြပျော်ရွှင်…တေးဆိုကြ…မြူးပျော်ကြ…ဟေ့သူငယ်ချင်းတို့…တို့နယ်ပယ်တွင်…" ဟူ၍ သရုပ်ဖော်သည်။ လက်ရေတစ်ပြင်တည်း၊ လက်ရေတစ်ပြင်စီး၊ ဇာတိနွယ် သုံးမည်ရ ဤသီချင်းကို ကနဦး အငြိမ့်ခုံပေါ်ဝယ် သူဆိုသူမှာ လေဘာတီမမြရင် ဖြစ်သည်။ သာစည်နယ် ရွှေဖလားကန်သူ မမြရင် သီချင်းကို ပုဇွန်တောင် စက်ဆန်းသူ မကြည်အောင် ဓာတ်ပြားသွင်းတော့လည်း စွဲလန်းကြသည်။ မြန်မာ့ကျေးလက်မိသားစုထမင်းဝိုင်းရဲ့ တန်ဖိုး၊ အနှစ်သာရကို မြန်မာတိုင်းက နားလည်ကြသည်ကိုး။ ခုခေတ်ပြန်ဆိုနေကြတော့လည်း ဘယ်တော့မှ မရိုးနိုင်၊ နှစ်ခြိုက်ကြဆဲ။ မြန်မာမှန်ရင် မြန်မာ့မိသားစုထမင်းဝိုင်းသြဇာရိပ်နှင့် ကင်းနိုင်တဲ့သူမှ မရှိတာကလား။ နှီးဒေါင်းလန်းကြီးကို ၀ိုင်းကာ သူ့လက်ရည်ကိုယ့်ဘက်စီး၊ ကိုယ့်လက်ရည်သူ့ဘက်စီး တစ်သားတည်း စားကြသည်မှာ အချစ်မေတ္တာကို ရှေးကထက်ပိုလို့တိုးစေ၏။ မြန်မာ့ကျေးလက်မိသားစုထမင်းဝိုင်းသည် စည်လုံးညီညွတ်မှု၊ အေးအတူပူအမျှ ရှိမှု တို့၏ ပြယုဂ်ဖြစ်သည်။ မိသားစုဝင်တစ်တွေ တိုးကာဝှေ့ကာ၊ အားရပါးရ ဆုပ်ကာ လွေးကြသည်မှာ အားရစရာ မြိန်စရာကောင်းလှချည့်။ သြော်….ကောင်းလိုက်ပါဘိ။ လွမ်းဖွယ်အတိ။

"ခင်ရာ ဆွေမျိုး၊ မြိန်ရာ ဟင်းကောင်း" ဆိုသလို စားမြိန်စေဖို့ အဖိုးတန် ဟင်းလျာ ဖြစ်ဖို့မလို။ စားမြိန်ဟင်းတစ်ခွက်သည် အဖိုးအနဂ္ဃ ကုဋေတစ်သိန်းထိုက်သော သားပြွမ်းဟင်းတစ်ခွက် ဖြစ်ချင် မှ ဖြစ်မည်။ မေတ္တာစေနာ၊ နွေးထွေးမှုတို့ဖြင့် ပြည့်လျှမ်းသော ထမင်းဝိုင်းသည် ငါးပိရည်ကျိုတစ်ခွက်၊ တို့စရာတစ်ဖက်နှင့် ပင် ဖြစ်ပါစေ မြိန်စေရမည် ဖြစ်သည်။ မိခင်က သမီးသားတို့ အပေါ်၊ မယားက လင့်အပေါ် ထားသော မြိန်စေချင်သည့် စေတနာက စေ့ဆော်လျှင် ထိုဟင်းသည် အာရသာရှိရမည်သာ။ အာဟာရရှိရမည်သာ။ မြိန်စေရမည်သာ။ ထို့ကြောင့် အမေချက်သော ငါးပိရည်ကျဲ ကလေးပင် ဖြစ်စေ မလွမ်းသော သားဟူ၍ မရှိ။ မေတ္တာဖြင့် ထုံမွှမ်းသဖြင့် ထိုငါးပိရည်ကျဲကလေးသည်ပင် သားတို့အတွက် အာဟာရဖြစ်ရပါ၏။ နတ်သုဒ္ဓါတမျှ ဖြစ်ရပါ၏။

