သင်သေသွားသော် သင်ဖွားသောမြေ၊သင်တို့ မြေသည်၊ အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏...(ဇော်ဂျီ)

Saturday, July 16, 2011

န​ည်း​ပ​ညာမွ်ေ​ဝျ​ခင္း

မနေ့က ၁၅-၇-၂၀၁၁ မှာ http://tech4mm.com ဆိုတဲ့ မြန်မာယူနီကုဒ် သုံးထားတဲ့ ဆိုဒ် အသစ်လေးတစ်ခု လုပ်ဖြစ်ခဲ့ပါတယ်။ ဒီဆိုဒ်လေးကို အဓိက ရေးရတဲ့ အကြောင်းအရင်း က အင်ဂျင်နီယာ တက္ကသိုလ် အသီးသီးနဲ့ ကွန်ပျူတာ တက္ကသိုလ်များမှာ သင်ကြားနေတဲ့ ညီငယ်၊ ညီမငယ်များက မသိတာလေးတွေ အပြင်မှာ ဆုံကြလို့ မေးလာကြတဲ့ အခါ ပြောပြမိတဲ့ အကြောင်းလေးတွေကို မှတ်စုသဘော ထုတ်ထား ချင်တာကြောင့် ဖြစ်ပါတယ်။ နောက်တစ်ခုက အပြင်မှာ အင်ဂျင်နီယာ ဘာသာရပ်နဲ့ ကွန်ပျူတာ သင်တန်းလေးတွေကို အလွတ်သဘော ဖွင့်ဖြစ်လာပါတယ်။ ပညာဒါန သဘောမျိုး ဆီမီနာလေးတွေလည်း လုပ်ပေးဖြစ်တဲ့ အခါ သင်တန်းနဲ့ ဆီမီနာတွေ မတက်ဖြစ်တဲ့ ညီငယ်၊ ညီမငယ်၊ ကျောင်းသားလူငယ်များကို ဒီဆိုဒ်ကနေ လေ့လာလို့ရအောင် စီစဉ်ပေးထားတာဖြစ်ပါတယ်။ ကျွန်တော်က မေမြို့ကဆိုတော့ ရတနာပုံ ဆိုက်ဘာစီးတီး မှ အင်ဂျင်နီယာနဲ့ ကွန်ပျူတာ ကျောင်းသား၊ကျောင်းသူများ အတွက် အဓိက ရည်ရွယ် ရေးသားသွားမှာ ဖြစ်ပါတယ်။

ပညာဒါန သင်တန်းများ၊ ဆီမီနာများနဲ့ ပရိုဂရမ်းမင်း သင်တန်းများ၊ စာရင်းကိုင် (MYOB)သင်တန်းများ ကို မေမြို့ MCC (ဈေးလေးအဝိုင်း အနီး၊ မြို့ပတ်လမ်းနဲ့ စီလမ်းဒေါင့်) မှာ သင်ကြားပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ လာမယ့် ၂၃-၇-၂၀၁၁ စနေနေ့ နေ့လည် ၁၂ နာရီမှ ၁ နာရီအထိ ပြုလုပ်မယ့် ကျွန်တော့်ရဲ့ ပရိုဂရမ်းမင်း အကြောင်း သိကောင်းစရာ ဆွေးနွေးပွဲလေးကို မည်သူမဆို တက်ရောက် ဆွေးနွေးနိုင်ကြောင်း ဖိတ်ကြားပါရစေ။ သင်တန်းများအကြောင်း အသေးစိတ်သိလိုသူများအနေနှင့် အောက်ပါ လိပ်စာများမှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ် ခင်ဗျာ။

ဒေါက်တာ အောင်ဝင်းထွဋ်

၀၉ ၄၉၂ ၄၄၂ ၄၆

aungwin.htut@gmail.com

 

မဥမ္မာ (MCC)

ဈေးလေးအဝိုင်း အနီး၊ မြို့ပတ်လမ်းနဲ့ စီလမ်းဒေါင့်

၀၈၅၂၃၃၄၂ ၀၉၄၇၁၃၀၆၁၂


ဆက်လက်ဖတ်ရှုရန်

Saturday, June 25, 2011

Programming Note for Beginner - 3 (VB.NET 2008)

၃။ ဖိုင် များ ကော်ပီ ကူးလိုလျှင် (VB.NET and C#.NET coding)

My.Computer.FileSystem.CopyFile("C:\Source.txt", "C:\NewFolder\Dest.txt") (VB.NET code)

System.IO.File .Copy(@"C:\Source.txt", @"C:\NewFolder\Dest.txt", true  ); (C#.NET code)

C# တွင် နောက်မှ true သည် အမည်ခြင်း တူပါက override လုပ်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။

 

ကျွန်တော် လေ့လာမိတာလေးတွေ ကို ကျွန်တော့်လို စတင်လေ့လာကာစ လူငယ်တွေ အတွက် တင်ပေးလိုက်ပါတယ်။ ပိုကောင်းတဲ့ ကုဒ်လေးတွေ ရှိရင် ပြန်လည်မျှဝေပေးကြပါခင်ဗျာ။

ဆက်လက်ဖတ်ရှုရန်

Programming Note for Beginner - 2 (VB.NET 2008)

၂။ TextBox Enter ခေါက်လျင် နောက် TextBox တစ်ခုသို့ ဆင်းရန်

     Private Sub TextBox1_KeyDown(ByVal sender As Object, ByVal e As System.Windows.Forms.KeyEventArgs) Handles TextBox1.KeyDown

        If e.KeyCode = Keys.Enter Then

            TextBox2.Focus()

        End If

        TextBox2.Text = e.KeyValue.ToString()

    End Sub

  

ကျွန်တော် လေ့လာမိတာလေးတွေ ကို ကျွန်တော့်လို စတင်လေ့လာကာစ လူငယ်တွေ အတွက် တင်ပေးလိုက်ပါတယ်။ ပိုကောင်းတဲ့ ကုဒ်လေးတွေ ရှိရင် ပြန်လည်မျှဝေပေးကြပါခင်ဗျာ။

ဆက်လက်ဖတ်ရှုရန်

Programming Note for Beginner - 1 (VB.NET 2008)

၁။ Focus မှတ်စု

၁။ ဒီဇိုင်းလုပ်တဲ့အချိန်မှာ Focus လုပ်ချင်ရင် TabIndex ကို 1 ထားပေးရမယ်။

၂။ form load စစချင်းမှာ Focus() method ကို သုံးလို့ မရဘူး။

၃။ form Load မှာ Focus လိုချင်ရင် object.TabIndex=1 သုံးရေးပေးရမယ်။

၎။ focus လုပ်လို့ ရမရ စစ်ဆေးဖို့ object.CanFocus = True, False

 

   If TextBox1.CanFocus Then

            MessageBox.Show("can foucus")

            TextBox1.Focus()

        Else

            MessageBox.Show("can't foucs")

            TextBox1.TabIndex = 1

        End If

 

ကျွန်တော် လေ့လာမိတာလေးတွေ ကို ကျွန်တော့်လို စတင်လေ့လာကာစ လူငယ်တွေ အတွက် တင်ပေးလိုက်ပါတယ်။ ပိုကောင်းတဲ့ ကုဒ်လေးတွေ ရှိရင် ပြန်လည်မျှဝေပေးကြပါခင်ဗျာ။

ဆက်လက်ဖတ်ရှုရန်

Thursday, May 19, 2011

Russian-English-Myanmar Electrical Engineering Dictionary Beta (sketch) version 1.0 Release today

ဒီ​နေ့​တော့ ကျွန်တော်​တို့ ရဲ့ ရု​ရှ-အင်္ဂလိပ်-မြန်မာ အဘိဓာန်​လေး အကြမ်း​ဖျ​ဉ်း စီစဉ်​ပြီး​ပါ​ပြီ။ အမှား​တွေ​ကို ဝိုင်းဝန်း​ရှာဖွေ ထောက်​ပြ​ပေး​ကြ​လိမ့်​မယ် လို့​လည်း မျှော်လင့်​မိ​ပါ​တယ်။ စာလုံး​တွေ ထပ်​ထည့်​ဖို့​လည်း စီစဉ်​ထား​ပါ​တယ်။ ဒီ​လို ပြီးစီး​အောင်​လို့ အဖက်​ဖက် က ကူညီ​ပေး​ကြ​တဲ့ သူ​တွေ​ကို ကျေးဇူး အ​ထူး​တင်​ရှိ​ကြော​င်း ဒီ​နေရာ​က မှတ်တမ်း​တင်​ထား​ပါ​ရ​စေ။ ကျွန်တော်​တို့ ပ​ရော​ဂျ​က်​လေး စ​ဖြစ်​အောင် ငွေ​အား၊ အကြံ​ဥာ​ဏ်​အား​နဲ့ ကူညီ​ခဲ့​တဲ့ ကို​ငွေ​ထွန်း​ကို ကျေးဇူးတင်​ရ​ပါ​တယ်။ သူ အားပေး​လို့​သာ ဒီ​လောက်​အထိ ဖြစ်လာ​တာ ဖြစ်​ပါ​တယ်။ နောက်ထပ် စာ​ရိုက်​ပေး​တဲ့ ညီမ​လေး မိုး​သက်​ဝေ၊ ညီ​လေး ကျော်​သီ​ဟ​နဲ့ ၊ ဘာသာ​ပြန်​ပေး​တဲ့ ညီ​လေး ကျော်​ဇော​လင်း တို့​ကြောင့်​လည်း ဒီ​အဘိဓာန်​လေး ဖြစ်လာ​တာ ဖြစ်​ပါ​တယ်။ ကျွန်တော်​က ဒီ​အဘိဓာန်​လေး​ကို စီစဉ်​ရုံ​ပဲ စီစဉ်​ပေး​နိုင်​ခဲ့​တာ​ပါ။ ဘာသာ​လည်း အနည်းအကျဉ်း​ပဲ ပြန်​ပေး​ခဲ့​တာ​ပါ။ နောက်ထပ် စာလုံး​တွေ ထပ်​ထည့်​ဖို့​ကို​တော့ ကျွန်တော်​ကိုယ်တိုင် တာဝန်​ယူ​ပြီး လုပ်​မယ်​လို့ ဆုံးဖြတ်​ထား​ပါ​တယ်။ တကယ်​တော့ အခု​မှ အစ​ပဲ ရှိ​ပါ​သေး​တယ် ခင်ဗျား။
ပ​ရော​ဂျ​က်​ကို ဂူ​ဂ​ယ်​ရဲ့ http://code.google.com/p/ru-en-mm-electrical-engineering-dictionary-project/ က​နေ ဝင်​ရောက် လေ့​လာ​နိုင်​ပါ​တယ် ခင်ဗျာ။ အားလုံး​ပဲ ရွှင်လန်း​ချမ်းမြေ့​ကြ​ပါ​စေ။
ဘ​လူး​ဖီး​နစ်
(ဒေါက်​တာ အောင်​ဝင်း​ထွ​ဋ်)

ဆက်လက်ဖတ်ရှုရန်

Wednesday, April 13, 2011

လွှမ်းမောပါသည် ဇာတိမြေဆီ…

ကျွန်တော့်ကို မော်လမြိုင်မြို့နားက ရွာလေးတစ်ရွာမှာ မွေးပါတယ်။ ကျွန်တော့်မွေးရပ်ဇာတိ ဖြစ်တဲ့ အဲဒီရွာနာမည်က ငန်းတေးရွာတဲ့ဗျ။ ဟိုးအရင်ကတော့ ငန်းပြေးလို့ ခေါ်တယ်လို့ မှတ်သားဖူးပါရဲ့။ ကျွန်တော် ငန်းတေးရာဇ၀င်ကို ခြေရာကောက်ဖို့ ကြိုးစားသော်လည်း မအောင်မြင်နိုင်သေး။ ငန်းတေးဆိုတဲ့ နာမည်ဟာ ဗမာသံထက် မွန်သံဆန်နေတာကြောင့် အရင်က မွန်ရွာလား။ ဘယ်အချိန်ကတည်း က ဒီရွာရှိနေခဲ့တာလဲ။ ၁၈၂၇ နောက်ပိုင်း စစ်ကဲ မောင်ထော်လေးတို့၊ မောင်ငန်တို့ မော်လမြိုင်ကို ရောက်လာပြီးမှ ပေါ်လာတဲ့ ရွာလား စိတ်ဝင်စားမိပါတယ်။ ခြေခြေမြစ်မြစ်၊ တိတိပပ ပြောနိုင်မယ့် ရှေးမီနောက်မီ အဘိုးအဘွားတွေလည်း ရွာမှာ ဆုံးပါးသွားကြလေပြီ။ ကျွန်တော့်ရွာကလေးဟာ အဲလို သမိုင်းကွင်းဆက်ပြတ်နေတဲ့ မထင်မရှား အညတြရွာကလေးပါ။ အတ္ထရံမြစ်ပေါ်မေးတင်ထားတဲ့ တောမက မြို့မကျ ရွာတစ်ရွာပါပဲ။ ရွာမှာ အဓိကရထင်ရှားတာဆိုလို့ မော်လမြိုင်မြို့ကို လျှပ်စစ်မီး ပေးဝေဖြန့်ဖြူးရာ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ရှိနေတာပါပဲ။ သြော်…ပြီးတော့ မော်လမြိုင် တောင်ရိုးတန်းကနေ လှမ်းကြည့်ရင် မြင်နိုင်တဲ့ အတော်ကို မြင့်တဲ့ ကညင်ပင်ကြီးကလည်း ကျွန်တော်တို့ ရွာတည်နေရာကို အလွယ်တကူ ရှာနိုင်တဲ့ သင်္ကေတအမှတ်အသားဖြစ်လို့ ထူးခြားတယ်လို့ ဆိုရမှာပါ။ ခပ်ငယ်ငယ်ကလေးဘ၀က နာဂ၀ီသတောင်တန်းတလျှောက်က ကျိုက်သလ္လံ အပါအ၀င် တောင်ရိုးတန်းဘုရားဖူးသွားတိုင်း ကျွန်တော်တို့ ရွာကလေးကို ဦးခန္ဓီဘုရားတန်ဆောင်းကနေ လှမ်းရှာရတာ အမောပါပဲ။ ဟိုးအဝေးက မီးခိုးခေါင်းတိုင်က မီးခိုးတလူလူထွက်နေတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကလေးရယ်၊ ထီးထီးမားမားကြီး ထိုးထွက်နေတဲ့ ကညင်ပင် အမြင့်ကြီးရယ်ကို တွေ့လိုက်ရရင် ပဲ အဲဒီမှာ ငါတို့ရွာရှိတယ် ဆိုတဲ့ အသိက ကျွန်တော့်ကို ပျော်ရွှင်စေခဲ့တယ်။ အဲဒီ ကညင်ပင်ကြီးနားမှာ ကျွန်တော်တို့ အိမ်ရှိတယ်။ အဲဒီကညင်ပင်ကို ရှာတွေ့တာနဲ့ အဲဒီနားမှာ ငါတို့အိမ်ရှိတယ် ဆိုတဲ့ အသိက ကျွန်တော့် ကို ပိုပြီး စိတ်လှုပ်ရှားပျော်ရွှင်စေခဲ့တယ်။

