၁၉၆၀ နှစ်များပိုင်းမှာ Massachusetts Institute of Technology ရယ် AT&T Bell Labs နဲ့ General Electric ကုမ္ပဏီတွေ ပူးပေါင်းပြီး GE-645 mainframe computer ပေါ်မှာ သုံးဖို့ Multics (Multiplexed Information and Computing Service) လို့ခေါ်တဲ့ operating system တစ်ခုကို စတင်ပြီး သုတေသန လုပ်ခဲ့ကြတယ်။ UNIX ကို ၁၉၆၉ ခု နှစ်မှာ AT&T ရဲ့ အခွဲတစ်ခု ဖြစ်တဲ့ Bell Laboratories က Ken Thompson နဲ့ Dennis Ritchie တို့က စတင်ရေးသားခဲ့တာဖြစ်ပါတယ်။ Internet မှာ server အနေနဲ့ သုံးတဲ့ စက်တွေမှာ UNIX ကို အသုံးများတယ်။ အင်တာနက်အတွက် ရည်ရွယ်တဲ့ Softwares အတော်များများကလဲ UNIX Platform အပေါ်မှာပဲ ရေးခဲ့ကြတယ်။ သူ့ရဲ့အဓိက အားသာချက်ကတော့ multiuser နဲ့ multitasking လုပ်နိုင်တာပဲ ဖြစ်တယ်။ ရိုးစင်းတဲ့ file system ရှိတယ်။ User တိုင်းက သူတို့ ဖန်တီးထားတဲ့ ဖိုင်တွေကို ထိန်းချုပ်ခွင့် ရှိတယ်။ ဆိုလိုတာက မိမိတို့ ဖိုင်တွေကို ဘယ်သူတွေက ဖတ်နိုင်တယ်၊ ရေးနိုင်တယ် ဆိုတဲ့ access level ကို control လုပ်လို့ ရတာပဲ ဖြစ်တယ်။
C ကိုတော့ ၁၉၇၂ မှာ Dennnis Ritchie က ဖန်တီးခဲ့တယ်။ Assembly Language ထက် ပိုအဆင့်မြင့်တဲ့ higher level programming လဲဖြစ်တယ်။ Compiled language အမျိုးအစားလဲ ဖြစ်တယ်။ ဆိုလိုချင်တာက တစ်ကြောင်းချင်းဘာသာပြန်ပြီး အလုပ်လုပ်တဲ့ interpreter မျိုးမဟုတ်ဘဲ exe ဖိုင်ဖြစ်အောင် လုပ်နိုင်တာဖြစ်တယ်။
Bell laboratories ရဲ့ အခန်းကဏ္ဍက EC သင်တန်းသားတွေ အတွက် အထူးပဲ အရေးကြီးပါတယ်။ အရင်က AT&T (American telephone and telegraph) တယ်လီဖုန်း ကုမ္ပဏီ ရဲ့ ဌာနခွဲ တစ်ခု ဖြစ်ခဲ့ပြီး ကွန်ပြူတာ အီလက်ထရောနစ် နဲ့ ဆက်သွယ်ရေး နည်းပညာကို တဟုတ်တိုး ထွန်းကားတိုးတက်လာအောင် ကူညီတီထွင်ပေးနေတဲ့ နေရာတစ်ခုလည်းဖြစ်တယ်။ နိုဘယ် ဆုရှင် များစွာကို မွေးထုတ် ပေးနိုင်ခဲ့ပါတယ်။