ဆာလောင်မွတ်သိပ်နေချိန် စားမိသော အစာသည် အာရသာအရှိဆုံး၊ အမြိန်ဆုံးဖြစ်သည်။ လယ်ထွန်က အပြန် အိမ်သူသက်ထား ဇနီးမယား ချက်ထားသော ချဉ်ပေါင်ဟင်းရည်ချက်ကလေး နှင့် ပြောင်းဆန်ထမင်းကိုပင် ဆာဆာနှင့် တစ်ပန်းကန် တက်တက်ပြောင် ဗိုက်ကားအောင် စားမြိန်လှကြောင်း "လယ်ထွန်ပြန်တွင်၊ နွားကန်ပစ်ချ၊ ဆာမွတ်ချိန်ကျသောကြောင့်၊ ဆံစလိပ်ခွေ၊ ဖားလျားဝေနှင့်၊ အိမ်နေသူ့သက်ပန်၊ ချက်ပြောင်းဆန်ကို၊ တစ်ပန်းကန်ကုန်အောင်၊ တက်တက်ပြောင်တော့၊ ကိုတောင်သူ့အနေ၊ ဗိုက်ဝမ်းရေပတ်လည်ကျရယ်နှင့်၊ ယဉ်လှတယ်လေး" ဟူ၍ ဦးဆောင်းရေး ချဉ်ပေါင်ဖူးဘွဲ့ လွမ်းချင်း၌ မြိန်ရာဟင်းကောင်း ဖြစ်ပုံကို ဖွဲ့၏။ ထိုနည်းတူ လက်ပံပွင့်ဘွဲ့လွမ်းချင်း၌ လည်း ဦးဆောင်းက "သားရေနှင့် အမဲ၊ လက်ပံနှင့်ချိုင်ရလျှင်၊ ကျိုနိုင်ရင် မွမွပြောင်းတာမို့၊ ပြောင်းဆန်အို မျိုမကျရယ်နှင့်၊ မြိန်လှတယ်လေး" ဟု သွားရည်ယိုစရာ လက်ပံခေါင်း အမဲသားချက်ဟင်းကို လွမ်းလောက်အောင် ဖွဲ့ပြ၏။ နူးအိသွားအောင် နှပ်ထားသော မွမွပြောင်းပြောင်း အမဲသား လက်ပံခေါင်းချက် ကလေးကို စုံကန်မျှောချရသည့် ပြောင်းဆန်ကြမ်းထမင်းနှင့်ပင်ဖြစ်စေ စားရသည်မှာ ခံတွင်းတွေ့လှ မြိန်လှချည့်ဟူ၍ မြိန်ရာဟင်းကောင်း ဖြစ်ပုံကို ဦးဆောင်းက ဤသို့ ရေးပြ၏။

ဂင်္ဂါမာလ ရေသည်ပြဇာတ်၊ ဗာရာဏသီမြို့မြောက်မျက်နှာက ရေသည်ယောကျာ်း ရေရောင်းထွက်ခန်း၌ ရေသည်ယောက်ကျာ်း၏ အာသီသကို ဦးပုည လှစ်ပြပုံကလည်း "ကောက်လျင်ကြီးဆန်၊ နီတာလံနှင့်၊ ငါးသန်သေးနုပ်၊ ရေလုံပြုတ်များကို၊ တစ်လုတ်ကယ်၀၀၊ စားလိုက်ရလျှင်ဖြင့်၊ အာဂပါးစပ်၊ လူဖြစ်ကျိုးနပ်လေငဲ့။" ဟူ၍တည်း။ ရေသည်ယောကျာ်းတောင့်တသော နီတာလံ ကောက်လျင်ကြီးဆန်ထမင်း နှင့် ငါးသန်ရေလုံပြုတ်ဟင်းတို့မှာ သူ့အတွက်တော့ စားမြိန်ထမင်းတစ်နပ်ပါပေ။ ဤထမင်းတစ်နပ်ကို မက်ရည်စက်ရည်စားလိုက်ရလျှင်ဖြင့် မြိန်ချက်ကတော့ အာဂပါးစပ် လူဖြစ်ကျိုးနပ်လေပြီဟူသတတ်။