ကျွန်တော့်ရွာကလေးဟာ နာဂ၀ီသတောင်ရဲ့ အရှေ့ဘက်အခြမ်းမှာ ရှိပြီး၊ မော်လမြိုင်မြို့ ကတော့ တောင်တန်းရဲ့ အနောက်ဘက်အခြမ်းမှာ ရှိပါတယ်။ နာဂ၀ီသတောင်တန်းက မော်လမြိုင်မြို့ကို အရှေ့၊ အနောက် ပိုင်းခြားထားတဲ့ တောင်မြောက်သွယ်တန်းနေတဲ့ တောင်တန်းရှည်ကြီးပါ။ အဲဒီတောင်တန်းပေါ်ကနေ အနောက်ဘက်ကို လှမ်းမျှော်ကြည့်လိုက်ရင် အုန်းပင်ထိုးထိုးထောင်ထောင်စိမ်းစိမ်းစိုစိုတွေကြားက ကိုလိုနီဟန်နှောတဲ့ အမိုးချွန်ချွန် တိုက်တာအဆောက်အအုံတွေရယ်၊ ဟိုးအဝေး က ကွေ့ဝိုက်ပြီးစီးနေတဲ့ သံလွင်မြစ်ရဲ့ အလှရယ်၊ မြစ်ထဲက လှေသမ္ဗာန်တွေရယ်၊ သံလွင်မြစ်ကူးတံတားကြီးနဲ့ ခေါင်းဆေးကျွန်း ကို တွေ့ရလိမ့်မယ်။ အဲဒီ တောင်တန်းပေါ်ကနေ အရှေ့ဘက်ကို ကြည့်လိုက်ရင် လယ်ကွက်စိမ်းစိမ်းတွေရယ်၊ နွေဘက်ဆိုရင်  မီးခိုးတလူလူထွက်နေတဲ့ အုတ်ဖုတ်တဲ့ အုတ်ကျင်းတွေရယ်  ဟိုတကွက်ဒီတကွက် လူနေရပ်ကွက် တွေရယ်၊ ကျွန်တော်တို့ ရွာက ကညင်ပင်ကြီးရယ်၊ မီးစက်ရယ်၊ အတ္ထရံမြစ်ကူးတံတားကို တွေ့ရမှာဖြစ်ပါတယ်။ တောင်ရိုးတန်း ရှုခင်းသာက လှမ်းမျှော်ကြည့်ရင် မြင်ရတဲ့ မော်လမြိုင်အလှဟာ ဆီဆေးပန်းချီကားတစ်ချပ်နှယ် အရောင်အသွေးစုံလှတယ်။ ကျွန်တော်ငယ်ငယ်က ကျွန်တော့်တို့အိမ် ၀ရန်တာမှာ စာထွက်ကျက်တဲ့အခါ ဟိုးအဝေး နာဂ၀ီသတောင်တန်းပေါ်က မီးတွေထိန်ထိန်လင်းနေတဲ့ ဘုရားတွေ ဆီ ငေးမောရင်း တခါတရံ ဘာကို လွမ်းမှန်းမသိ လွမ်းသလိုလို ခံစားရပါတယ်။ အဲဒီတောင်တန်းတွေဆီက လေအဝေ့မှာ လွင့်လာတတ်တဲ့ ပဌာန်းရွတ်သံ တွေ ကို ကြားရတာ ကြည်နူးစရာကောင်းလိုက်ပါဘိ။ နွေကာလ လသာညတွေမှာ ကျွန်တော်တို့ အိမ်မျက်နှာချင်းဆိုင်က ဦးပွကြီးရဲ့ မယ်ဒလင်လက်သံ နဲ့ သူရဲ့ ခန့်ညားအောင်မြင်ပြီး ကြည်လင်ကာ ခံစားချက်ပါတဲ့ ကာလပေါ်တေးသီသံတွေကို လည်း အခုထိ ကြားယောင်နေမိဆဲ။ ကောင်းကင် က လမင်းကြီးရဲ့ အေးမြတဲ့ လရောင်နဲ့၊ စိန်ပွင့် တွေလို တလက်လက်လင်းနေတဲ့ ကြယ်တွေစုံတဲ့ ကတ္တီပါနက်ရောင် နောက်ခံကောင်းကင်ကြီးအောက်မှာ သရက်ပင် နဲ့ အုန်းလက်တွေကို တရှပ်ရှပ်တိုးလာတဲ့ ညှင်းအေးအေး လေညင်းကလေးရယ်၊ ဦးပွကြီးရဲ့ မယ်ဒလင်လက်သံသာသာရယ် ဟာ အင်မတန် လိုက်ဖက်ပြီး လွမ်းမောဖွယ်ကောင်းလှတယ်။ ကလေးမို့ စာသားတွေကို လုံးစေ့ပါဌ်စေ့ နားမလည်သော်လည်း အဆွဲအင် အရှိုက်အဖို အဝေ့အ၀ိုက် နဲ့ ပညာသားပါတဲ့ အဆိုကြောင့် သာယာတဲ့ ဂီတထဲမှာ စီးမျောသွားမိမြဲ။

ကျွန်တော်တို့ရွာကလေးဟာ အတ္ထရံမြစ်နဲ့ သူ့ရဲ့ မြစ်လက်တက်ကလေးပေါ်မှာ တည်ရှိပါတယ်။ "ချောင်းပတ်ခွေကာ၊ မောင်တို့ရွာ ရောက်လာရွှင်မြူး၊ ပျော်ပုံထူး မြူးတယ်လေး၊ ထူးတယ်လေး…." ဆိုသလို ကျွန်တော်တို့ အိမ်နားကနေ အတ္ထရံမြစ်ရဲ့ မြစ်လက်တက်ကလေး ဝေ့ကာဝိုက်ကာ ဖြတ်သန်းစီးဆင်းသွားပုံဟာ ကဗျာဆန်လှတယ်။ ကလေးဘ၀က နွေရာသီ ရေရှားချိန် အိမ်မှာ အလှစိုက်ထားတဲ့ ပန်းပင်တွေ ရေလောင်းဖို့ မြစ်ထဲက ရေငင်ရင်း၊ ရေးကူးဆော့ကစားခဲ့တဲ့ အခိုက်အတံ့တွေကလည်း ကျွန်တော့်ဘ၀ရဲ့ မေ့မရနိုင်တဲ့ ပျော်စရာအချိန်ကလေးတွေပေါ့။ အတ္ထရံမြစ်ဟာ ကျွန်တော်တို့ ရွာရဲ့ အသက်သွေးကြောပါ။ အတ္ထရံ မြစ်လက်တက်ပေါ်က လယ်ကွင်းတွေ၊ ရွာအနောက်ပိုင်းက လက်ကွင်းတွေနဲ့ စိုက်ခင်းတွေကို ရေသွင်းတာလဲ ဒီမြစ်ပဲ။ ရွာရဲ့လယ်ယာစိုက်ပျိုးရေးမှာ အသုံးပြုတဲ့ ခိုင်းနွားတွေကို ရေချိုးသန့်စင်တာ၊ ရေတိုက်တာလည်း ဒီမြစ်ပါပဲ။ ရွာအရှေ့ပိုင်းက တံငါလုပ်သားတွေနဲ့ ရွာသားတွေ အတွက်ရေချိုငါးလတ်လတ်ဆတ်ဆတ် တွေ၊ ပုဇွန်ထုတ်ကြီးတွေကို ပေးတာလဲ ဒီမြစ်ပဲ။ ရွာရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ သစ်ခွဲစက်အတွက် လိုအပ်တဲ့ ကုန်ကြမ်းသစ်ဝါးဖောင်တွေ မျှောဖို့ အသုံးချတာလဲ ဒီမြစ်ပဲ။ အတ္ထရံ မြစ်ဟာ ကျွန်တော်တို့ ရွာသူရွာသား မျိုးဆက်ပေါင်းများစွာကို ၀၀လင်လင်  ကျွေးမွေးနိုင်တဲ့ အသက်သခင်ကျေးဇူးရှင် မြစ်ပါ။ ကျွန်တော်ဟာ အတ္ထရံမြစ်ထဲက ရေနဲ့ စိုက်လို့ ရတဲ့ ဆန်နဲ့ ဟင်းသီးဟင်းရွက်တွေရယ်၊ အတ္ထရံမြစ်က ကျွေးတဲ့ ငါးပုဇွန်ကို စားသုံးပြီး ကြီးပြင်းလာခဲ့ ရတဲ့ အတွက် အတ္ထရံမြစ်ကို ကျေးဇူးတင်တယ်။ အတ္ထရံမြစ်ထဲက ဆူဖြိုးတဲ့ ငါးသလောက်ပေါင်း နဲ့ ကျွန်တော် က အမေလို့ ခေါ်တဲ့ ကျွန်တော့်အဘွားကြိုက်တတ်တဲ့ လတ်လတ်ဆတ်ဆတ် ရေချိုပုဇွန်တုတ်ကင် မွှေးမွေးကို သံပုရာရည် နဲ့ တို့စားရတဲ့ အာရသာဟာ နတ်ပေးတဲ့ သြသဓဆေးလိုပါပဲ။ ဥတွေနဲ့ ငါးပုဏ္ဏားချိုချိုနဲ့ ငါးပြက်တွေ ဟာ အတ္ထရံက ကျွန်တော်တို့ ရွာကို ပေးတဲ့ အစားအစာတွေပေါ့။ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်ငယ်ငယ်က ငါးပုဇွန်တွေကို ဒီလောက်မကြိုက်တတ်ခဲ့ဘူး။ ပေါပေါများများရနေတာလဲပါတာပေါ့လေ။ ပေါတော့ တန်ဖိုးမထားတတ်တာ လူ့သဘာဝများလား မသိဘူး။ ခုလို ရေချိုငါး ပုဇွန်တွေကို ရှားပါးပြီး အဆမတန် ဈေးကြီးပေးဝယ်ရတဲ့ အရပ်ဒေသကို ရောက်လာတဲ့အခါမတော့ အတ္တရံမြစ်ရဲ့တန်ဖိုးကို ပိုတိုးလို့ နားလည်လာခဲ့ရတယ်။ အဲဒါကြောင့် မြန်မာပြည်သားတစ်ယောက်အနေနဲ့ ဧရာဝတီကို ချစ်သလို၊ မွန်ပြည်နယ်သား တစ်ယောက်အနေနဲ့ သံလွင်ကိုချစ်သလို၊ ငန်းတေးရွာသားတစ်ယောက်အနေနဲ့ အတ္ထရံကို ချစ်တယ်။

 

ဖိလစ်ပိုင်လူမျိုး ကဗျာစာဆို Dr. Jose  Rizal က Momories of My Town ကျွန်တော့်ဇာတိရပ်မြေ အောက်မေ့ဖွယ်များ ဆိုတဲ့ အမည်နဲ့ ဇာတိမြေတမ်းချင်းတစ်ပုဒ်ရေးခဲ့ဖူးတယ်။ အဲဒီကဗျာထဲမှာသူက…သူ့ဇာတိမြေကို လွမ်းဆွတ်ပုံကို ဒီလို ဖွဲ့ထားပါတယ်။

"လေပြင်းမုန်တိုင်းမှ နှင်းပန်းပွင့်ဖြူများ၊ မွှေးပျံ့သောရနံ့၊ ရိုးသားချစ်ဖွယ်သောမြို့လေးကို သတိရနေ။

အဲဒီမှာ ကျွန်တော်ပျော်ရွှင်စွာ အိပ်နေ၊ ထိုင်နေတဲ့ ပုခက်လေးပေါ်မှာ ဘာမဆိုလိုတရခဲ့တာလေ….။ "

Dr. Jose Rizal ခံစားလွမ်းဆွတ်သလိုပဲ ကျွန်တော် လိုတာ ဘာမဆိုရနိုင်တဲ့ ကျွန်တော့်ဇာတိမြေကိုလည်း လွမ်းလိုက်ပါဘိ။ ကျွန်တော့်ဇာတိမြေကို ချစ်ခင်စွဲလန်းရသော အကြောင်းအရင်းကတော့ ကျွန်တော့်ရဲ့ ကလေးဘ၀ ဖြတ်သန်းကုန်ဆုံးခဲ့ရာ  အိမ်…ချိုသောအိမ် (Home Sweet Home) ရှိရာအရပ်ဖြစ်တာကြောင့်ပါ။ သရက်ပင်တွေ၊ အုန်းပင်တွေ ၀ိုင်းရံထားတဲ့ အိမ်ဝိုင်းကြီး မှာ ဆွေမျိုးမောင်နှမတွေ တသိုက်တ၀န်းကြီးနဲ့ နွေးထွေးကြင်နာမှုတွေ၊ နားလည်ဖေးမမှုတွေ၊ လုံခြုံမှုတွေ ၀န်းရံလျက် ကလေးဘ၀ကို ပျော်ရွှင်စွာ၊ အပူအပင်ကင်းမဲ့စွာ ဖြတ်သန်းခဲ့ရတယ်။ ကျွန်တော်တို့ အိမ်မှာ တစ်ခုခု ချက်စားကြပြီဆိုရင်ဖြင့် အလှူပေးသလို အိုးကြီး နဲ့ မီးဆက်အောင် ချက်ရပါတယ်။ ၀ိုင်းထဲနေတဲ့ အမျိုးတစ်အုပ်တစ်မကြီးရယ်၊ ရွာထဲက ဆွေမျိုးတွေရယ်၊ အိမ်က သံကြိတ်စက်အလုပ်သမားတွေအတွက်ရယ် ချက်ရတာ တကယ့်ကို အလှူကြီးအတိုင်းပဲ။ တစ်နေကုန်တစ်နေခန်း တစ်စွတ်စွတ် စားကြတော့တာကလား။ အလုပ်သမားတွေကလဲ မိသားစုဝင်တွေလိုပဲ ဆာတဲ့အခါ ကြုံရင်ကြုံသလို ၀င်စားသွားကြတာပဲ။ မော်လမြိုင်မုန့်တီဆို ခွက်တစ်ဆယ်၊ အစိတ် ချက်ရတာ။ ထမင်းလွတ် အ၀စားပဲ။ အဖွားတွေ၊ အဒေါ်တွေကလည်း ဒိုင်ခံချက် တာ တနေကုန် နေ့မီးညမီးဆက်သွားတဲ့ အထိ။ ငါးရံ့တွေကလည်း ပေါသဟာမို့ ငါးပြုတ်မုန့်ဟင်းခါးရည်ဆို ငါးပြုတ်ဖတ် နိုင်းချင်း၊ ကြွက်သွန်ဥ နိုင်းချင်းနဲ့ ချိုစိမ့်ပြီးမွှေးကြိုင်နေတာ။ နေ့လယ်နေ့ခင်း သွားရည်စာ စားချိန်ဆိုလည်း၊ သဘောင်္သီးသုပ်၊ ဇီးသီးခြောက်သုပ်၊ မရမ်းပြားသုပ် ချဉ်ချဉ်ငံငံစပ်စပ် မွန်သုပ်ကို ရေနွေးပူပူ တဖူးဖူးမှုတ်သောက်လိုက်၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတောင့် တရှူးရှူးကိုက်လိုက်၊ နှက်သုတ်လိုက် နှင့် စားရတာ မြိန်စရာကြီးပါပဲ။ အသုပ်အစပ်အဟပ်တည့်ပြီဟေ့ဆို ဇွန်းမချကြေး၊ ခေါင်းမဖော်ကြေး လုစားကြ တာကလည်း ပျော်စရာ။ အဲသလို လက်ရည်တစ်ပြင်တည်း လုစားရတာကို က အသုပ်ရဲ့ အာရသာမဟုတ်လား။ အသုပ်ကို အီပြီဆိုရင်ဖြင့် အုန်းနို့နိုင်းချင်းနှင့် သာကူပြုတ်၊ မုန့်ပိန္နဲစေ့၊ မုန့်လက်ဆောင်း၊ မုန့်ဦးနှောက်၊ ငှက်ပျောပေါင်း၊ ရွှေရင်အေးစသဖြင့် အမျိုးမျိုးမရိုးအောင် လုပ်စားကြတယ်။ ဒါကြောင့် အခြားနယ်တွေက မော်လမြိုင်သား အစားလို့ ဆိုကြတာ ဖြစ်ပါလိမ့်မယ်။ အဲသလို စုပေါင်းဝိုင်းဖွဲ့စားသောက်ကြတာ မိသားစုတွင်း၊ ဆွေမျိုးတွင်း၊ ရွာတွင်း စည်းလုံးညီညွတ်မှုကို ခိုင်မာစေတယ်ဆိုတာ သံသယ နည်းနည်းမှ မဖြစ်မိပါဘူး။ ကျွန်တော်တို့ ရွာရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့ဟာ ၀ိုင်းလုပ်ဝိုင်းစား သမ၀ါယမစိတ်ဓာတ်ပဲ။ ဥပမာ၊ သင်္ဘောသီးသုပ်စားမယ် လို့ တစ်ယောက်ယောက်က အဖော်စပ်တာနဲ့ သင်္ဘောသီးခူးသူခူး၊ ခွာသူခွာ၊ ခြစ်သူခြစ်၊ ငါးပိဖုတ်သူဖုတ်၊ ကြက်သွန် ဖြူနီခွာသူခွာ တက်ညီလက်ညီ ၀ိုင်းဝန်းလုပ်ကိုင်လိုက်ကြတာ၊ ဟောဗျာ… တစ်ခဏအတွင်း သင်္ဘောသီးသုပ် ဖြစ်ကရော။ ပြီးရင် အဆာပလာတွေကို ကြွေရည်သုတ်သံဇလုံကြီးထဲ ရောနယ်တဲ့ပြီး၊ ၀ိုင်းဝန်း စားသောက်ကြတော့တာ ရွာရဲ့ စည်းလုံးမှု၊ ညီညွတ်မှု ပြယုဂ်တစ်ခုပါပဲ။ ကျွန်တော် ဒီဓလေ့ကို သိပ်ချစ်ပါတယ်။