C ကို system software များ ရေးသားရန် ဒီဇိုင်းထုတ်ခဲ့သော်လည်း သေးငယ်ပေါ့ပါးသေား application soft wares များ ရေးသားရန် အတွက်လည်း တွင်ကျယ်စွာ အသုံးချခဲ့သည်။ အထူးသဖြင့် ဟက်ကာများ နှင့် open source operation systems သမားများ၏ အကြိုက်ဆုံး ဘာသာစကား ဖြစ်ခဲ့ရသည်။ C အနေနှင့် နောက်ထပ် ထွက်ပေါ်လာသော C++, Visual C++, C# စသည့် ပရိုဂရမ်းမင်း ဘာသာစကား အသစ်များ အပေါ်တွင်လည်း လွှမ်းမိုးမှုရှိခဲ့သည်။ 1980 လောက်မှာ ဂျွန်စရောက်စတား က C ကို နောက်ထပ် features အသစ်တွေ ထပ်မံပေါင်းထည့်ပြီး " C with Classes " ဆိုတာကို ရေးခဲ့တယ်။ အဲဒီ ဘာသာစကားဟာ တဖြည်းဖြည်း ပိုမို တိုးတက်လာပြီး C++ ရယ်လို့ ဖြစ်လာတယ်။ နောက်ထပ်ပေါ်လာတဲ့ programming ဘာသာစကား အသစ်တစ်ခု ဖြစ်တဲ့ Java ကတော့ (1995) မှာ "C++ with bugs fixed" ဆိုပြီး နာမည်ရလာတယ်။ Sun Microsystems ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ "Write once, run everywhere" ဆိုတာကို အကောင်အထည်ဖေါ်ပေးပြီး cross platform capability ကို စတင် မိတ်ဆက်ပေးခဲ့တယ်။
ပရိုဂရမ်းမင်းတွေရဲ့သမိုင်းကြောင်းအစက ချည်မျှင်နဲ့ အထည်စက်ရုံတွေမှာ စက်ယက္ကန်းတွေကို အပေါက်ဖောက်ထားတဲ့ ကဒ်ပြားတွေသုံးပြီး ကိုယ်လိုချင်တဲ့ အထည်ဒီဇိုင်းကို ယက်ခိုင်းဖို့ ကြံစည်ခဲ့ကြတယ်။ အဲဒီ punch card လို့ခေါ်တဲ့ ကဒ်ပြားလေးတွေကို နောက်ပိုင်းမှာ ကွန်ပျူတာကို ဒေတာ သွင်းဖို့ အတွက် ဆက်လက်သုံးစွဲခဲ့ကြတယ်။ သူ့ကို 80-column manila card လို့လဲ ခေါ်တယ်။ သူ့မှာ ဒေတာ အလုံး ၈၀ ကို အတန်းလိုက်ထည့်သွင်းလို့ ရတာကြောင့် ခုလို ခေါ်တာဖြစ်တယ်။ အလျား ၇ လက်မ နဲ့ အနံ ၃ လက်မ ရှိတယ်။ ဒေတာတွေထည့်သွင်းဖို့ကို keypunch machine လို့ခေါ်တဲ့ အပေါက်ဖောက်စက်လေးတွေသုံးပြီး လုပ်နိုင်တယ်။ အဲဒီ အပေါက်လေးတွေဟာ ဂဏန်းတွေ၊ စာလုံးတွေ နဲ့ အခြား သင်္ကေတတွေကို ကိုယ်စားပြုနိုင်ပြီး punched-card reader ပါတဲ့ ကွန်ပျူတာတွေက ဖတ်ရှုနားလည်နိုင်တယ်။ (Source:Encarta)
ကွန်ပျူတာတွေရဲ့ သမိုင်းအစကတော့ analog machine တွေနဲ့ အစပြုခဲ့တာဖြစ်တယ်။ ၁၆၂၃ ခုနှစ်မှာ ဂျာမာန် သိပ္ပံပညာရှင် Wilhelm Schikard က ဘီး၁၇လုံး အသုံးပြုထားတဲ့ ဂဏန်းပေါင်းစက်ကို တီထွင်ခဲ့တယ်။ အဲဒီစက်ဟာ အပေါင်း၊ အမြှောက်နဲ့ အစားတွေကို လော့ဂရစ်သမ် ဇယား အသုံးပြုပြီး ဆောင်ရွက်နိုင်တယ်။