တစ်ဖန် မြို့တောင်မျက်နှာက ရေသည်မိန်းမကလည်း "မုရင်းဆန်နှင့် ပွဲရန်ချဉ်ပေါင်၊ ကျွေးနိုင်တဲ့ မောင်များကို၊ လူ့ဘောင်တွင်တစ်ခါ၊ ကြိမ်စမ်းချင်ပါဘိ၊ ဇာတာထွန်းပေါ်၊ ကံနှိုးဆော်လို့၊ မတော်တဆ၊ မုရင်းမောင်မောင်၊ ဦးချဉ်ပေါင်ရိုး နှင့်၊ အိမ်ထောင်များကျခါမှ၊ ၀၀ကြီးပေါင်းလန်အောင်၊ စည်းစိမ်ခံတော့မယ်…"ဟူ၍ သူ့ချင်ခြင်းကို ရင်ဖွင့်ပြ၏။ ရေသည်ယောကျာ်းနှင့် ရေသည်မိန်းမတို့သည် အမွဲတကာ့ထွဋ်ခေါင် ဖွတ်မင်းနောင် ဆိုရလောက်အောင် ကျောမွဲများ ဖြစ်ကြ၏။ သို့သော် သူတို့ တောင့်တာရာ၊ မြိန်ရာ ဟင်းလျာသည် သူ့တို့၏ နတ်သုဒ္ဓါ ဖြစ်၏။ "အာဂပါးစပ်၊ လူဖြစ်ကျိုးနပ်လေငဲ့"၊ "၀၀ကြီးပေါင်းလန်အောင်၊ စည်းစိမ်ခံတော့မယ်" ဟုထုတ်ဖော်တောင့်တရလောက်အောင် အာသာချင်ခြင်း ဖြစ်ကြသည့် ထမင်းတစ်နပ်သည် မြိန်ယှက်နေလိမ့်မည်မှာ ဧကန္တတည်း။ ရေသည်မိန်းမမှာ မုရင်းထမင်း၊ချဉ်ပေါင်ဟင်းကိုတင်မက၊ ထိုထမင်း၊ဟင်းမျိုးကျွေးနိုင်သည့် အိမ်ထောင့်ရှင်၏ အိမ်သူသက်ထား ဇနီးမယားလည်း ဖြစ်ချင်ပါသေးသတဲ့။ တူနှစ်ဖြာရွှေဂဟေဆက် ရွှေလက်တွဲကာ ထမင်းလက်ဆုံစားသည့်ခါဝယ် "လည်ချောင်းကိုမြေလှန်၊ ဂလုံဆန်အောင်၊ စုံကန်လို့မျှော" ရသော "ပဲစေ့တစ်ဝက်၊ ပြောင်းတစ်ဝက်နှင့်၊ ဆန်ပြက်သိကာ၊ ပါကောင်းပါ" သည့် ထမင်းကြမ်းပင်ဖြစ်စေဦး မေတ္တာ၊ အကြင်နာ၊ စေတနာတို့ဖြင့် ၀န်းဖွဲ့ယှက်သိုင်းသော လက်ဆုံထမင်းဝိုင်းကား မြိန်ဖွယ်အတိ ပြီးမည်သာတည်း။