ကျွန်တော့်ငယ်ဘ၀ဟာ ပြန်ပြောင်းအောက်မေ့စရာ အတိတ်တွေ၊ စိတ်ခံစားမှုတွေ၊ အတွေးတွေ၊ ဆန္ဒတွေနဲ့ ပြည့်နေခဲ့တယ်။ တခါတခါ ကလေးဘ၀ကို ပြန်ပြောင်းအောက်မေ့တဲ့အခါ၊ ဆိုဗီယက် ကဗျာဆရာ Yevtushenko ရဲ့ ကိုယ်တိုင်ရေး အထ္တုပ္ပတ္တိလို့ ဆိုနိုင်တဲ့  Zima Junction ကဗျာရှည်ကြီးမယ် သူ့ရဲ့ ငယ်ဘ၀ဖြတ်သန်းကုန်ဆုံးခဲ့ရာ ဘိုင်ကားရေကန်နားက မြို့ငယ်ကလေးသို့ တမ်းတပုံကို ရေးခဲ့ဖူးတာ သွားသိတရမိသေးတယ်။ အဲဒီကဗျာမှာ သူဖွဲ့ပုံက…

My life has often been by backward glances,

few personal emotions, thoughts or wishes,

and in my life, its even turns and courses,

some generous impulse but nothing finished.

Yet always here these means for a new design,

new strength, touching the same ground,

where you first moved bare-footed, kicking up dust.

I rely often on this ordinary thought:

near Lake Baikal my own town waiting for me.

Yevtushenko ကဗျာရဲ့ဒီအပိုဒ်ကို ဖတ်မိတိုင်း ကျွန်တော်ကလေးဘ၀က တချို့ အဖြစ်အပျက်တွေ၊ နေရာတွေ၊ ပုံရိပ်တွေဟာ တခါတရံ ရုပ်ရှင် အနှေးပြကွက်တွေလိုပဲ တရိပ်ရိပ် အစီအရီ ပြန်ပေါ်လာကြလေရဲ့။ ကျွန်တော့်အတွက် အမှတ်တမဲ့လိုလိုပေမဲ့ ရွာကထွက် လာပြီးနောက် ဦးနှောက်ထဲမှာ မှတ်မှတ်ရရ ဖြစ်နေတာက အိမ်ခြေရင်းက မချစ်စု သရက်ပင်ကြီးပဲ။ အဲဒီသရက်ပင်ကြီးဟာ ကျွန်တော့် အဖွားရဲ့ ဖခင်ဖြစ်သူ၊ ကျွန်တော့် အဘိုးက စိုက်ခဲ့တာဖြစ်ပြီး၊ အင်မတန် မျိုးကောင်းတဲ့ အပင်ကြီးဖြစ်ပါတယ်။ ကျွန်တော့်ထက်တောင် အဲဒီအပင် က အသက်ကြီးသေးတယ်။ ကျွန်တော် သိတတ်တဲ့ အရွယ်မှာတောင် အဲဒီသရက်ပင်ဟာ လုံးပတ်ထွားထွားဖြောင့်ဖြောင့်၊ အခက်အလက်တွေ ဝေဆာစိမ်းစိုနေတာပဲ။ အရိပ်အာဝါသ ကောင်းကောင်းပေးနိုင်လောက်အောင် ကြီးပါတယ်။ သီးတဲ့ အသီးတွေလည်း ကြီးထွားပြီး အနံ့အာရသာ အင်မတန် ပြည့်စုံကောင်းမွန်လှတယ်။ သီးတဲ့အခါမှာလည်း ပြွတ်ခဲနေအောင်သီးတတ်တယ်။ ကျွန်တော်က မချစ်စု သရက်ကို မမှည့်သေးခင် ၀မ်းရောင်သီးကို ဆေးသကြား၊ ငရုတ်သီးမှုန့်၊ ဆားတို့နဲ့ စားရတာကို အလွန်ကြိုက်ပါတယ်။ နေ့လည်နေ့ခင်း သွားရည်စာစားကြချိန်မှာ မိသားစုတွေ စုပြီး စကားပြောရင်း သရက်သီး ချိုချဉ်စပ် စားရတဲ့ အရသာ ကို ခုထိမမေ့နိုင်သေးပါဘူး။ သရက်သီးအစိမ်းတွေကို ခူးပြီး သရက်သီးခြောက်လုပ်တန်တာလုပ်ပြီး ကျန်တာတွေကို အမှည့် အုပ်ထားတတ်ပါတယ်။ မှည့်တဲ့ အချိန်မှာလည်း အိမ်မှာစားလို့ ပိုတဲ့ အပြင်၊ အသိမိတ်ဆွေတွေ၊ ဆွေမျိုးတွေကို လက်ဆောင် ဝေငှပေးနိုင်လောက် အောင်ကို အဲဒီသရက်ပင်ကြီးက အသီးတွေ လှိုင်လှိုင် သီးတတ်ပါတယ်။ အိမ်ခေါင်းရင်းမှာ ရင်ကွဲပင်တစ်ပင် နဲ့ ခြံအနောက်ဘက်မှာ မနွယ်နွယ် သရက်ပင် တစ်ပင်ရှိပေမဲ့ သူတို့ ကတော့ ကျွန်တော့အတွက် သိပ်အမှတ်တရ မရှိလှဘူး။ ကျွန်တော့် အဘိုးစိုက်ခဲ့တဲ့ သရက်ပင်ကြီးဟာ သားစဉ်မြေးဆက် ယခုတိုင် ကျွေးမွေးထားနိုင်လို့ ကျွန်တော့်အဘိုးရဲ့ စေတနာ နဲ့ အမြော်အမြင်ကြီးမှုကို လေးစားရပါတယ်။ ငယ်ငယ်က ခြံထဲမှာ အဘိုးအိမ်နားက မလကာချဉ်သီးပင်က အသီးတွေခူးပြီး ဆား၊ ဆေးသကြား၊ ငရုတ်သီးမှုန့်နဲ့ တို့စားခဲ့တာကို လည်းသတိရမိသေးတယ်။ အိမ်ခြံဝိုင်းဟာ ပဲပုဇွန်ပင်တွေ၊ ဒန့်သလွန်ပင်၊ ဆူးပုပ်ပင်၊ ကင်ပွန်းပင်၊ ဂွေးသီးပင်၊ မန်ကျည်းပင်၊ မရမ်းပင်၊ ကွမ်းပင်၊ ငရုတ်ကောင်းပင်တွေနဲ့ စိမ်းစိုနေတတ်ပြီး ချက်စားလိုတဲ့ အခါ လတ်လတ်ဆတ်ဆတ် စားနိုင်တာမို့ စရိတ်လည်း သက်သာ ကျန်းမာရေးနဲ့လည်း ညီးညွတ်ပါတယ်။ ကျွန်တော့် အဘိုးဟာ အသက် ၇၀ကျော် အထိ သူနိုင်သလောက် အပင်တွေ စိုက်တုန်းပါပဲ။ အိုးကြီးအိုမနဲ့ မြေဆွေးတွေသယ် အပင်တွေစိုက် တာ သူ့အတွက်မဟုတ်တာတော့ သေချာတယ်။ သားမြေးတွေအတွက် ထားတဲ့ အဘိုးရဲ့ စေတနာကို တော့ ဘယ်အရာမှ တုနှိုင်းမယှဉ်သာပါဘူး။ ဒီနေရာမှာ ကျွန်တော် ဖတ်ဖူးတဲ့ အရှေ့အလယ်ပိုင်း စကားပုံတစ်ခု ကို သွားသတိရမိတယ်။ "လူတစ်ယောက် အသိဥာဏ်ပညာကြွယ်ဝမှုဟာ သူဘယ်တော့မှ အဲဒီအရိပ်အောက်မှာ မနေရမှန်းသိလျက်နဲ့ သစ်ပင်တစ်ပင်ကို စိုက်တဲ့အခါမှာ စပါတယ်" တဲ့။ ကျွန်တော်တို့ အဘိုးဟာ သူ့မျိုးဆက်အတွက် သစ်ပင်တစ်ပင်မက စိုက်ခဲ့ပြီးပြီ။ အဲဒီအပင်ရဲ့ အသီးအပွင့်တွေကို လည်း သားစဉ်မြေးဆက် ခံစားနိုင်ခဲ့ပြီ။ ပြီးတော့ ကျွန်တော်တို့ မော်လမြိုင်အိမ်ဟာ အပင်တွေနဲ့ ၀န်းရံထားတာမို့ နွေရာသီမှာ မပူပဲ ရာသီဥတု အင်မတန် မျှတပြီး နေရတာ သက်သောင့်သက်သာရှိလှပါတယ်။ ကျွန်တော့် အဘိုးရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိကို တော့ ကျွန်တော် မချီးကျူးဘဲ၊ မလေးစားဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်။

 

ကျွန်တော့်ဇာတိမြေဟာ ကျွန်တော်တို့ကို လူတစ်လုံး သူတစ်လုံးဖြစ်အောင် အခြေခံပညာတွေ ဖြန့်ဖြူးဝေငှရာ ဌာနကြီးလည်း ဖြစ်ပါတယ်။ ရွာမှာ အလယ်တန်းကျောင်းတစ်ကျောင်းနဲ့ မူလတန်းကျောင်းတစ်ကျောင်းရှိပါတယ်။ ရွာရဲ့ အလယ်တန်းကျောင်းကလေးဟာ သေးပင်သေးငယ်ပေမဲ့ အဲဒီကျောင်းကလေးကနေပဲ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ စစ်ဗိုလ်တွေ၊ စက်မှုလက်မှုပညာရှင်တွေ၊ အသိပညာရှင်အတတ်ပညာရှင်တွေ၊ အသင်အပြကောင်းတဲ့ ဆရာဆရာမ ပေါင်းများစွာကို မွေးထုတ်ပေးခဲ့ ပြီးဖြစ်ပါတယ်။ ရေနံချေးတွေဝနေတဲ့ မူလတန်းကျောင်းဆောင်ကလေးဟာ ကျွန်တော်တို့ မျိုးရိုးစဉ်ဆက် ပညာရင်နို့ သောက်စို့ခဲ့ရာ နေရာမို့ ကျွန်တော် အလွန်ပဲ သံယောဇဉ်တွယ် စွဲလန်းရပါတယ်။ ကျောင်းရဲ့ ကွန်ကရစ် လှေခါးထစ်တွေမှာ မူလတန်းကျောင်းသား ဘ၀က ကျောက်တံသွေးခဲ့တာ ကိုလည်း ပြန်တွေးတိုင်း လွမ်းတုန်း။ ကြည်နူးမျက်ရည်ဝဲရတုန်းပါပဲ။ အစဉ်အဆက် ကျောက်တံသွေးခဲ့လို့ ကျောက်တံရာအမြှောင်းတွေနဲ့ ပြည့်နေတဲ့ ကျောင်းဆောင်ရဲ့ လှေခါးထစ်တွေ က သူ့ရဲ့ ရင့်ကျက်မှု လို့ ကျွန်တော် ခံစားမိတယ်။ အောက်စဖို့ တက္ကသိုလ်ကျောင်းသားတွေက သူ့တို့ရဲ့ ဟောင်းမြင်းတဲ့ ရှေးအဆောက်အအုံတွေအတွက် ဂုဏ်ယူသလို၊ ကျွန်တော်ကလည်း ကျွန်တော့်ကို ပညာအခြေခံပေးခဲ့တဲ့ အဲဒီကျောင်းဆောင်ကလေးက ကျောက်တံသွေးရာတွေပြည့်နေတဲ့ လှေခါးထစ်တွေ အတွက် ဂုဏ်ယူတယ်။ ကျောက်တံသွေးတယ်ဆိုတာ စာများများရေးလို့ တုံးသွားတဲ့အခါမှာ သွေးရတာမဟုတ်လား။ ဒီတော့ အဲဒီကျောက်တံသွေးရာတွေ ဟာ ဒီကျောင်းကလေးကနေ မျိုးဆက်ဘယ်နှစ်ခုကို ပညာတွေ ဘယ်လောက် ပေးလိုက်သလဲ ဆိုတဲ့ ခြေရာကလေးတွေပါပဲ။ အဲဒီကျောင်းကလေးကနေပဲ ကျွန်တော်တို့ကို အင်္ဂလိပ်အက္ခရာတွေကို အသံထွက် မှန်မှန်ဖတ်တတ်အောင်၊ မြန်မာစာစာလုံးပေါင်း သတ်ပုံမှန်ကန်အောင်၊ လက်ရေးလက်သားသေသပ်လှပအောင်၊ အပေါင်းအနှုတ် အမြှောက်အစား နိုင်နင်းကျွမ်းကျင်အောင် အခြေခံအုတ်မြစ်ကောင်းကောင်း ချပေးခဲ့လို့ ရှေ့ဆက် ပြီး အဆင့်မြင့်ပညာတွေ ဆက်လက်သင် ယူနိုင်ခဲ့တာ မို့ ကျွန်တော့် ရဲ့ ရွာကျောင်းကလေးကို ချစ်မြတ်နိုးကျေးဇူးတင်လှတယ်။ သံယောဇဉ်တွယ် ရပါတယ်။

 

နောက် ကျွန်တော်တို့ ရွာနဲ့ပတ်သက်ပြီး ချစ်စရာကောင်းတဲ့ ဓလေ့ကတော့ ဆွမ်းကြီးလောင်းပွဲတော်လို့ ခေါ်တဲ့ စာရေးတံမဲ ပွဲပါပဲ။ ကျွန်တော် ကလေးဘ၀တုန်းကတော့ ဆွမ်းကြီးလောင်းပွဲတော်ရောက်ပြီ ဆိုရင် အင်မတန်ပျော်ပါတယ်။ မုန့်တွေ အများကြီးစားရတဲ့ အပြင်၊ ဆွမ်းလောင်းပွဲမနက်မှာ ၀တ်ကောင်းစားလှ ၀တ်ပြီး ရွာထဲမှာ လမ်းလျှောက်၊  အသိအိမ်တွေကို မုန့်ဝေငှကြသလို၊ သူ့အိမ်က မုန့်ကိုယ့် ပို့၊ ကိုယ့်အိမ်က မုန့် သူ့ဝေမျနဲ့ မုန့်မျိုးစုံအောင် စားခွင့်ရလို့ ကလေးပီပီ ပျော်မိတယ်။ ညဘက်မှာလည်း ဇာတ်ပွဲ ၊ စတိတ်ရှိုးကြည့်ကြရမှာ မို့ အင်မတန် ပျော်စရာ ကောင်းပါတယ်။ ကျွန်တော်ငယ်ငယ်က ဇာတ်ပွဲကို အလွန် ကြိုက်နှစ်သက်ပါတယ်။ ခုတော့ ရွာက ဆွမ်းကြီးလောင်းပွဲတော်နဲ့ ဝေးနေတာ ဆယ်စုနှစ်တစ်ခုမက ကြာခဲ့ပါပြီ။ ကျွန်တော်ကတော့ ကလေးဘ၀ က ဆွမ်းကြီးလောင်းပွဲတော်ကာလ ကို ခုထိလွမ်းတုန်းပါပဲ။ မေ့မရနိုင်အောင်ရှိတုန်းပါပဲ။