၁၆၄၂ ခုမှာတော့ ပြင်သစ် အတွေးအခေါ်၊ သင်္ချာနဲ့ ရူပဗေဒ ပညာရှင် Blaise Pascal က အလိုအလျောက် ပေါင်းနိုင်၊ နှုတ်နိုင်တဲ့ စက်တစ်ခုကို တီထွင်ခဲ့ ပြန်တယ်။ သူက အဲဒီစက်မျိုး အလုံး ၅၀ ကို တည်ဆောက်ခဲ့ပေမယ့် များသောအားဖြင့် လူချမ်းသာတွေ အပျင်းပြေ ကစားစရာတစ်ခုသာ ဖြစ်ခဲ့ရတယ်။ ၁၇ ရာစုကို ရောက်တော့မှာ ဂျာမာန် သင်္ချာပညာရှင် Gottfried Leibniz က Pascal ရဲ့စက်မှာ အထူးပြုလုပ်ထားတဲ့ ဂီယာတွေကို သုံးပြီး အမြှောက် ပါ ဆောင်ရွက်နိုင်အောင် တီထွင်ခဲ့တယ်။ ၁၉ ရာစု အစောပိုင်းမှာ ပြင်သစ် တီထွင်သူ တစ်ယောက်ဖြစ်တဲ့ Joseph-Marie Jacquard က ပိုးထည်မျှင်ရက်ဖို့ အထူးပြုလုပ်ထားတဲ့ စက်တစ်မျိုးကို ဖန်တီးခဲ့တယ်။ သူ့ရဲ့ ယက္ကန်းစက်က အပေါက်တွေဖောက်ထားတဲ့ ကဒ်တွေကို သုံးပြီး ဒီဇိုင်းအမျိုးမျိုးကို ပရိုဂရမ် လုပ်နိုင်တယ်။ Jacquard ဟာ သူ့ရဲ့တီထွင်မှုအတွက် ပြင်သစ် ဘုရင် နပိုလီယန် ၁ ရဲ့ လေးစားမှုနှင့် ဆုချီးမြှင့်ခြင်းတွေကို ခံယူရရှိခဲ့ပေမယ့် စက်ယက္ကန်း အသုံး တွင်ကျယ်လာမှာကို စိုးရိမ်တဲ့ လက်ယက္ကန်း သမားတွေရဲ့ ရန်ကြောင့် အသက်ဘေးကလွတ်အောင် Lyon မြို့လေးကို ထွက်ပြေးခဲ့ရတယ်။ သူသေသွားပြီးတဲ့ အခါမှာ သူ့ရဲ့ စက်ယက္ကန်းတွေဟာ ပိုမိုအောင်မြင်လာပြီး Lyon မြို့လေးတစ်မြို့ထဲမှာတင် သူ့စက်ပေါင်း ၃ သောင်းကျော် အသုံးပြုနေကြတယ်။ စက်ယက္ကန်းတွေကို ဒီနေ့ထိ အောင်အောင်မြင်မြင် နဲ့ တွင်တွင်ကျယ်ကျယ် အသုံးချနေဆဲလဲ ဖြစ်တယ်။
ပရိုဂရမ်းမင်းဘာသာစကားတွေဟာ သာမာန် ဘာသာစကားတွေနဲ့ သဘောသဘာဝခြင်း ဆင်တူပါတယ်။ ဒါကြောင့် သာမာန်ဘာသာစကားတွေရဲ့ ထူးခြားချက်များနဲ့ နှိုင်းယှဉ်လေ့လာချက်တွေကို သိထားခြင်းဖြင့် ပရိုဂရမ်းမင်းဘာသာစကား လေ့လာရာမှာ အထောက်အကူ ရနိုင်ပါတယ်။ သာမာန်ဘာသာစကားတွေမှာ သဒ္ဒါ (grammar) ဆိုတာရှိသလို ပရိုဂရမ်းမင်းဘာသာစကားတွေမှာလဲ syntex လို့ခေါ်တဲ့ ရေးသားပုံ နည်းစံနစ် သတ်မှတ်ချက်တွေ ရှိပါတယ်။ သာမာန် ဘာသာစကားကို သုံးပြီး လူလူချင်း ဆက်သွယ်ရာမှာ grammar အနည်းငယ် မှားယွင်းတာ၊ စာလုံးပေါင်း မမှန်တာတွေကို လူတွေက ဖြည့်စွက်နားလည်ပေးပြီး အဓိပ္ပါယ် ဖေါ်နိုင်ပေမယ့် ကွန်ပျူတာကတော့ နည်းနည်းလေးမှ အမှားမခံပါဘူး။