ရွှေဘိုစီရင်စု ငါးနဲရွာနေ သိမ်ဒါယကာ ဦးကြီးက ကနောင်အိမ်ရှေ့စံကိုယ်တော့်ထံ ဆက်သွင်းသည့် ဆယ်အိမ်ခေါင်းလွမ်းချင်း၌လည်း "စည်းစိမ်ကြီးပါဘိ၊ ရုပ်သီးတောင့်ကိုင်၊ နှစ်ယောက်ကယ်ထိုင်၊ ယှဉ်လက်ပြိုင်ကျယ်၊ စပျစ်ကယ်နှင့်၊ ဖွယ်သစ်မြေအင်ရံလို့၊ ဇွန်းမတန်ကန်ယောက်သွားငယ်နှင့်၊ ကြွက်နဖားပုန်းရည်ကျိုသည့်၊ အလိုဗျာ စားပုံတင့်ပါဘိ၊ ခေါင်မင်း ဆယ်အိမ်ပေမို့ အခြေကြီးလှတောင်းကိုလေး။" ဟူကာ ဆယ်အိမ်ခေါင်းစည်းစိမ်ကို လွမ်းတသသ တမ်းတသည်။ ဆယ်အိမ်ခေါင်းမင်း နှင့် မင်းကတော်တို့ နှစ်ယောက်သား ငရုပ်သီးတောင့်ကိုယ်စီကိုင်ကာ ကြွက်နဖားပုန်းရည်ကျိုးဟင်းနှင့် လက်ဆုံစားရသည့်စည်းစိမ် ကြီးလှချည့်၊ မြိန်လှချည့်ဟူ၍ ဦးကြီးက နှစ်ကိုယ်တူလက်ဆုံထမင်းဝိုင်းကို လွမ်းပြပါသည်။ ဦးကြီးက အိမ်သူချက်ထားသည့် ထမင်းဟင်းကို မြိန်မြိန်ကြီးခံစားပြီးသကာလ "ရသာချမ်းငြိမ်း၊ အခြင်မြေသက်၊ ပင်ထန်းရွက်နှင့်၊ ခေါင်ပျက်အိမ်တွင်၊ စည်းစိမ်ကြီးရင်၊ ခြေလိမ်တင်လို့၊ ခုတင်ကြမ်းပေါက်၊ သုံးချောင်းထောက်မှာ၊ မှောက်ချည်လှန်ချည်၊ အဆီရစ်ဖိန်း၊ မှိန်းတဲ့ချည်နှင့်၊ မကြည်သန်းဝေ၊ ထယ်မင်းပုံနေလိုက်တယ်၊ နွားရေပြန့်အပေါ်မှာ၊ ခေါင်းကတော် ကိုယ်တိုင်နှိပ်ခါမှ၊ သူအိပ်တယ်လေး။" ဟူ၍ ဆယ်အိမ်ခေါင်းမင်းစည်းစိမ်ကြီးပုံ၊ အိမ်ထောင့်ရှင်မ၏ အခန်းကဏ္ဍ၊ လက်ဆုံထမင်းဝိုင်း၏ တန်ဖိုးကို ဦးကြီး၏ ဆယ်အောင်ခေါင်းလွမ်းချင်းက သက်သေပြပါသည်။ ဆယ်အိမ်ခေါင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် အလို့ငှာ ဆယ်အိမ်ခေါင်းမင်း၏ စားရေး၊ ကျန်းမာရေး အတွက် ရေပူရေချမ်းကမ်းပေးသော ဆယ်အိမ်ခေါင်းကတော်၏ အခန်းကဏ္ဍသာပျောက်ကွယ်နေပါက ဆယ်အိမ်ခေါင်းမင်းစည်းစိမ်ကို ဤသို့စာတစ်တန်ပေတစ်ဖွဲ့ နွဲ့ ရလောက်အောင် လွမ်းလောက်မည်မဟုတ်ချေ။