 

"ဇာတိချက်ကြွေ၊ ရန်အောင်မြေ နဲ့ ရေသွန်းခံရာ ဤသုံးဌာနကို မမေ့စကောင်း" လို့ ဆိုစကားရှိပါတယ်။ ဒီလို ချစ်စရာ ကောင်းတဲ့၊ ကျွန်တော့်ကို လူလားမြောက်အောင် ပြုစုပျိုးထောင်ကျွေးမွေးခဲ့တဲ့၊ အခြေခံပညာတွေ သင်ပေးခဲ့တဲ့ ကျွန်တော့် မွေးရပ်ဇာတိကို ကျွန်တော် ဘယ်လိုခွန်အားနဲ့ မေ့လို့ရပါ့မလဲ။ ဒီလို ကျေးဇူးတွေ ဆပ်မကုန်အောင် များပြားတဲ့ ကျွန်တော်ချစ်တဲ့ ရွာငယ်လေးအတွက် ကျွန်တော် တတ်နိုင်သမျှ ကျေးဇူးဆပ်ရပါဦးမယ်။ ကျွန်တော့်ရွာ ရဲ့ ဆပ်မကုန်တဲ့ ကျေးဇူးတွေ ကို အောက်မေ့မိတိုင်း ဆရာဇော်ဂျီရဲ့ သင်သေသွားသော်ဆိုတဲ့ ကဗျာလေးက ခေါင်းထဲဝင်လာတယ်။

သင်သေသွားသော်

သင်ဖွားရာမြေ၊

သင်တို့ မြေသည်

အခြေတိုးမြင့် ကျန်ကောင်းသင့်၏ ….တဲ့။

Henry Wadsworth ရဲ့ Psalm of Live မှာလည်း ဆရာဇော်ဂျီရဲ့ သင်သေသွားသော်သဘောနှင်နှင် ဒီလို ဆိုထားသေးတယ်။

Lives of great men all remind us

We can make our lives sublime,

And departing, leave behind us

Footprints on the sand of time;

ပြီးတော့ ဆရာမဂျူးက သူ့ဝတ္ထု ပင်လယ်နှင့်တူသောမိန်းမများကို ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းထားတဲ့ တစ်ခါက ဧရာဝတီညများမှာ ဟင်္သာအဖြစ် သရုပ်ဆောင်မဲ့ လွင်မိုးကို ပြောစေတဲ့ ဒိုင်ယာလောခ့်ကို လည်း သဘောကျမိတယ်။ "မျိုးဆက်တိုင်းဟာ သူ့ရှေ့ကမျိုးဆက်ထက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးဖို့ တာဝန်ရှိတယ်"…တဲ့။ သိပ်ကောင်းတာပဲ။ ကနေ့ကာလဟာဖြင့် What can the State do for us? လို့ မေးရမဲ့ အချိန်မဟုတ်တော့။ What can we do for the State? လို့ မေးချိန်တန်ပြီဖြစ်ကြောင်း ဖတ်လိုက်ရဖူးပါတယ်။ ဒီတော့ ကျွန်တော်တို့ကကော ကျွန်တော်တို့ရွာအတွက် ဘာတွေလုပ်ပေးနိုင်ပါသလဲ။ ကျွန်တော်တို့ ရွာသူရွာသားတွေ အားလုံးရဲ့ လူနေမှုဘ၀တွေ မြင့်မားစေဖို့အရေးဟာ ကျွန်တော် အမြဲတမ်း မက်တဲ့ အိပ်မက်ဖြစ်တယ်။ ဟုတ်ကဲ့…ဒါ ကျွန်တော့် အိမ်မက်ပါပဲ။ အိန္ဒိယ သမ္မတဟောင်း  အဗ္ဗဒူကလမ်က ကျောင်းသားတွေနဲ့ အမေးအဖြေလုပ်တဲ့အခါမှာ အိပ်မက်နဲ့ ပတ်သက်ပြီး ဒီလိုပြောခဲ့ဖူးတာကို မှတ်သားမိဖူးပါတယ်။ ကျောင်းသားတစ်ယောက်က အိန္ဒိယရဲ့ ရန်သူ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့ ဘာလုပ်သင့်သလဲလို့ မေးတဲ့အခါ အဗ္ဗဒူကလမ်က "အိပ်မက်မက်ပါ" လို့ ဖြေလိုက်သတဲ့။ ဒီအခါ အဲဒီကျောင်းသားကပဲ ဘာကြောင့်လဲဆရာကြီးလို့ ပြန်မေးရော။ ဒီမှာ သမ္မတကြီး ရှင်းပြပုံဟာ သိပ်မှတ်သားဖို့ကောင်းတယ်။ သူဖြေပုံက "အိပ်မက်မက်မှ အိုင်ဒီယာရမှာ၊ အိုင်ဒီယာရှိမှ အလုပ်ဖြစ်မှာ၊ အလုပ်လုပ်မှ အောင်မြင်မှုရမှာ…၊ ဒီတော့ အောင်မြင်မှုရဲ့အစဟာ အိမ်မက်ပဲ…" ဟူသတဲ့။ အစစ်ပဲ…ဒီကနေ့ တယ်လီဖုန်း၊ လေယာဉ်ပျံ၊ အာကာသလွန်းပျံ၊ အင်တာနက် စတဲ့နည်းပညာတွေဟာ ဟိုးယခင်က မဖြစ်နိုင်ဘူးထင်ရတဲ့ အိပ်မက်တွေကပဲ ဆင်းသက်လာကြတာမဟုတ်လား။ အဓိကက အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ စိတ်ခွန်အား ပဲလိုတာမဟုတ်လား။ ကျွန်တော့်မှာလည်း ရွာနဲ့ပတ်သက်တဲ့ အိပ်မက်တွေ ရှိပါရဲ့။ ကျွန်တော့်ရွာလေးကို စိမ်းလန်းပြီး လေကောင်းလေသန့်ရတဲ့၊ လူမှုစီးပွားရေးတိုးတက်တဲ့ ဥရောပက ရွာကလေးတွေလို တိုးတက်စေချင်ပါဘိတောင်း။ တစ်ရွာလုံးက လျှပ်စစ်မီး အသုံးမပြုနိုင်သေးတဲ့ အိမ်တွေကို လျှပ်စစ်မီးရစေချင်တယ်။ အိမ်ပေါက်စေ့ ကို ပိုက်တွေသွယ်တန်းပြီး သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိစေချင်တယ်။ ရွာလမ်းမတွေကို ကတ္တရာလမ်းတွေ အဖြစ်ပြောင်းလဲ ပစ်ချင်တယ်။ ကျွန်တော်စာသင်ကြားခဲ့တဲ့ အလယ်တန်းကျောင်းကလေးကို ဒီ့ထက် ပိုပြီး အဆင့်မြင့်အောင် စွမ်းဆောင်ပေးချင်တယ်။ ရွာက ကလေးတွေကို ကျွန်တော်သိထားတဲ့ ပညာရပ်တစ်ချို့ကို မျှဝေပေးချင်မိတယ်။ ရွာသားတွေအားလုံး မျက်စိပွင့်၊ နားပွင့် ခေတ်မီမီ ကမ္ဘာကြည့်ကြည့်မြင်စေ့ချင်တယ်။ ကျွန်တော့် ရွာဟာ နဂိုကတည်း က စံပြရွာတစ်ရွာဖြစ်ပြီးသားပါ။ ဆေးပေးခန်းရှိတယ်။ ခြံဝင်းလေးတွေနဲ့ ရေလောင်းအိမ်သာများနဲ့ စာသင်ကျောင်းနဲ့ မြို့နဲ့လည်း အလှမ်းမဝေးလှလို့ အတန်အသင့် ခေတ်မီတိုးတက်တယ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က ၈၀ံ(ရှစ်ဆယ်ဒီဂရီမြေ) လို့ အပြောင်အပြက် ခေါ်တဲ့ နီကျင်ကျင် ဂ၀ံ မြေသားလမ်းတွေဟာ ခုအခါမှာ ကျောက်ချောလမ်းတွေ အဖြစ်တိုးတက် လာခဲ့ပါပြီ။ ယခင်က ရေနံဆီမီးခွက်ကို သုံးရတဲ့ အိမ်တစ်ချို့ဟာ ခုအခါမှာ လျှပ်စစ်မီးသုံးနေကြရပြီဖြစ်ပါတယ်။ ရွာရဲ့ တိုးတက်မှု တွေ မြင်ရတိုင်း ကြည်နူးပီတိ ဖြစ်မိတယ်။ ခွန်အားဖြစ်မိတယ်။ ကျွန်တော် ရွာနဲ့ မိုင်ပေါင်းများစွာ ဝေးတဲ့ နေရာရောက်နေပေမဲ့  ရွာက ကညင်ပင် နဲ့ မီးစက်ကို အင်တာနက်ထဲက ဂူဂယ်မြေပုံပေါ်မှာ ရှာမိတုန်းပါပဲ။ လက်ဝဲသုန္နရအမတ်ကြီးလို "သည်တွင် ရွှေမြို့၊ သည်သို့ စေတီ၊ သည်ဆီ ရွှေနန်း" မျှော်ကာရမ်း လွမ်းရတုန်းပါပဲ။ ဂူဂယ်မြေပုံပေါ်မှာ ကျွန်တော့်ရွာကို ရှာတွေ့တိုင်းလဲ ဘယ်တော့မှ ကြည့်လို့ဝတယ်လို့ မရှိလှဘူး။ ဟိုကလေးဘ၀က နာဂ၀ီသတောင်တန်းပေါ်ကနေ လှမ်းမျှော်ရှာဖွေလို့ တွေ့ရတဲ့ ခံစားမှု အတိုင်း ထပ်တူခံစားရတုန်းပါပဲ။ ကြည်နူးစိတ်နဲ့၊ လွမ်းဆွတ် မျက်ရည်ဝဲရတုန်းပါပဲ။ အိမ်ပြန်ရောက်သွားသလို ခံစားရဆဲ။ စိတ်လှုပ်ရှားပျော်ရွင်ရဆဲ။ ဂုဏ်ယူရဆဲ။ နွေးတွေး လုံခြုံသွားသလို ခံစားရဆဲပါပဲ။ တခါတခါတော့လည်း ယုန်နားရွက်လို အတောင်ကလေး နှစ်ဘက်ပါတဲ့ ဝေ့ကာဝိုက်ကာ လေဟုန်စီးပြီး ကြွေကျတတ်တဲ့ ကညင်သီးကလေး ဖြစ်ချင်သားပဲ။ ကညင်သီးသာဖြစ်ခွင့်ရခဲ့ ရင် ကျွန်တော့်ဇာတိမြေရှိရာကို လွမ်းတိုင်း လေဟုန်စီးပြီး ပြန်မိမှာပဲ။ ဒါ ကျွန်တော့်ကို မွေးဖွားခဲ့တဲ့ ကျွန်တော့် ဇာတိမြေကို ချစ်မြတ်နိုးစိတ်လို့ အမည်တပ် မယ် ဆိုရင် ကျွန်တော့်ကို ပိုရန်ကောလို့ အပြစ်မဆိုကြပါနဲ့ဗျာ….။ ဘာကြောင့်လဲဆိုတော့ ဇာတိသွေး၊ ဇာတိမာန်ဆို တာ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်မြေကိုယ့်ရေကို ချစ်တဲ့စိတ်မှာ မြစ်ဖျားခံလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်ကဗျာဆရာကြီး Sir  Walter Scott က

Breathes there the man with soul so dead,

Who never to himself hath said

This is my own my native land!

လို့ ဖွဲ့ဆိုခဲ့တာ ဖြစ်ပေလိမ့်မယ်။

 

ဆက်လက်ဖတ်ရှုရန်

Wednesday, April 6, 2011

အမေရိကန်တို့ တရုတ်ထံမှ သင်ယူစရာ အချက် ၅ ချက်

အာသီသ

            ကျွန်တော်တို့၏ အိမ်နီးချင်း တရုတ်နိုင်ငံ စီးပွားရေးတိုးတက်မှုကို ပြည်တွင်း၊ ပြည်ပစာနယ်ဇင်းများတွင် ဋီကာချဲ့ကာ တခမ်းတနား အရေးပေးဖော်ပြလာကြသည်။ တရုတ်စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးရာများ ကို ရှုထောင့်ပေါင်းစုံမှ သုံးသပ်ရေးသားသော စာအုပ်များ ပလူပျံ ထွက်လာကြသည်။ အဆိုးမြင်ရေးသည်လည်းရှိသည်။ အကောင်း မြင်ရေးသည် လည်းရှိသည်။ မည်သို့ဆိုစေ အိပ်ပျော်နေသော အာရှကာလနဂါးကြီးကတော့ ပုတ်နှိုးခံလိုက်ရပြီ။ တရုတ်သည် ကမ္ဘာ့စီးပွားရေး ဒုတိယဦးဆောင်နိုင်ငံ ဖြစ်လာသည်။ နောင် ၂၇ နှစ်ကြာလျှင် တရုတ်သည် အမေရိကန်ကို ကျော်လွန်၍ ကမ္ဘာ့ထိပ်တန်းစီးပွားရေး နိုင်ငံ ဖြစ်နိုင်ဖွယ်ရှိသည်ဟု ဟောကိန်းထုတ်နေကြသည်။ တရုတ်၏ စီးပွားရေးတိုးတက်မှု၊ ကမ္ဘာ့ဇာတ်ခုံပေါ် ၎င်း၏သြဇာအာဏာကြီးထွားလာမှုတို့သည် အားကျစရာ ကောင်းလှသည်။ အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံလို ကမ္ဘာ့တတိယနိုင်ငံများအတွက် တရုတ်သည် စံနမူနာယူစရာ၊ သင်ခန်းစာ ယူစရာကောင်းလှသည်။ ကျွန်တော်တို့လို တတိယကမ္ဘာ့နိုင်ငံများကို အသာထား၊ စီးပွားရေးကျဆင်းနေသည့် တစ်ခုတည်းသော ကမ္ဘာ့အင်အားကြီး အမေရိကန်ပင် တရုတ်တို့ထံမှ သင်ယူလေ့လာသင့်ကြောင်း TIME မဂ္ဂဇင်းဆောင်းပါးရှင် Bill Powell က ထောက်ပြထားသည်။

"Experience is the best teacher, but it can be expensive if you are learning from your own mistakes. It is better to learn from the mistakes of others."