အင်္ဂလိပ်ဘာသာစကား ဟာလဲ စကားလုံး ကြွယ်ဝလို့ တိကျတဲ့ ညွှန်ကြားချက်တွေ ရေးတဲ့ နေရာမှာ ပြဿနာ ရှိတတ်ပါတယ်။ တစ်ခါတုန်းက ကွန်ပျူတာလောက က အမျိုးသမီး ဥာဏ်ကြီးရှင်တစ်ယောက်ဖြစ်တဲ့ Grace Hopper က shampoo တစ်ဘူးကို စမ်းသုံးကြည့်ပါတယ်။ အညွှန်းမှာက အင်္ဂလိပ်လို Wash Rinse Repeat ဆိုပြီး ညွှန်ကြားချက်သုံးကြောင်း ပါလာပါတယ်။ အဓိပ္ပါယ်က ရေနဲ့ ဆေး၊ shampoo သုံးပြီးလျှော်၊ ပြီးရင် အစကပြန်လုပ် ဆိုတာပါပဲ။ အဲဒီတော့ အတိအကျ လိုက်လုပ်လိုက်တာ သူ့ရဲ့ shampoo တွေအားလုံး ကုန်သွားတာပေါ့။ တကယ်တော့ အဲဒီ အဖြစ်အပျက်ဟာ ပရိုဂရမ်းမင်းမှာ မကြာခဏ မှားတတ်တဲ့ အဖြစ်အပျက်မျိုးပါပဲ။ infinite loop လို့ ခေါ်ပါတယ်။ အဆုံးမရှိတဲ့ ဖြစ်စဉ်မျိုးပေါ့။ ပရိုဂရမ်ကို ဘယ်အချိန်မှာ ရပ်ပစ်ရမယ် ဆိုတဲ့ တိကျတဲ့ ညွှန်ကြားချက် မပေးထားပဲ ထပ်ကာတလဲလဲ လုပ်ဖို့ ခိုင်းမိရင် အခုလို ဖြစ်မှာပါပဲ။
အင်္ဂလိပ်စာမှာလဲ အတိအကျ ရေးမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ဖြစ်လာနိုင်သမျှ အခြေအနေ အကုန်လုံးအတွက် စဉ်းစားပြီး စာလုံးပေါင်းက အစ အတိအကျ ရေးမယ် ဆိုရင်ပေါ့။ အဲဒီလိုမျိုးရေးဖို့ အချိန်တွေ အများကြီးပေးပြီး ကြိုးစားရေးနေကြတဲ့ သူတွေတော့ ရှိပါတယ်။ အဲဒါကတော့ အစိုးရ အဖွဲ့အစည်းများပဲ ဖြစ်ပါတယ်။ သူတို့ ထုတ်ပြန်ထားတဲ့ ဥပဒေတွေ၊ စည်းကမ်းတွေ ကို အတိကျဆုံးဖြစ်အောင် ကြိုးစားရေးကြရင်းနဲ့ သာမာန်လူတွေ အလွယ်ဖတ်လို့ မရတဲ့ စာတွေ ဖြစ်လာပါတော့တယ်။ ဒါပေမယ့် တစ်ခါတစ်လေ ဒီလိုမျိုး ရေးထားတဲ့ ကြားကနေ ပြဿနာ က ဖြစ်တတ်ပါသေးတယ်။ တစ်ခါတုန်းက ကယ်လီဖိုးနီးယားပြည်နယ်မှာ မော်တော်ဆိုင်ကယ် ဦးထုပ်ဆောင်းဖို့ ဥပဒေ ထုတ်ကာစကပေါ့။ ရဲတစ်ယောက်က ဦးထုပ် မဆောင်းထားတဲ့ ဆိုင်ကယ်သမားတစ်ယောက်ကို ဖမ်းတဲ့ အခါ ဆိုင်ကယ်သမားက ရဲကို ဥပဒေကို အသေအချာ ပြန်ဖတ်ကြည့်ဖို့ စောဒက တက်သတဲ့။ ဥပဒေက ဘာဆိုထားသလဲ ဆိုတော့ (၁) ဆိုင်ကယ်သမားတိုင်း ဦးထုပ်ပါရမယ် (၂) မေးသိုင်းကြိုး တင်းတင်းပတ်ထားရမယ်တဲ့။ နောက်ဆုံး ရဲက အဲဒီလူကို လွှတ်ပေးလိုက်ရတယ်။ ဘာလို့လဲ ဆိုတော့ သူက ဆိုင်ကယ်စီး ဦးထုပ်ကို သူ့ဒူးခေါင်းမှာ ခပ်တင်းတင်း စွပ်ထားလို့ပဲ ဖြစ်တယ်။ ဦးထုပ်ကို "ခေါင်း"မှာ စွပ်ထားရမယ်လို့ တိတိကျကျ မရေးခဲ့ မိလို့ ဖြစ်တဲ့ ပြဿနာလေးပါ။ ကဲ ကွန်ပျူတာ နဲ့ကျတော့ ဘယ်လို ဆက်သွယ် ခိုင်းစေကြမှာလဲ?