ဝန်ကြီးပဒေသရာဇာရေး ကျေးလက်ရနံ့သင်းသော တျာဘွဲ့ (၄) ပုဒ်တွင် မြန်မာ့မိသားစု ကျေးလက်ထမင်းဝိုင်းကို ဖွဲ့သည်။ ၀န်းကြီးပဒေသရာဇာသည် မြန်မာ့ကျေးလက်ဓလေ့၊ ကျေးလက်လူနေမှုစရိုက် ကို ဖွဲ့ရာတွင် ပီပြင်လှသည်။ မြန်မာ့ကျေးလက်ပြည်သူလူထု၏ ချစ်စရာဓလေ့စရိုက်၊ စည်းလုံးညီညွတ်မှု၊ အေးတူပူအမျှ၊ ကောင်းတူဆိုးဖက် နေထိုင်ကြပုံ လူမှုစနစ်တစ်ခုလုံးကို ထင်ဟပ်ပြသည်။ မြန်မာ့ကျေးလက်နေပြည်သူတို့၏ သဘာဝ၊ ယဉ်ကျေးမှုဓလေ့ကို တင်ပြရာ၌ စာဆိုသည် မြန်မာတို့၏ စားသောက်မှုပုံစံကို ဖော်ညွှန်းသည့် လက်ရေတစ်ပြင်တည်း မြန်မာ့ထမင်းဝိုင်းကို သင်္ကေတပြုကာ ခြယ်မှုန်းဖွဲ့ဆိုသည်။ စာဆိုသည် မြန်မာ့ကျေးလက်လူနေမှုဓလေ့စရိုက်ကို ဖော်ပြရာ၌ မြန်မာ့ထမင်းဝိုင်းကို တွင်တွင်ထည့်၍ အဘယ်ကြောင့်ဖွဲ့သနည်း။ ရှင်းပါသည်။ မိသားစုထမင်းဝိုင်းသည် လူ့အဖွဲ့အစည်းတစ်ခု၏ အဘိဓမ္မာ၊ လောကအမြင်၊ ယဉ်ကျေးမှုထုံးဓလေ့၊ တန်ဖိုးထားမှု၊ စည်းလုံးညီညွတ်မှု၊ ဗြဟ္မစိုရ်တရားတို့ကို ထင်ဟပ်သော ပြယုဂ်ဖြစ်သောကြောင့် ပင်တည်း။

မိုးဦးကာလ ချောင်းကျသောခါ ပန်းလောင်ချောင်းတစ်လျှောက် ကုန်သွယ်ဖောက်ကားစီးပွားရှာကြသည့် ပိန်းကောလှေရှင်နှင့် လှေထိုးသားသွေးသောက်တို့ စုဝေးစားသောက်ကြသည့် ထမင်းဝိုင်းကို ၀န်ကြီးပဒေသရာဇာက "အငွေ့ငွေ့ချောင်းချောင်း၊ စလောင်းနှင့် ငါးပိကင်၊ လှေဆိုက်တည့်လျှင် ကြေးလင်နှင့်ကျင်း၊ ရိုးရွက်ကယ်ဖူးခေါင်၊ အာပါးကိုလောင် ချဉ်ပေါင်ပူလှသည့်ဟင်း" နှင့် "သွေးသောက်ကယ်ခေါ် အဖော်ပေါင်းညှိ၊ ငုံ့ကာငုံ့ကာ ၀ပ်၍သာ၊ ဆုပ်ကာလွေးလိုက်ဘိသည်" ဟူ၍တစ်ဖုံ…

ဝသန်ကာလ မိုးကျသောခါ လယ်ထွန်သွားသော လယ်သမားမိသားစု လက်ရေတစ်ပြင်တည်း ထမင်းဝိုင်းမြင်ကွင်းကို "ဖားပေါက်စင်းငယ် ခြင်းပလိုင်းဝယ်၊ ခရူပီလော ရောနှော၍သာလွယ်၊ ဟင်းရွက်ကယ်နုနယ် တစ်သွယ်ကန်းစွန်း၊ ဆူးပုပ်ကယ်ကင်းပုံ အလုံးစုံ၊ ဖူးငုံသာ ရော၍ ပြွမ်းသည်နှင့်လေး။ ချိုလည်းချိုလွန်း၊ ရည်ရွှမ်းများစွာ၊ ကြံဟင်း ကြွက်နားပေါင်း သောင်းပြောင်းရော၍သာ၊ အိမ်သို့ရောက်ခါ လျင်စွာချက်ပြုတ်၊ ထမင်းကပူ ဟင်းကပူ၊ ရှူရှူသာ ရှမ်းငရုတ်ကယ်နှင့် လေး။" ဟူ၍ တစ်မျိုး…