Warren Buffet

အထက်ပါအဆိုအမိန့်သည် ရင်းနှီးမြှုပ်နှံမှု နှင့် စတော့ သူဌေးကြီး Warren Buffet ၏ အဆိုအမိန့်ထဲက တစ်ခု ဖြစ်သည်။ မှန်ပါသည်။ သူတစ်ပါးအတွေ့အကြုံ၊ တစ်ပါးသူ၏ အမှားမှ သင်ခန်းစာယူခြင်း သည် ပညာရှိတို့၏ အရာဖြစ်သည်။ ကိုယ်တိုင်မှားမှ သိပါက လူမိုက်ဖြစ်သည်။ ပေးဆပ်ရသည့် အရင်း အနှီးလည်း များလှသည်။ ထို့ကြောင့် တရုတ်တို့ ဘာကြောင့် ဤမျှ တိုးတက်လာကြသလဲ၊ အမေရိကန်တို့ ဘာကြောင့် ဆုတ်ယုတ်ကျဆင်းနေသလဲ စသည့် သင်ခန်းစာများကို ထုတ်ယူဆင်ခြင်နိုင်စေရန် 5 Things the U.S. Can Learn from China ဆောင်းပါးကို ဘာသာပြန်ဆိုရန် အာသီသဖြစ်မိပါသည်။ ဆောင်းပါးရှင်က တရုတ်တို့ထံမှ အမေရိကန်တို့ သင်ယူစရာများကို အမေရိကန် တို့၏ ရှုထောင့်မှ ကြည့်၍ ရေးထားသော်လည်း ကျွန်တော်တို့ မြန်မာစာရှုသူများအနေဖြင့် တရုတ်ဘက်ရော အမေရိကန်ဘက်မှပါ သင်ခန်းစာယူ ဆင်ခြင်ဖတ်ရှုကြလျှင် ပို၍ အကျိုးများလိမ့်မည် ထင်ပါသည်။

အမေရိကန်တို့ တရုတ်ထံမှ သင်ယူစရာ အချက် ၅ ချက်

            ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့က ကမ္ဘာ့သက်တမ်းအနုဆုံးနိုင်ငံများထဲက တစ်ခုဖြစ်သည့် အမေရိကန်နိုင်ငံ၏ ငယ်ရွယ်သော ခေါင်းဆောင် သမ္မတ ဘရက်ခ် အိုဘားမားသည် ကမ္ဘာ့ရှေးအကျဆုံးနိုင်ငံများအနက် တစ်ခုအပါအ၀င်ဖြစ်သော တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် အလည်အပတ်ခရီးကို စတင်ခဲ့သည်။ အိုဘားမား နှင့် တရုတ်သမ္မတ ဟူဂျင်းတောင် တို့တွင် ဆွေးနွေးစရာ အကြောင်းအရာ များစွာရှိနေသည်။ အီရန် နှင့် မြောက်ကိုရီးယား နျူလက်နက်အရေး၊ တရုတ်၏ တိုးမြင့်လာသော စစ်သုံးစရိတ်၊ ကုန်သွယ်ရေး မညီမျှမှု၊ ရာသီဥတုပြောင်းလဲမှု။

            သို့သော် ဤအလည်အပတ်ခရီးစဉ်သည် အမေရိကန်အတွက် ခွတီးခွကျ ကာလ၌ ကျရောက်နေသည်။ နှစ်ပေါင်း ၅၀၀၀ ရှည်လျားသော သမိုင်းကြောင်းချီလင့်ကစား တရုတ်နိုင်ငံသည် အကောင်းမြင်ဝါဒ၊ လက်တွေ့စမ်းသပ်မှု နှင့် ကြီးထွားတိုးတက်မှုတို့၏ မောင်းနှင်အားအဖြစ် ပေါ်ထွက်လာခဲ့သည်။ တရုတ်သည် ကမ္ဘာ့စီးပွားရေးထိုင်းမှိုင်းမှုကို တင်းခံနိုင်ခဲ့သည်။ ကမ္ဘာ့ဇာတ်ခုံပေါ်က ၎င်း၏ သြဇာတိက္ကမသည် တစ်ခါမှ ဤမျှ တန်ခိုးမထွားခဲ့ဖူးချေ။ ဆန့်ကျင်ဘက်အားဖြင့် အမေရိကန်သည် ရုတ်တရက် အိုမင်းချည့်နဲ့လာပုံရသည်။ အမေရိက၏ အမျိုးသားရေးစိတ်ဓာတ်သည် ယောင်ချာချာ ဖြစ်နေဆဲ ဖြစ်သည်။ အမေရိက၏ စီးပွားရေးယိုယွင်းမှု၊ အနီနှင့်အပြာ နိုင်ငံရေးအားပြိုင်မှုသည်လည်း ယခင်လို တူးတူးခါးခါး ဖြစ်နေဆဲ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့သက်တမ်းအရင့်ဆုံး အရင်းရှင်နိုင်ငံထဲက တစ်နိုင်ငံဖြစ်ပြီး၊ တရုတ်နိုင်ငံမှာ သက်တမ်းအနုဆုံး အရင်းရှင်နိုင်ငံများ အနက် တစ်နိုင်ငံ ဖြစ်သည်။ သို့သော်လည်း အိုဘားမားက သမ္မတဟူအနားကပ်၍ "သမ္မတကြီးတို့ ဒီလိုဖြစ်လာအောင် ဘာတွေလုပ်ပါသလဲ" ဟုမေးခွန်းထုတ်ခြင်းအတွက် အိုဘားမားအား အပြစ်မတင်သင့်ပေ။

            နွမ်းနယ်နေသည့် တစ်ခုတည်းသောကမ္ဘာ့အင်အားကြီး နိုင်ငံသည် တရုတ်ထံမှ တစ်စုံတစ်ရာကို အမှန်တကယ် သင်ယူနိုင်ပါသလား။ ဤမေးခွန်းသည် နိုင်ငံရေးအရ မှားယွင်းသော မေးခွန်းသာ ဖြစ်သည်။ တရုတ်သည် တစ်ပါတီ အာဏာရှင်နိုင်ငံဖြစ်သည်။ တရုတ်ကွန်ုမြူနစ်ပါတီသည် ၎င်း၏ သြဇာကြီးစိုးရေး အတွက် စိန်ခေါ်မှုမှန်သမျှကို ရက်ရက်စက်စက် ကိုင်တွယ်သုတ်သင်လေ့ရှိသည်။ နှိုင်းယှဉ်မှုအရ ပြောရလျှင် တရုတ်နိုင်ငံသည် ရင်ဆိုင်ဖြေရှင်းစရာ ပြဿနာကြီးများ၊ အကျင့်ပျက်ခြစားမှုများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဆင့်အတန်းနိမ့်ကျမှုများနှင့် ဆင်းရဲသော ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံအဖြစ် နောက်ကျကျန်ရစ်နေဆဲ ဖြစ်သည်။ ဤအချိန်သည် အမေရိကန်ပြည်ထောင်စုအတွက် နှိမ့်ချအောက်ကျို့ရမည့် အချိန်အခါ ဖြစ်ပြီး တရုတ်နိုင်ငံသည် အရေးကြီးသော ကိစ္စတစ်ချို့ကို မှန်မှန်ကန်ကန် လုပ်ဆောင်နေသည်။ တရုတ်တို့၏ စံနမူနာမှ ဘာကို လေ့လာသင်ယူနိုင်မလဲ ဟု အမေရိကန်တို့က တရုတ်တို့အား မေးခွန်းထုတ်ကြမည်ဆိုပါက ကန်တို့၏ လုပ်ရပ်များ မှန်၏ မှား၏ နှင့် ပတ်သက်သော အမြင်တစ်ချို့ကို မလွဲမသွေ ရရှိကြပေမည်။ အောက်ပါတို့သည် တရုတ်နိုင်ငံအောင်မြင်မှု မှ ထုတ်ယူထားသော သင်ခန်းစာ ငါးခု ဖြစ်ပါသည်။

သင်ခန်းစာ (၁) ရည်ရွယ်ချက်ကြီးမားပါစေ။

            နွေရာသီ တစ်နေ့သ၌ အင်တယ်လ် ကုမ္ပဏီ၏ ဒုဥက္ကဌ ရှောင်မယ်လိုနီ သည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၌ ချိန်းဆိုထားရာ နေရာတစ်ခု မှ တစ်ခုသို့ အသစ်စက်စက် တည်ဆောက်ကာစ အဝေးပြေးလမ်းမကြီးများပေါ်ဝယ် ဗင်ကားတစ်စီးဖြင့် လူးလာခေါက်တုံ့ ပြေးလွှားသွားလာရင်း ကမ္ဘာ့အကြီးဆုံး ဆောက်လုပ်ရေးစီမံကိန်းတစ်ခု ကို ကားပြတင်းမှ လှမ်းငေးကြည့် လိုက်မိသည်။ ထိုစီမံကိန်းသည်ကား တရုတ်နိုင်ငံကတည်ဆောက်နေသည့် နိုင်ငံအနှံ့ မိုင် ၁၀ ၀၀၀ (ကီလိုမီတာ ၁၆ ၀၀၀) ဖြန့်ကျက်ထားသော မြန်နှုန်းမြင့် ရထားလမ်းကွန်ယက် တည်ဆောက်ရေးစီမံကိန်းပင် ဖြစ်သည်။ ကွန်ကရစ်ဒေါက်တိုင်များ တစ်ခုနှင့်တစ်ခု ၂၄၆ ပေ (၇၅ မီတာ) စီခြား၍ ထောင်ထားသည် ကို မျက်စိတစ်ဆုံးတွေ့ရသည်။ ကွန်ကရစ်ဒေါက်တိုင်တစ်ခုစီသည် သံမဏိကြိုးများ ဖြည့်ထားပြီး၊ တန် ၈၀၀ မျှ အလေးချိန်ရှိသည်။ "တို့လည်း ဒီလိုဟာတွေ ဆောက်ခဲ့ကြတာပဲ" မာလိုနီက သူ့ဘာသာ တွေးကာ ကောက်ချက်ချသည်။ "ဒါပေမဲ့ ခုဟာက တစ်ခုခု လုပ်ကြတိုင်း ကောင်းရင်ငါ့တာ၊ မကောင်းရင်သူ့ကြောင့် ချည်းဖြစ်နေတယ်။ ခု ဒီမှာတော့ ကောင်းရင်သူ့တာ မကောင်းရင် ငါ့တာ သဘော ပိုဆန်နေတယ်။ ဒီမှာတော့ နေရာတကာ အချိန်အရွေး အလုပ်ဖြစ်နေတာပဲ" ဟု မာလိုနီက အရွှန်းဖောက်သည်။

            အမေရိကကို အကြပ်ရိုက်စေသည်မှာ ကောင်းရင်ငါ့တာ၊ မကောင်းရင် သူ့တာ ဟူသော တပါးသူကိုလက်ညှိုးထိုးအပြစ်တင်ဝါဒ သက်သက်ကြောင့်သာ မဟုတ်ပါ။  အမေရိကန်သည် ယခုနှစ် ဘက်ဂျက်လိုငွေပြမှုဖြင့် ဘဏ္ဍာရေးရိုက်ခတ်မှုကို ခံရလုနီးပါး ဖြစ်နေသည်။ ၂၀၁၀ ခုနှစ်၌ ဘက်ဂျက်လိုငွေပြမှု မှာ တစ်ထရီလျံဒေါ်လာကျော်နိုင်ပြီး၊ ၂၀၁၉ ခုနှစ်ဝန်းကျင်တွင် ဒေါ်လာ ၅၀၀ ဘီလျံအထက်တွင် ဆက်လက် ရှိနေဦးမည်ဟု ကြိုတင်ဟောကိန်းထုတ်ထားကြသည်။ သို့သော် အမေရိကန်နိုင်ငံသည် အနာဂတ်ရင်းနှီးမြှုပ်နှံမှု နှင့် အနာဂတ်အပေါ်အမြင်များ၏ အရိုက်အပုတ်ကို တခါတရံ ခံနေရပုံပေါ်သည်။

            တရုတ်သည် ၎င်း၏ ဖွံ့ဖြိုးမှုအဆင့်နှင့် စာပါက မြန်နှုန်းမြင့်ရထားလမ်းများကဲ့သို့သော ကုန်ကျစရိတ်ကြီးမြင့်သောအရာများအတွက် ပုံအောသုံးစွဲလွန်းအားကြီးနေသည်ဟု အချို့စီးပွားရေးပညာရှင်များက ထင်မြင်ကြသည်။ သို့တစေ အခြေခံအဆောက်အအုံစီမံကိန်းများကို အချိန်ယူ၍ အေးအေးဆေးဆေး သုံးသပ်စဉ်းစားခြင်း၊ ရင်းနှီးမြှုပ်နှံဖို့လိုမလို အငြင်းပွားမှုများ၊ တရုတ်နိုင်ငံ၌ ထင်သာမြင်သာမှုရှိမရှိစသည်တို့သည် ထိုးမည့်ဆင်နောက်တစ်လှမ်းဆုတ်ဆိုသကဲ့သို့ ရှေ့သို့ရွေ့မည့်အဓိပ္ပာယ်၊ အားယူသည့် အဓိပ္ပာယ် ဖြစ်သည်။ ဤအချက်ကို မည်သည့်နိုင်ငံခြားသားမှ ငြင်းလိမ့်မည်မဟုတ်ပေ။ တရုတ်တို့က ဤအချက်ကို မမှိတ်မသုန် ယုံကြည်ထားသည်။ အောက်တိုဘာလအတွင်း ရှန်ဟိုင်း ဆင်ခြေဖုန်းရပ်ကွက်တစ်ခု၌ အသစ်စက်စက် ခြောက်လမ်းသွားလမ်းမကြီးကို ဖွင့်လှစ်ခဲ့စဉ်က ရွှေ့ပြောင်းအလုပ်သမားများကို  မြို့တွင်းနှင့် ၎င်းတို့နေထိုင်ရာမြို့နယ်များသို့ လွန်းထိုးပြေးဆွဲပေးနေသော ဇွန်လီပင်း (Zhong Li Ping) ဆိုသူက "ဒီလမ်းစီမံကိန်း ဘာကိစ္စ ဒီလောက်ကြာမှ ပြီးတာလဲ မသိပါဘူး" ဟုဆိုသည်။ အမှန်စင်စစ် ဤအဝေးပြေးလမ်းတည်ဆောက်ရေးကာလမှာ နှစ်နှစ်သာကြာသည်။ ဤကာလသည် အမေရိကန်၌ အဝေးပြေးလမ်းသစ်ဖောက်လုပ်ရေးအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နှင့် အခြားလုပ်ရိုးလုပ်စဉ် ခွင့်ပြုချက်ပါမစ်များရရှိရန် အကြမ်းဖျင်းစောင့်ရသည့် ကာလလောက်သာ ကြာသည်။

            "လုပ်ကိုလုပ်နိုင်ရမယ်" (Can-do spirit) ဆိုသည့် စကားအတွက် တရုတ်ဘာသာစကား၌ တိုက်ရိုက်အဓိပ္ပာယ်ပြန်ဆိုချက်မရှိသော်လည်း ယုန်ဝမ်ဇီကီအန်(yong wang zhi qian) ဟု ဘာသာပြန်လျှင် သင့်တော်ကောင်းသင့်တော်ပါလိမ့်မည်။ ၎င်း၏ လုံးကောက် အဓိပ္ပာယ်မှာ "ရဲရဲဝံ့ဝံ့ ရှေ့သို့ ချီတက်" ဟု အနက်သက်ရောက်သည်။ တရုတ်တို့၌ လုပ်ကိုလုပ်နိုင်ရမယ် ဟူသော စိတ်ဓာတ်သည် မဖောက်မပြန် အမြဲကိန်းအောင်းနေသည်။ အမေရိကန်တို့က ထိုစကားရပ်ကို ကောင်းကောင်း ရင်းနှီးပြီးသား။ သူတို့ကိုယ်တိုင် ထိုစကားကို တီထွင်ခဲ့သည်။ ထိုစကားအား အမေရိကန်တို့ကို အဓိပ္ပာယ်ဖွင့်ဆိုရန် သုံးနှုန်းကြသည်။