ပထမ ဦးဆုံး ကွန်ပျူတာတွေ တည်ဆောက်ဖို့ ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျပေမယ့် ထူးချွန်တဲ့ ပရိုဂရမ်မာတစ်ယောက်ကိုတော့ တစ်လကို ဒေါ်လာ တစ်ထောင့် တစ်ရာ လောက်ပဲ ပေးရတယ်။ ဆိုလိုတာက အဲဒီတုန်းက ကွန်ပျူတာတွေက မတရားဈေးကြီးပြီး ပရိုဂရမ်မာတွေက ဈေးသက်သာတဲ့ သဘောပေါ့။ အဲဒီ ပရိုဂရမ်မာတွေက zero နဲ့ one တွေ နဲ့ စီစဉ်ထားတဲ့ ကွန်ပျူတာ ပရိုဂရမ်တွေ ရေးသားကြရတယ်။ အဲဒီ ပရိုဂရမ်းမင်း ဘာသာစကားကို machine language လို့ ခေါ်တယ်။ ဥပမာအားဖြင့် အောက်ပါ ပုံစံမျိုးပေါ့။
1010 1111
0011 0111
0111 0110
................
ကွန်ပျူတာက zero နဲ့ one တွေသုံးပြီး စဉ်းစားပေမယ့် လူတွေကတော့ အဲလို နားမလည်နိုင်ဘူးလေ။ ဒါကြောင့် လူတွေနားလည်နိုင်မယ့် စကားလုံးတွေနဲ့ အရင်ရေးပြီး နောက်မှ ပရိုဂရမ်မာက ဘာသာပြန်ဖို့ ဇယားတွေ သုံးပြီး zero နဲ့ one တွေ ပြန်ပြောင်းပေးရတယ်။ အဲဒီလို hand translate ဒါမှ မဟုတ် assemble လုပ်ပြီး machine language ကိုပြောင်းပေးနေရတာ ဖြစ်တဲ့အတွက် Assembly Language လို့ ခေါ်ခဲ့ကြတယ်။
အဲဒီလို manually translate လုပ်ရတာဟာ ခက်ခဲသလောက် ပျင်းဖို့ ကောင်းတဲ့ အတိအကျ အလုပ်ကြီးဖြစ်လို့ software engineer တစ်ယောက်က အဲဒီအလုပ်ကို ကွန်ပျူတာကို ခိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် assembler လို့ခေါ်တဲ့ program တစ်ပုဒ်ကို ရေးခဲ့တယ်။ သူ့ရဲ့ တီထွင်မှုအသစ်ကို သူ့အလုပ်ရှင်ကို ပြလိုက်မိတာနဲ့ စပြီး အဆူခံရပါလေရော။ ဒီလို သာမာန် အလုပ်လေးအတွက် တန်ဖိုးကြီးတဲ့ (computer time) ကွန်ပျူတာ သုံးစွဲမှု အချိန်တွေ ကို အကုန်မခံနိုင်ဘူးလေ။
ကံကောင်းတာကတော့ အချိန်တွေကြာလာတာနဲ့ အမျှ ပရိုဂရမ်မာတွေကို ပေးရတဲ့ လစာက ပိုများလာပြီး ကွန်ပျူတာတွေရဲ့ကုန်ကျ စားရိတ်က ပိုသက်သာလာတဲ့အခါ တစ်လစာ လခ အများကြီးပေးရတဲ့ ပရိုဂရမ်မာတွေကို ဒီဘာသာပြန် အလုပ်လေးအတွက် မသုံးနိုင်တော့ပဲ assembler ပရိုဂရမ်လေးနဲ့ အလုပ်လုပ်ဖို့ ပြောင်းလဲ စဉ်းစား သုံးစွဲ လာရတယ်။
Assembly ဘာသာစကားဟာ ပရိုဂရမ်မာတွေကို နားလည် လွယ်အောင် ကူညီတာ မှန်ပေမယ့် ကွန်ပျူတာ နားလည်ဖို့ တစ်ကြောင်းချင်း ဘာသာပြန်နေရတာကြောင့် computer run time အချိန်တော့ ပိုကြာသွားတယ်။
1 ယောက်က ဒီလိုပြောတယ်:
ကျေးဇူးပဲ
ဗဟုသုတ ပွားပါတယ် ကိုငှက်ပြာကြီးရေ။