နွေဦးကာလ မြူထသောခါ ထန်းလုပ်ငန်းခွင်က ထန်းသမားမိသားစု ဒေါင်းလန်းကြီးထမင်းဝိုင်းကို စာဆို သရုပ်ဖော်ပုံမှာ "နှီးဒေါင်းလန်းကြီး ခူးပြီးသောခါ၊ သမီးနှင့်သား များလို့မ၀င်သာ၊ ဒူးတစ်ဖက်ဟာ တွန်းကာဖယ်လျက်၊ သူ့ထက်ငါလေ စားတော့မည်စေ၊ စပေ သာလှ အုန်းခွက်ကယ်နှင့်လေး။ ငုံ့လျက်ကိုယ်စီသာ ဆုပ်ကာလွေးတော့သည်။ ပြီးလျှင် ရေမရှာ ခွေးသာ ကျွေးတော့သည်။" ဟူ၍ တစ်သွယ်…

ဆောင်းဦးကာလ နှင်းကျသောခါ တောင်ပိုင်တက်ဘွဲ့၌လည်း ၀န်ကြီးပဒေသရာဇာ မိသားစုလက်ဆုံထမင်းဝိုင်းကို စာပန်းချီခြယ်ပုံက "ကင်ပလင်းရွက် ဖွတ်ခြောက်စွက်ကာ၊ မီးမှာဖုတ်သည် ငရုတ်မိုးမျှော်သာ၊ ကြက်သွန်မပါ ဆုံမှာထောင်းမှ၊ ထမင်းဟင်းပူ ငရုတ်ဟူ၊ လူလူအငွေ့ထသည်နှင့်လေး။ ရုက္ခနတ်ကိုပင် တင်ရည်ထားတော့သည်။ တိုးဝှေ့သူ့ထက်ငါ ဆုပ်ကာစားတော့သည်။" ဟူ၍ တစ်နည်း… ဖွဲ့ပြ၏။ မိုးမျှော်ငရုတ်၊ ဟင်းရွက်အဆိုးအကောင်းသောင်းပြောင်းရောရာ အသားခပ်ထားသော ဟင်းတစ်မယ်၊ ငါးပိကင်တို့သည် မြန်မာ့ထမင်းဝိုင်း၏ အင်္ဂါရပ်များဟု ဆိုနိုင်သည်။ ဒေါင်းလန်းကြီး၊ ဖျဉ်းနားတို၊ မြေအင်တုံ စသည်တို့သည် ရှေးမြန်မာတို့၏ ထမင်းဝိုင်း အိုးခွက်အသုံးအဆောင် တန်ဆာပလာများ ဖြစ်၏။ အလုပ်ကပန်းပန်းနှင့် ၀မ်းမီးကလည်းတညီးညီးတောက်လောင်နေခိုက် ခုချက်ခုစား ထမင်းပူပူဟင်းပူပူကို ရှူရှူသာ ရှမ်းငရုတ်ကယ်နှင့် ဧရာမထမင်းလုပ်ကြီးကို ဆုပ်ကာ သူ့ထက်ငါ တိုးကာဝှေ့ကာ စားကြသည်မှာ အဘယ်မျှမြိန်လိုက်လေ မလဲ။ ဤကဲ့သို့သောထမင်းဝိုင်းမျိုးမှ မိသားစုဝင်တို့ကြား အချစ်မတိုးစေလျှင် အဘယ်သို့သော ထမင်းဝိုင်းက အချစ်ကို တိုးစေလိမ့်မလဲ။ ၀န်ကြီးပဒေသရာဇာ၏ မြန်မာ့လက်ရေတစ်ပြင်စီး ထမင်းဝိုင်းများက ၀ိုင်းလုပ်ဝိုင်းစား သမ၀ါယမစိတ်ဓာတ်၊ စည်လုံးညီညွတ်မှုစိတ်ဓာတ်၊ အေးအတူပူအမျှစိတ်ဓာတ်ကို ထင်ဟပ်ပြသနေပါ၏။