            တရုတ် အာဏာရှင်အစိုးရကို ဝေဖန်သူများက ထိုစနစ်ကို "ရအောင်လုပ်၊ မလုပ်နိုင်လို့ကတော့.." (Can do – or else) ဟု ခေါ်လျှင်ပိုသင့်တော်မည်ဟု ဆိုကြပေလိမ့်မည်။ ဝေဖန်သူတို့၌ ရည်ရွယ်ချက်ရှိသည်။ တရုတ်အစိုးရ၏ အာဏာရှင်ဆန်ဆန်ပုံစံကို အတုယူမွေးစားသင့်သည်ဟု ဆိုလျှင် အမေရိက၌ မည်သူမျှ ငြင်းကြမည်မဟုတ်ပေ။ ၁၉၉၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်းက ဟူဘေးခရိုင်၌ တရုတ်အစိုးရ လုပ်ခဲ့သလို အမေရိကန်သည် ရေကာတာကြီးများတည်ဆောက်ရေးအတွက် လူထောင်ပေါင်းများစွာကို အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းစရာ မလိုပေ။ (အပြန်အလှန် စစ်ဆေးထိန်းကျောင်းမှု၏ တန်ဖိုးသည် စင်စစ် အမေရိကန်တို့ တရုတ်ထံမှ သင်ယူစရာများစွာထဲမှ တစ်ခု ဖြစ်သည်။) သို့ဖြစ်လင့်ကစား အမေရိကန်ပြည်ထောင်စုအနေနှင့် မည်မျှ ထိထိရောက်ရောက်တိုးတက်လာသလဲ ဆိုသည်ကို ပြသရန်၊ ရည်ရွယ်ချက်ကြီးမားသော စီမံကိန်းများကို အကောင်အထည်ဖော်ရန် အမေရိကန်တို့အနေဖြင့် ပါတီဝင်ကဒ်ပြားကိုင်ဆောင်ထားသော ကွန်မြူနစ်များဖြစ်ရန် မလိုပေ။ ဥပမာ ဂျိမ်းစ် မက္ကဂရီဂေါ် (James McGregor) ဆိုပါစို့။ သူသည် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် ကူးသန်းရောင်းဝယ်ရေးအဖွဲ့၏ ဥက္ကဌဟောင်း တစ်ဦးဖြစ်သည်။ ယခုအခါ တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံအတွက် ၎င်း၏ အချိန်ကို ဝေမျှပေးကာ စီးပွားရေးအတိုင်ပင်ခံ အဖြစ် ဆောင်ရွက်နေသည်။ "ကျုပ်တို့ တရုတ်ဆီကသင်ယူရမယ့် အဓိကအချက်ကတော့ ရည်မှန်းချက်ချမှတ်ခြင်း၊ အစီအစဉ်ဆွဲခြင်း၊ အမျိုးသားနိုင်ငံတော်အဖြစ် နိုင်ငံကို ရှေ့သို့ ရွေ့စေဖို့ အာရုံစိုက်ခြင်း တွေပဲ… ဒီလူတွေဟာ(တရုတ်တွေ) ငါးနှစ်တာအစီအမံဟောင်းကို ချမှတ်ထားပြီး၊ ဒီအစီအမံတွေကို ခေါင်းထဲ အမြဲထည့်ထားတယ်…ဘယ်စက်ရုံအတွက် ဘာကုန်ကြမ်းတွေ ရအောင်လုပ်ရမလဲ၊ ဘာထွက်ကုန်တွေ ထုတ်ရမလဲ၊ ဘယ်လိုတန်ဖိုးသတ်မှတ်မလဲ၊ ဘယ်မှာရောင်းမလဲ ဆိုတာတွေကို ဆုံးဖြတ်ဖို့ထက် သူတို့အစီအစဉ်ထဲမှာ ကမ္ဘာ့အဆင့်မီ စီလီကွန်ပြားစက်ရုံကို ငါးနှစ်အတွင်း ဘယ်လိုတည်ဆောက်ကြမလဲ၊ ကားထုတ်လုပ်ရာမှာ ကမ္ဘာ့ဦးဆောင်နိုင်ငံဖြစ်အောင်ဘယ်လို လုပ်ကြမလဲ ဆိုတာတွေကို အဓိက ထားကြတယ်…" ဟု ဂျိမ်းစ် မက္ကဂရီဂေါ်က ဆိုသည်။

            ဤသည်တို့မှာ လျင်မြန်စွာတိုးတက်လာသော နိုင်ငံကြီးတစ်နိုင်ငံ၏ ခေတ်မီအောင်ပြုခြင်း ဖြစ်စဉ်တစ်စိတ်တစ်ဒေသ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် အင်တယ်လ်(Intel) ကုမ္ပဏီ၏  မာလိုနီ (Maloney) ဆိုခဲ့သလို "ကောင်းရင်သူ့တာ မကောင်းရင် ငါ့တာ" နိုင်ငံတစ်နိုင်ငံသာ မဟုတ်ခဲ့ပါက ၁၉ ရာစုနှောင်းပိုင်း အမေရိကန်နိုင်ငံသည် ဘာမှ ဖြစ်လာခဲ့မည်မဟုတ်ပေ။ အမေရိကန်သည် ရည်မှန်းချက်ကြီးမားခဲ့သည်။ တိုးတက်ဖြစ်ထွန်းမှုဟု လှိုက်လှိုက်လှဲလှဲ မြတ်မြတ်နိုးနိုး ခေါ်ခဲ့ကြသည့်အရာ အတွက် စိတ်အားထက်သန်မှုကို အမေရိကအား ပြန်လည်ဆောင်ကြဉ်းပေရန် လျှို့ဝှက်ပုံသေနည်းဟူ၍ မရှိပါ။ သို့တစေ အမေရိကသည် ရင့်ကျက်သော ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည့်တိုင်အောင် ထိုက်ထိုက်တန်တန် အလေးပေးမခံရသော အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုများ ရှိနေသည်။ ယခုနှစ် စီးပွားရေးလှုံ့ဆော်မှုကမ်းလှမ်းချက်ကို လည်း  ဤနည်းနှင်နှင် ထပ်မံကျူးလွန်ခဲ့ပုံရသည်။ ၂၀၀၉ ခုနှစ်စောပိုင်း၌ ကွန်ဂရက်လွှတ်တော်က ချပေးခဲ့သည် စီးပွားရေးလှုံ့ဆော်မှု ငွေစာရင်း ၏ ၇၈၇ ဘီလျံဒေါ်လာအနက် ၁၄၄ ဘီလျံဒေါ်လာသာ အခြေခံအဆောက်အအုံအသုံးအရိတ်ဆီသို့ တိုက်ရိုက်ရောက်သည်။ စီးပွားရေးအတိုင်ပင်ခံ IHS ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ သုံးသပ်ချက်အရ အမေရိကသည် နောင်ငါးနှစ်အတွင်း အိုမြင်းဟောင်းနွမ်းနေသော အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ရေးအတွက် ၁.၆ ထရီလျံဒေါ်လာ ရင်းနှီးမြှူပ်နှံသင့်သည်ဟု အမေရိကန် အင်ဂျင်နီယာများအသင်းက အခိုင်အမာ တင်ပြလာသည့်အခါ၊ အစိုးရဘက်ဂျက်အခြေအနေကို ထည့်သွင်းစဉ်းစားရသည့်အခါ အမေရိကန်၏ ပို့ဆောင်ရေးအခြေခံအဆောက်အအုံအတွက် အသုံးစရိတ်သည် ၂၀၀၉ ခုနှစ်တွင် ယေဘုယျအားဖြင့် ကျဆင်းသွားဖွယ်ရှိသည်။

            ဆန့်ကျင်ဘက်အားဖြင့် တရုတ်နိုင်ငံကို ယမန်နှစ် စီးပွားရေးအကျပ်အတည်းဂယက် ရိုက်ခတ်ခဲ့စဉ်က ပီကင်းကအတည်ပြုပေးခဲ့သည့် အရေးပေါ်အသုံးစရိတ်ထက်ဝက်နီးပါး (နှစ်နှစ်အတွင်း ဖြန့်ဝေသုံးစွဲခဲ့သည့် ၅၈၅ ဘီလျံဒေါ်လာ) ကို တရုတ်၏ အခြေခံအဆောက်အအုံတည်ဆောက်ရေး အရှိန်အဟုန် မြှင့်တင်ပေးခဲ့သည့် စီမံကိန်းများအတွက် တိုက်ရိုက်သုံးစွဲခဲ့သည်။ "အဲဒီငွေလုံးငွေရင်းတွေဟာ တကယ့်စီးပွားရေးထဲ အလျင်အမြန် စီးဝင်သွားတာကိုး" ဟု နိုင်ငံတကာ ငြိမ်းချမ်းရေးအတွက် ကာနက်ဂျီ ငွေပဒေသာပင် ရံပုံငွေအဖွဲ့ ၏ စီးပွားရေးပညာရှင် အဲလ်ဘတ် ကီဒယ် (Albert Kiedel) က မှတ်ချက်ချသည်။

            ဤအသုံးစရိတ်မှာ တရုတ်ပြည်ကို ကြီးထွားဖွံဖြိုးစေခဲ့သည့် လမ်း၊ တံတား နှင့် မြန်နှုန်းမြင့်ရထားလမ်းကွန်ယက်များအတွက် အရေးပေါ်အသုံးစရိတ်သာ မကသေးပါ။ ပီကင်းရှိ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Tsing Capital မှ အထွေထွေစီးပွားရေးလုပ်ငန်းရှင် ပက်ထရစ် တမ် (Patrick Tam)က တရုတ်အစိုးရသည် ဘဘာဝပတ်ဝန်းကျင်နှင့်အံဝင်ခွင်ကျ ဖြစ်မည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးကို ရက်ရက်ရောရော မြေတောင်မြှောက်အားပေးကူညီခဲ့သေးသည် ဟုဆိုသည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံ၏ အကြီးဆုံးမြို့ကြီး ၁၃ မြို့၌ နောင်ငါးနှစ်အတွင်း ရာနှုန်းပြည့် လျှပ်စစ်သုံး ဘက်စ်ကားများ ရှိလာမည် ဖြစ်သည်။ "တရုတ်ဟာ လျှပ်စစ်သုံးယာဉ်ထုတ်လုပ်ငန်းကို တဖြည်းဖြည်း လွှမ်းမိုးသွားဖို့ ရှိနေတယ်…ဘာလို့လဲဆိုတော့ ဒီလိုဖြစ်လာဖို့အတွက် ဗဟိုအစိုးရမှာ အကြံဥာဏ်ရော ဓနအင်အားပါ ရှိတယ်…" ဟု တမ်က ပြောပါသည်။ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်၊ ကယ်လီဖိုးနီးယားတက္ကသိုလ် နှင့် ဘာကလေ တက္ကသိုလ်တို့ မှ ဘွဲ့ရတစ်ဦးဖြစ်သည့် တမ် က "ကျွန်တော် ဒီဘက်ခေတ်မှာ စီလီကွန်တောင်ကြားမှာထက်စာရင် ပီကင်းမှာပဲ စီးပွားရေးလုပ်မယ်…ဘာလို့တုန်းဆို တရုတ်ဟာ ဒီလုပ်ငန်းသစ်တွေ မကြာမီ ထွန်းကားလာမယ့် နေရာဖြစ်တယ်ဆိုတာ ကျွန်တော်ယုံလို့ပဲ…ဒါတွေလုပ်ဖို့ တရုတ်မှာ စွမ်းအင်ရှိတယ်၊ မောင်းနှင်အားရှိတယ်၊ ဈေးကွက်ရှိတယ်…" ဟု သူ့အမြင်ကို ပြောပါသည်။ ဤစကားများသည်  အမေရိကန်ပြည်ထောင်စုနှင့်ပတ်သက်ပြီး စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်များ ပြောလေ့ရှိခဲ့သည့် စကားများ မဟုတ်ပါလား။

သင်ခန်းစာ (၂) ပညာရေး အရေးပါ၏။

            မကြာသေးမီ စနေနေ့လည်ခင်းတစ်ခုတွင် ရှန်ဟိုင်းမြို့လယ်က သားနားကောင်းမွန်သော စားသောက်ဆိုင်တစ်ဆိုင်၌ လီယူဇီ(Liu Zhi) သည် စားပွဲမှာထိုင်နေရင်း သွားချိန်တန်ပြီဟုယူဆသဖြင့် ဖင်တကြွကြွ ဂနာမငြိမ်ဖြစ်နေ၏။ သူ့ဘေးပတ်ပတ်လည်၌  ဆွေမျိုးတစ်စုသည် လီယူ့အဖိုးဖြစ်သူ အသက်ကြီးသော်လည်း ပေါ့ပါးဖျတ်လတ်သော၊ ရည်မွန်သော၊ ဆွေအုပ်မျိုးအုပ် ဖြစ်သူ လင်ရှုဇန် (Ling Shu Zhen) ၏ နှစ် ၉၀ ပြည့် မွေးနေ့အမှတ်တရ တွေ့ဆုံပွဲ အတွက် စုဝေးရောက်ရှိနေကြသည်။ သို့သော်လည်း လီယူမှာ သွားရတော့မည်။ အကြောင်းမှာ ကျောင်းသွားချိန်တန်နေ၍ ဖြစ်၏။ ယခင်စနေနေ့များမှာလုပ်နေကျအတိုင်း ယခုစနေမှာလည်း ကျူရှင်နှစ်ခု တက်ရဦးမည်။ သချာင်္ကျူတိုရီရယ်တန်း နှင့် အင်္ဂလိပ်စာ ကို ယူထားသည်။

            လီယူမှာ ၇ နှစ်အရွယ် ဖြစ်သည်။

            နိုင်ငံခြားသားတော်တော်များများ နှင့် တရုတ်လူမျိုး အချို့တို့က တရုတ်တို့ ပညာရေးအပေါ် စွဲလမ်းမှု ဆုံးခန်းတိုင်သွားပြီဟု ယူဆနေကြသည်။ တရုတ်ပညာရေးစနစ်သည် ကြက်တူရွေးစာအံ အလွတ်ကျက်စနစ်ကို အသားပေးသည်။ အလွတ်ကျက်ခြင်းသည် ကလေးများကို ရူးကြောင်ကြောင် ဖြစ်စေသည်။ ၇ နှစ်အရွယ်ကလေးငယ်တို့ သည် စနေနေ့လိုနေ့လယ်နေခင်း၌ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး နေသင့်သည် မဟုတ်ပါလား။ အလွတ်ကျက်စနစ်သည် စီးပွားရေးရှုထောင့်မှ ပြောရလျှင် လုပ်အားဈေးကွက်အတွက် ကလေးများကို အသင့်မဖြစ်စေသလို၊ စိတ်ခံစားမှုအရ အရွယ်ရောက်လာလျှင်လည်း အကျိုးမရှိနိုင်ပေ။ ထို့အပြင် ကျောင်းသားများအကြား ပြိုင်ဆိုင်မှုပြင်းထန်လာပါက အဂတိလိုက်စားမှုကို လည်း ဖြစ်စေသည်။

            ဝေးလံသီခေါင်သော လယ်သမားရွာများအထိ လက်လှမ်းမီသော ပညာရေးစနစ်တွင် ဆယ်စုနှစ်များစွာ ရင်းနှီးမြှုပ်နှံပြီးနောက် တရုတ်၏ စာတတ်မြောက်မှုနှုန်းသည် ၉၀ ရာခိုင်နှုန်းကျော်လာခဲ့သည်။ (အမေရိကန်ပြည်ထောင်စု၏ စာတတ်မြောက်မှု နှုန်းမှာ ၈၆ % ဖြစ်၏။) တရုတ်နိုင်ငံဆင်ခြေဖုံန်း၌ ကျောင်းသားများသည် စာဖတ်တတ်ရုံတင်မက သချာင်္၊ သိပ္ပံဘာသာရပ်များကိုလည်း သင်ရသည်။ ပီကင်းရှိ အမေရိကန်သံရုံး မစ်ရှင်အဖွဲ့ လက်ထောက်အကြီးအကဲဟောင်း ဖြစ်သူ ၀ီလျံမက္ကာဟီလ်း (William McCahill) က "အခြေခံအားဖြင့် သူတို့(တရုတ်တို့) က သချာင်္နဲ့သိပ္ပံဘာသာတွေမှာ အခြေခံကောင်းကြတယ်…တို့ဆီမှာလည်း သူတို့လို လုပ်ဖို့လိုတယ်…သူတို့ကလေးတွေဟာ တို့ကလေးတွေထက် အမြဲရှေ့ရောက်နေကြတယ်…" ဟု ဆိုသည်။

            တရုတ်တို့သင်ပေးနိုင်တာသည် အမှန်တရား၊ သစ္စာတရားဖြစ်သည်။ ထိုသစ္စာတရားသည် အမေရိကန်၌ ပြန်လည်ခေတ်စားလာသည်။ သို့သော် ထိုအမှန်တရားသည် တွန်းအားသုံး နေရဆဲဖြစ်သည်။ တရုတ်တို့သည် ၀ါယမစိုက်ထုတ်ရာ၊ အလုပ်လုပ်ရာ၌ အစားထိုးစရာ မရှိကြောင်း သိရှိနားလည်ထားကြသည်။ ထို့ထက်ပိုသည်မှာ တရုတ်ကလေးငယ်များသည် အလုပ်များစွာ လုပ်ကြရသည်။ အမေရိကန်ပြည်ထောင်စု၌ ပညာရေးဌာန၏ ၂၀၀၇ ခုနှစ် တိုင်းတာချက်အရ ၂၀၀၂ ခုနှစ် အတွင်းက ၁၀ တန်းကျောင်းသားများ၏ ၃၇ % သည် တစ်ပတ်လျှင် အိမ်စာအတွက် ၁၀ နာရီကျော် အသုံးပြုကြသည်ဟု ဖော်ပြထားသည်။ သိပ်မဆိုးလှပါ။ တကယ်တန်း ယခင်ကထက်စာလျှင် များစွာ တိုးတက်လာသည်ဟုပင် ဆိုရမည်။ (၁၉၈၀ ခုနှစ်များကဆိုလျှင် ကလေးများ၏ ၇ % သာ အပတ်စဉ် ၁၀ နာရီ အိမ်စာအတွက် သုံးကြသည်။) သို့သော် အာရှလူ့အသိုင်းအ၀ိုင်း အဖွဲ့၏ ၂၀၀၆ ခုနှစ်အစီရင်ခံစာအရ တရုတ်ကျောင်းသားများသည် သူတို့နှင့် သက်တူရွယ်တူ အမေရိကန်ကျောင်းသားများ သုံးသည့် အိမ်စာလုပ်ချိန်၏ နှစ်ဆကျော်ကို သုံးနေကြသည်။

            အကြောင်းအရင်းခံ တစ်စိတ်တစ်ဒေသမှာ မိသားစုပါဝင်ပတ်သက်မှုကြောင့် ဖြစ်သည်။ အဘိုး၏ မွေးနေ့ပွဲကို ခွာ၍ စနေနေ့ကျူရှင်သွားရသည့် ၇ နှစ်အရွယ် လီယူကိုပဲ ကြည့်ပါ။ မိဘနှစ်ပါးစလုံး အလုပ်လုပ်ကြရသည်။ ထို့ကြောင့် ကျောင်းမှ အိမ်ပြန်ရောက်တိုင်း သူ့ကို ဆီးကြိုမည့်သူ၊ ကျောင်းပြင်ပအလုပ် များတွင် ကူညီသူမှာ အဖိုးနှင့်အဖွား ဖြစ်သည်။ "ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ…သူနဲ့ရွယ်တူ အတန်းဖော်တွေလည်း ကျောင်းချိန်ပြီးရင် ဒီလိုပဲ အလုပ်လုပ်ရတာပဲ…"ဟု လီယူ့မိခင်က အရိုးခံအတိုင်း ပြောသည်။

            မှန်ပါသည်။ အမေရိကန်တက္ကသိုလ်ထွက် အကောင်းဆုံးကျောင်းသားများသည် ယေဘုယျအားဖြင့် တရုတ်ထိပ်တန်းတက္ကသိုလ်ကြီးများမှ ဆင်းသော သက်တူရွယ်တူကျောင်းသားများ နှင်နှင် ထူးချွန်ကြ၊ တီထွင်ဖန်တီးနိုင်စွမ်းရှိကြသည်ဟု တရုတ်ကော်ပိုရိတ်လုပ်ငန်းရှင်ကြီးများက ဆိုကြပေလိမ့်မည်။ သို့သော် ကျောင်းနေအရွယ် လူဦးရေသည် နိုင်ငံစီးပွားရေး ကျန်းမာသန်စွမ်းမှုအတွက် အခရာကျလှသည်။ ကာယလုပ်အားအပါအ၀င် ထူးချွန်ထက်မြက်သော၊ ပညာတတ်လူဦးရေများလေ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများ အကျိုးဖြစ်ထွန်းလေ ဖြစ်သည်။ စွန်ဦးတီထွင်လုပ်ငန်းရှင် တမ် ပြောခဲ့သည့် တရုတ်နိုင်ငံ နှင့် လျှပ်စစ်သုံးယာဉ်လုပ်ငန်း အကြောင်းကို မှတ်မိဦးမည်ထင်ပါသည်။ လျှပ်စစ်ကားဘက်ထရီ တိုးတက်ရေးလုပ်ဆောင်နေသည့် တစ်ခုတည်းသော ကုမ္ပဏီသစ် BDY Co. သည် ထူးချွန်သော အင်ဂျင်နီယာ ၁၀ ၀၀၀ ကို ခန့်ထားသည်။

            ဝေဖန်သူများ ထောက်ပြကြသကဲ့သို့ တရုတ်သည် နိုဘယ်လ်ဆုရှင်များစွာကို မမွေးထုတ်ပေးနိုင်ပါ (မမွေးထုတ်ပေးနိုင်သေးပါ)။ သို့သော်လည်း လုပ်သားအင်အား၏ အခြေခံပညာရေးဆိုင်ရာ ကျွမ်းကျင်လိမ္မာမှု သည် "ကမ္ဘာ့အလုပ်ရုံနိုင်ငံကြီး" ဖြစ်လာခြင်း၌ အခရာကျသော အချက်မဟုတ်ဟု မထင်လိုက်ပါနှင့်။ ဤသည်မှာ ဈေးပေါသော လုပ်အားကြောင့်သာမက၊ ကျွမ်းကျင်လိမ္မာသော လုပ်အားကြောင့်လည်း ဖြစ်သည်။ "ပစ္စည်းဆင်တဲ့ လုပ်သားဖြစ်ဖြစ်၊ အင်ဂျင်နီယာဖြစ်ဖြစ်၊ ကမ္ဘာ့အနှံ့က ဘယ်လုပ်အားတွေနဲ့မဆို တန်းတူ ဒါမှမဟုတ် ဒီ့ထက်သာတဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့ လုပ်သားအင်အားကို ကျွန်တော်တို့ ဒီမှာ ရှာနေတာပါ…." ဟု ရှန်ဟိုင်းမှ ဂျင်နရယ်မော်တာ ထိပ်တန်းအလုပ်အမှုဆောင် နစ်ခ် ရေလီ (Nick Reilly) က ပြောပါသည်။ "ဒါဟာ တရုတ်မိသားစုတွေရဲ့ ပညာရေးအရေးပါမှုကို အလေးထားရာကနေ စတာပဲ…ဒါကပဲ အစိုးရကို ကောင်းမွန်သင့်တော်တဲ့ ပညာရေးစနစ် ဖြစ်ထွန်းစေဖို့ ဖိအားပေးလိုက်တာပါ…." ဟု သူက ဆက်ပြောပါသည်။

            တရုတ်အစိုးရက ထိုဖိအားကို စိတ်ဝင်စားဖွယ်နည်းလမ်းများဖြင့် တုံ့ပြန်လိုက်သည်။ သချာင်္ နှင့် သိပ္ပံဘာသာရပ်သင် မူလတန်းပြဆရာများသည် ထိုဘာရပ်များဖြင့် ဘွဲ့ရထားသူများ ဖြစ်ရမည်ဟု အစိုးရက အခိုင်အမာ ထုတ်ပြန်ထားသည်။ (၇တန်းသချာင်္ဆရာ ထက်ဝက်အောက်သည် အမေရိကန်၌ သချာင်္အထူးပြုဖြင့် ဘွဲ့ရသူများ မဟုတ်ကြပါ။) ဆရာငယ်များကို လမ်းညွှန်ပြသပေးသည့် ဆရာဖြစ်သင်တန်း အစီအစဉ်များ နိုင်ငံအနှံ့အပြား၌ ရှိသည်။ နိုင်ငံတစ်ဝှမ်း အထက်တန်းသင်္ချာ သင်ရိုးများ ပြန်လည်ရေးဆွဲရေး ကြီးကြပ်မှုကော်မတီ၏ ပူးတွဲဥက္ကဌတာဝန်ယူထားသည့် ရှန်ဟိုင်းမြို့တရုတ်အရှေ့ပိုင်းပုံမှန်တက္ကသိုလ်၏ ဂုဏ်ထူးဆောင် သင်္ချာပါမောက္ခ ဇန် ဒျန်ဟောင် (Zhang Dianhou) က မကြာသေးမီက အပြောင်းအလဲသည် တကယ့်အစစ်အမှန်လောကအား အလေးပေးမှုကို ပိုမိုထင်ဟပ်နိုင်မည့် နိးဒါန်းအစဖြစ်သည်ဟု ဆိုသည်။ ဥပမာအားဖြင့် ကွန်ပျူတာ သိပ္ပံသင်တန်းများကို အထက်တန်းကျောင်းသားများအတွက် သင်္ချာသင်ရိုးထဲ ထည့်သွင်းပေးခဲ့သည်။ တရုတ်နိုင်ငံသည် ကျောင်းသားငယ်များအား အင်္ဂလိပ်စာနှင့် အခြားနိုင်ငံခြားဘာသာများ သင်ကြားပေးရေးကို အထူးအလေးထား အာရုံစိုက်နေသည်။ အကယ်၍ တရုတ်က ၎င်း၏ပညာရေးစနစ်ကို ကောင်းမွန်စွာ ပုံမှန် ပြုပြင်ထိန်းကျောင်းလိုသော ဆန္ဒသည် ယခုမှစ၍ နောင် အနှစ် ၂၀ ၌ ထိရောက်မှုမရှိနိုင်ဟု စာဖတ်သူအနေနှင့် ယူဆပါက၊ ထိုကိစ္စနှင့် ပတ်သက်၍ စာဖတ်သူနှင့် ၀မ်းမြောက်ဝမ်းသာ ဆွေးနွေးမည့်သူကား အစောပိုင်းကပြောခဲ့သည် ရှန်ဟိုင်းက ၇ နှစ်အရွယ် ကျောင်းသားကလေးပင် ဖြစ်သည်။ သူက အင်္ဂလိပ်လိုပင် ဆွေးနွေးပေလိမ့်ဦးမည်။

သင်ခန်းစာ (၃) သက်ကြီးရွယ်အိုများကို စောင့်ရှောက်ပါ။

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံကဲ့သို့ သက်ကြီးရွယ်အိုများအပေါ် ဆက်ဆံပုံခြင်းကွဲပြားခြားနားသော လူ့အဖွဲ့အစည်းနှစ်ခုကို ယှဉ်တွဲစဉ်းစားရသည်မှာ မလွယ်ရေးချမလွယ်။ မလွယ်ကြောင်း ကိုယ်တွေ့အရ အာမခံနိုင်သည်။ ကျွန်တော့်ဇနီး ဂျန်လင်း (Junling) သည် ရှန်ဟိုင်းဇာတိဖြစ်ပြီး ပြီးခဲ့သည့်လက အမေရိကန်ရှိ ကျွန်တော့်ဖခင်ရှိရာ ဘိုးဘွားရိပ်သာသို့ ပထမဆုံးအကြိမ်အဖြစ် အလည်သွားခဲ့သည်။ သူမသည် ဤအတွေ့အကြုံကြောင့် ကတုန်ကယင်ဖြစ်တဲ့ပြီး နောက်မှ ကျွန်တော့်ကို ပြောသည်မှာ "တရုတ်မှာဆို မိဘတွေကို ဘိုးဘွားရိပ်သာ သွားပို့ထားရတာလောက်ရှက်စရာကောင်းတာ မရှိဘူး…သိရဲ့လား" ဟူ၏။ တရုတ်ပြည်၌ လူမှုရေးကတိစာချုပ်သည် ရာစုနှစ်များစွာကြာမျှ တစ်သမတ်တည်းသွားသည်။ မိဘတို့က သားသမီးကို ပြုစုစောင့်ရှောက်ကြသည်။ မိဘတို့၏ ဘ၀နေ၀င်ခါနီးမှာ သားသမီးတို့က မိဘကို တစ်လှည့် ပြန်စောင့်ရှောက်ကြသည်။ ဥပမာအားဖြင့် အိမ်ခြံမြေဖွံ့ဖြိုးရေးဆောင်ရွက်သူ ဂျန်ဇျောင်လီ ((Jiang Xiao Li) နှင့် သူ့ ဇနီးသည် မကြာမီက ရှန်ဟိုင်း၌ ပိုကြီးသော တိုက်ခန်းသစ်တစ်ခန်းဝယ်လိုက်သည်။ ထိုတိုက်ခန်းကို မကြာမီသူ့မိဘများ ပြောင်းရွှေ့လာပြီး သူတို့နှင့် အတူနေကြရန် ရည်ရွယ်၍ ၀ယ်လိုက်ခြင်းဖြစ်သည်။ ဂျန့်မိဘများသည် ဂျန့်သမီးလေးကို ကူညီထိန်းကျောင်းပေးမည် ဖြစ်ပြီး၊ မိဘများအသက်အရွယ်ရလာသောအခါ ဂျန်တို့က တစ်လှည့် သူတို့ကို စောင့်ရှောက်ပေးကြမည် ဖြစ်သည်။ တရုတ်သည် အငြိမ်းစားများအတွက် ရံပုံငွေတောင့်တင်းပြီး ပိုမိုစိတ်ချရသော လူမှုဖူလုံရေးစနစ် တဖြည်းဖြည်း ထွန်းကားအောင်ဆောင်ရွက်နေရာ၊ အတူနေမျိုးဆက်များ၏ စီးပွားရေးလိုအပ်ချက်များ လျော့နည်းသွားမည် ဖြစ်သည်။ သို့သော်လည်း တရုတ်နိုင်ငံ ချမ်းသာကြွယ်ဝလာသည်နှင့်အမျှ ယဉ်ကျေးမှုစံနှုန်းများ သိသိသာသာ ရွေ့လျောသွားလိမ့်မည်ဟု မည်သူကမျှ မယုံကြပေ။

အမေရိက၌ တစ်မိုးအောက်တည်းမှာ မျိုးဆက်သုံးဆက်တိုင် အတူနေထိုင်သည့် အစဉ်အလာ အတိုင်းအတာတစ်ခုအထိ  ရှိခဲ့ဖူးသည်။ သို့သော် ၂၀ ရာစုအတွင်း အမေရိကသည် ရွေ့လျားနေသော မျိုရိုးဇစ်မြစ်မဲ့ လူ့အသိုင်းအ၀ိုင်းဖြစ်လာခဲ့သည်။ စံတော်ချိန်ဇုံသုံးခုစာကွာသော နယ်ဝေးမှာနေကြသည့် မိဘများကို လှမ်း၍ စောင့်ရှောက်ရေးမှာ ထင်သလောက် မလွယ်လှချေ။