ဆရာနေ၀င်းမြင့်က သူ၏ နှီးဒေါင်းလန်းဆင်ဖနီ ဆောင်းပါး၌ "ကျွန်တော်ကတော့ ဆရာကြီးဦးချမ်းမြေ့ (မြကေတု) ၏ အယူအဆကို နှစ်သက်ပါသည်။ စိတ်၊ လက်၊ ၀မ်းကို မြန်မာတို့ အဓိပ္ပါယ်တူ ရေလဲသုံးကြပါသည်။ ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်း စိတ်သာယာခြင်း၊ မသာယာခြင်းကို ပြောခြင်းဖြစ်သည်။ ရှေးအသုံး "၀မ်းပျက်လိလိ" သည် "စိတ်ပျက်လိလိ" ပင်ဖြစ်သည်။ စိတ်အေးလက်အေး၊ စိတ်ပါလက်ပါ၊ စိတ်လက်ချမ်းသာ၊ စိတ်လက်ညှိုးငယ်စသည် ဖြင့် စိတ်နှင့်လက်ကို အဓိပ္ပါယ် အတူတူသုံးစွဲကြသည်လည်းရှိသည်။ လက်ရေတစ်ပြင်တည်း ဟူသော သီချင်း၏ သဘောရင်းမှာ စိတ်ရေတစ်ပြင်တည်း ကိုသာ ဆိုလိုသည်။ တစ်စိတ်တစ်ဝမ်းတစ်လက် ရေကဲ့သို့ အရှိုင်းအကောမရှိ တစ်ချက်တည်းညီသည်ဆိုသည့် သဘောဟု ကောက်ယူနိုင်သည်။" ဟူ၍ လက်ရေတစ်ပြင်တည်းသည် စိတ်ရေတစ်ပြင်တည်းပင် ဖြစ်ကြောင်း အဓိပ္ပာယ်စပ်ဟပ် ပြပုံမှာ နှစ်သက်ဖွယ်ကောင်းလှသည်။ လက်ရေတစ်ပြင်တည်းထမင်းဝိုင်းသည် မြန်မာတို့၏ စိတ်ရေတစ်ပြင်တည်း၊ တစ်သွေးတည်း၊ တစ်သားတည်း၊ မေတ္တာ၌ တိမ်းညွတ်နှောင်ဖွဲ့ခြင်းသဘောပင်တည်း။ နန်းတော်ရှေ့ဆရာတင်၊ လေဘာတီမမြရင် နှင့် မကြည်အောင်တို့သည် ဇာတိနွယ် (၀ါ) လက်ရေတစ်ပြင်တည်း သီချင်းဖြင့် မြန်မာတို့၏ ဇာတိမာန် နှင့် အမျိုးသားသွေးစည်းညီညွတ်ရေးကို ပုတ်နှိုးခဲ့ကြသည်။ ထိုအမျိုးသားသွေးစည်းညီညွတ်ရေးသည်ကား ပုခက်လွှဲသော လက်ပိုင်ရှင်၊ အိမ်ထောင့်ရှင်မတို့ဖန်တီးသော၊ မေတ္တာ၊ စေတနာ၊ ဂရုဏာ၊ မုဒိတာ စသည့် ဗြဟ္မစိုရ်တရားတို့ဖြင့် ထုံမွှမ်းသော လက်ရေတစ်ပြင်တည်း မြန်မာ့ထမင်းဝိုင်းများဆီမှ မြစ်ဖျားခံလာခြင်းပင် ဖြစ်ပေသည်။

ကိုဇော်(မောရ၀တီ)

Please Share This Post

Share on Facebook Plus on Google+