သို့သော် စီးပွားရေးလိုအပ်ချက်အရ အမေရိကန်၌ သက်ကြီးရွယ်အို အိမ်တွင်းစောင့်ရှောက်ရေးသည် ပြန်လည် ခေတ်စားလာဖွယ်ရှိသည်။ အမေရိကန်သက်ကြီးရွယ်အိုအရေအတွက်သည် ၂၀၀၇ ခုနှစ်တွင် ၃၈.၆ သန်းမှ ၂၀၃၀ ခုတွင် ၇၁.၅ သန်းထိ တိုးတက်လာလိမ့်မည်။ မေရီလင်းပြည်နယ်၊ ဘာလ်တီမိုးကောင်တီခရိုင် မှ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဌာန ဥက္ကဌအဖြစ်မှ မကြာသေးခင်က အငြိမ်းစားယူခဲ့သူ အာနိုး အပ္ပယ်လ် (Arnold Eppel) က "သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာတွေမှာ လူတွေပြည့်နေတာကြောင့် အဘိုးကြီး၊အဘွားကြီးတွေအတွက် နေရာ အလုံအလောက်ရှိမှာ မဟုတ်ဘူး…" ဟု ဆိုပါသည်။ အစိုးရသည် လာလတ္တံသော အကျပ်အတည်းကို ရိပ်စားမိကာ ထိုပြ           ဿနာကို စတင်တုံ့ပြန်ဖြေရှင်းနေပြီ ဖြစ်သည်။ ပဏာမခြေလှမ်းအနေဖြင့် Nursing Home Diversion နှင့် Money Follows the Person အဖွဲ့များက သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအတွက် ထောက်ပံ့ငွေများကို ဖြန့်ဝေပေးသည်။ စစ်ပြန်များ၏ကျန်းမာရေးစီမံခန့်ခွဲမှုအဖွဲ့ကလည်း ၎င်း၏ ကိုယ်ပိုင်ခြေလှမ်းသစ်ကို အကောင်အထည်ဖော် လိုက်ပြီဖြစ်သည်။ "သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာ တွေဟာ သိပ်ငွေကုန်ကြေးကျများတာကြောင့်..နောက်ပိုင်း မိသားစုတွင်း သက်ကြီးရွယ်အိုစောင့်ရှောက်ရေးပုံစံဆီကို သွားဖို့ အလားအလာ အများကြီးရှိတယ်…" ဟု အမေရိကန်၌ အိမ်တစ်အိမ်စီ အတွက် မိသားစုတွင်းသက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှစ်စဉ်ကုန်ကျငွေ ၈၅ ၀၀၀ ဒေါ်လာရှိကြောင်း ကိုးကားပြီး အပ္ပယ်လ်က ပြောဆိုခဲ့သည်။

တရုတ်၌ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးကုန်ကျစရိတ်များကို အများအားဖြင့် မိသားစုများက ကျခံကြသည်။ ဆင်းရဲနွမ်းပါသော တရုတ်လူမျိုးသန်းပေါင်းများစွာအတွက် ဤစရိတ်သည် ၀န်ထုပ်ဝန်ပိုးလည်း ဖြစ်သလို တာဝန်ဝတ္တရားလည်း ဖြစ်သည်။ ဤစရိတ်ကြောင့် နွမ်းပါးသောတရုတ်တို့၏ အသုံးစရိတ် နှင့် စုဆောင်းမှုပုံသဏ္ဍာန်ကို တိမ်းချော်သွားစေသည်။ လူလတ်တန်းစား နှင့် ချမ်းသာကြွယ်ဝသော တရုတ်များအတွက်မူ ဤစရိတ်များမှာ ပိုင်ပိုင်နိုင်နိုင်စီမံနိုင်လောက်သော တာဝန်ဝတ္တရားဖြစ်သော်လည်း သူတို့၏ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်ချမှုကို အနည်းနှင့်အများ ရိုက်ခတ်မှုရှိသည်။ သို့နှင့်တိုင် ဤဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို ဟန်ချက်ညီစေနိုင်သည့် အကျိုးကျေးဇူးများလည်းရှိသေးသည်။ ဥပမာ အဖိုးအဖွားတို့က မိဘများအလုပ်သွားနေစဉ် မြေးများကို စာပြပေးခြင်း၊ မြေးမြစ်များသို့ နိုင်ငံ နှင့် မိသားစု တန်ဖိုးကို ပြောပြ၍ ယဉ်ကျေးလိမ္မာစေခြင်း၊ တရုတ်လူ့အဖွဲ့အစည်းကို တစ်သားတည်းဖြစ်စေသည့် ယဉ်ကျေးမှုအစဉ်အလာကို လက်ဆင့်ကမ်းပေးနိုင်ခြင်းစသည့် အကျိုးများကို ရရှိစေသည်။ တရုတ်သည် ပိုမိုချမ်းသာကြွယ်ဝသည့် လူ့အသိုင်းအ၀ိုင်းဖြစ်လာသည်နှင့် အမျှ နိုင်ငံ၏ သက်ကြီးရွယ်အို စောင့်ရှောက်ရေးစနစ်ကို သိသာထင်ရှားသော ပြောင်းလဲမှုပြုလုပ်ရန်လိုအပ်သည်။ သို့သော် အသက်အရွယ်ရလာသော မိဘများကို ဘိုးဘွားရိပ်သာများသို့ ပို့သင့်မပို့သင့် သန်းပေါင်းများစွာသော အမေရိကန်မိသားစုများ အကြင်နာမဲ့စွာ ဆုံးဖြတ်နေကြရာ တရုတ်တို့၏ ဤစိတ်ဓာတ်မျိုး၊ဤဓလေ့စရိုက်မျိုး အမေရိကသို့ ရောက်သွားလျှင် အဘယ်မျှကောင်းလိုက်လေမလဲ…။

သင်ခန်းစာ (၄) ချွေတာစုဆောင်းပါ။

            ဤစကားကို အိပ်ပျော်နေရင်းရောင်ရမ်း ရေရွတ်မိလောက်အောင် ထပ်ခါတလဲလဲ ကြိမ်ဖန်များစွာ ကြားဖူးနားစွဲနေပြီးသား ဖြစ်နေလိမ့်မည်။ တရုတ်တို့ ငွေပိုသုံးကြရန် လိုပြီး၊ ပိုမို စားသုံးကြဖို့ လိုသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ထောက်၍ ယုံချင်ယုံ မယုံချင်နေ တရုတ်တို့သည်  အမေရိကန်လူမျိုးများကဲ့သို့ ဖြစ်လာရန် လိုသည်ဟု သမ္မတအိုဘားမားအနေနှင့် ပီကင်းသို့ရောက်သောအခါ လူသိရှင်ကြားထုတ်ပြောရန် ဒွိဟဖြစ်မည်မဟုတ်ပေ။

            မှန်ပါသည်။ သို့သော် ဤညီမျှခြင်း၏ အခြားတစ်ဘက်တွင် အမေရိကန် က ပိုမိုစုဆောင်းဖို့ လိုပါသည်။ လတ်တလော အမေရိကန်နိုင်ငံသားများ အမှန်တကယ် ငွေစုနေကြသည်။ ၂၀၀၅ ခုနှစ်တွင် ပုဂ္ဂလိက ငွေစုနှုန်းများ သုညအထိ ထိုးကျသွားပြီးနောက် ၂၀၀၈ စီးပွားရေးအကျပ်အတည်းဂယက် ခြောက်လှန့်မှုသည် အမေရိကန်တို့၏ ငွေထွက်ပေါက် ပိုက်ဆံအိတ်များကို ဂျိပ်ခနဲ ပိတ်သွားစေသည်။ ငွေစုနှုန်းသည် လက်ရှိ ၄ % ရှိပြီး ယခုနှစ်(၂၀၀၉) တွင် ၆ % မြင့်တက်လာသည်။

            တရုတ်၌ ငွေစုနှုန်းမှာ ၂၀ % ကျော်သည်။ ဤသည်မှာ တစ်စိတ်တစ်ဒေသအားဖြင့် ဖြောင့်မှန်ရိုးစင်းသော မူဝါဒကြောင့် ဖြစ်သည်။ အားလုံးသိကြသည့်အတိုင်း လခစားများသည် မိမိတို့ ကလေးများကိုသာမက၊ သက်ကြီးရွယ်အို မိဘများကိုလည်း ကြည့်ကြရသေးသည်။ အလုပ်လုပ်ရင်း ငွေစုရန် တစ်ဦးချင်းစီကို မက်လုံးပေးဆွဲဆောင်သည့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု နှင့် ပင်စင်စနစ်များမှာ လည်း ယနေ့အထိ ခိုင်ခိုင်မာမာမရှိသေးပါ။ သို့သော် တရုတ်သည် အခြားအရှေ့အာရှ နိုင်ငံများကဲ့သို့ပင် ပုဂ္ဂလိက ဘဏ္ဍာရေးဆိုင်ရာခြိုးခြံချွေတာမှုကို ရာစုနှစ်များစွာချီပြီး မြတ်နိုးတန်ဖိုးထားသော လူ့အဖွဲ့အစည်း ဖြစ်၏။ အစိုးရက ပိုမိုကောင်းမွန်သော လူမှုဖူလုံရေးကွန်ယက်များကို ဖန်တီးပေးသည့်တိုင်အောင်၊ ပိုမိုသုံးစွဲလာအောင် အားပေးအားမြှောက်ပြုသည့်တိုင်အောင် ဤ အကျင့်ကို စွန့်ကြလိမ့်မည် မဟုတ်ပေ။

                        အမေရိကသည် ခြိုးခြံချွေတာမှုကို အနည်းငယ်မျှ ဖြစ်စေ အဘယ်ကြောင့် သင်ယူသင့်ပါသလဲ။ အစိုးရ နှင့် စီးပွားရေးလုပ်ငန်း စုငွေများ အပါအ၀င် ခိုင်မာမြင့်မားသော ငွေစုနှုန်းသည် နိုင်ငံတစ်နိုင်ငံ၏ နှစ်ရှည်ဘဏ္ဍာရေး တောင့်တင်းခိုင်မာမှုကို ဖော်ပြနေသည့် သေချာမှုအရှိဆုံး ညွှန်ကိန်းများ ဖြစ်သောကြောင့် ဖြစ်၏။ မြင့်မားသောငွေစုနှုန်းသည် ရင်းနှီးမြှုပ်နှံမှုကို အချိန်နှင့်အမျှ  တိုးတက်စေသည်။ အပြန်အလှန်အားဖြင့် ထိုရင်းနှီးမြှုပ်နှံမှုသည် ထုတ်လုပ်မှုအမြတ်အစွန်း၊ တီထွင်ဖန်တီးမှု  နှင့် အလုပ်အကိုင်အခွင့်အလမ်းတိုးတက်မှုကို ဖြစ်ထွန်းစေသည်။ ချုပ်ပြောရလျှင် စုငွေများသည် စည်းပွားရေးတည်းဟူသော လယ်ယာမြေကောင်းပေါ်က မျိုးစေ့ကောင်းသဖွယ် ဖြစ်သည်။

            သို့ဖြစ်ရာ အမေရိကန်အစိုးရအနေနှင့် တရုတ်နည်းနှင်နှင် ပြုမူရန် လိုအပ်ပါသည်။ တစ်ဦးချင်းစုငွေတိုးလာသည့်တိုင် နှစ်စဉ်ဘက်ဂျက်လိုငွေပြမှုသည် စုငွေလျော့ကျခြင်းပင် ဖြစ်သည်။ အိုဘားမား၏ဘက်ဂျက် ညွှန်ကြားရေးမှုး (Peter Orszag) က အမေရိကန် ဘက်ဂျက် လိုငွေပြမှုကို ဆက်မထိန်းနိုင်ကြောင်း မကြာမီက ထုတ်ဖော်ပြောကြားခဲ့သည်။ ယခုနှစ် (၂၀၀၉) လိုငွေပြမှုမှာ ၁.၄ ထရီလျံဒေါ်လာ ဖြစ်၏။ ဤအချက်ကို ပြောင်းလဲပစ်ဖို့လို သည်။ ဟူဂျင်းတောင် (Hu Jintao) နှင့် တရုတ်ခေါင်းဆောင်များအနေနှင့် ဧည့်သည်တော် သမ္မတကြီးကို သင်ခန်းစာပေး ဟောပြောရန် မရည်ရွယ်သော်ငြား၊ အမေရိကန်၏ ကြွေးမြီဝန်ထုပ်ဝန်ပိုး ထိန်းမနိုင်သိမ်းမရ ဖြစ်မည်ကို စိုးရွံမှုများတိုးတက်လာသဖြင့် ၂၀၀၉ မတ်လကတည်းက ၁၅ % ကျဆင်းသွားသော ဒေါ်လာတန်ဖိုးနှင့်ပတ်သက်၍ ပီကင်းသည် အနည်းငယ် စိုးရိမ်မိကြောင်း အရိပ်အမြွက်မျှ ယဉ်ကျေးသိမ်မွေ့စွာ ပြောကောင်းပြောပေလိမ့်မည်။

            ဤသည်မှာ ကမ္ဘာ့အကြီးဆုံးမြီရှင် ဖြစ်လာသည့်အခါ ဖြစ်တတ်သည့် သဘောဖြစ်သည်။ ဤကဲ့သို့သော အရိပ်မမြွက်စကားများကို ပြတတ်ရမည်။ ထိုအရိပ်အမြွက် ပေါက်ကြားသွားသည့်အခါ သူ့ဖာသာ နိုင်ငံတကာ စီးပွားရေး ကသောင်းကနင်း ဖြစ်မှုကို ဖန်တီးပေလိမ့်မည်။ (တရုတ်၏ အရံငွေ အမေရိကန်ဒေါ်လာ ၂.၁ ထရီလျံကို အစားထိုးရန် အခြားငွေကြေးစနစ်တရပ် ရှာဖွေနေကြောင်း လူသိရှင်ကြားထုတ်ပြန်သည့်အခါတိုင်း ငွေကြေးလဲလှယ်ရေးကုန်သည်များ မျက်ခုံးလှုပ်ကြရသည်။) အမေရိကန်တို့ တရုတ်တို့ကဲ့သို့ များများစု၍ နည်းနည်းသုံးကြပါလျှင် ထိုအဖြစ်များအတွက် စိုးရိမ်သောက ရောက်စရာ  လိုမည်မဟုတ်တော့ပေ။

သင်ခန်းစာ (၅) အမြော်အမြင်ရှိပါစေ။

            နိုင်ငံခြားသားများ တရုတ်သို့ရောက်သည့်အခါ ခံစားရသည့် အငွေ့အသက်၊ သမ္မတအိုဘားမား တရုတ်သို့ရောက်သည့်ခါ သတိပြုခံစားမိကောင်းခံစားမိနိုင်သည့် အငွေ့အသက်သည် နေရာတကာ တွေ့နိုင်သည့် သုတ်သီးသုတ်ပျာ၊ အူယားဖားယား အမူအရာတို့မှ သာ ထွက်ပေါ်လာသည်မဟုတ်ပါ။ တစစကြီးထွားစည်ပင်လာသော အာရုံခံမှုမှ လည်း ထိုအငွေ့အသက်တို့ ထွက်ပေါ်လာ ခြင်းဖြစ်သည်။ အစိုးရသည် ထိုအခြေခံအဆောက်အအုံများအားလုံးကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် သက်သက် ကသုက်ကရက် တည်ဆောက်ပေးနေခြင်းမဟုတ်ပါ။ ကလေးများသည်လည်း မအိပ်မနေ သူတို့ဘာသာ စာကျက်နေကြသည်မှာ ပျော်စရာကောင်းလွန်းလှ၍ မဟုတ်ပါ။ လွန်ခဲ့သောနှစ်အနည်းငယ်က တရုတ်ပြည်အလယ်ပိုင်း အလွန်ဆင်းရဲသော စိုက်ပျိုးရေး ခရိုင်တစ်ခုမှ လူငယ်တစ်ယောက်ဖြစ်သူ ကျန်ဇင်း (Zhang Xin) အား ကျွန်တော် တွေ့ဆုံမေးမြန်းခဲ့သည်။ သူ့မိဘများမှာ ဂျုံတောင်သူများဖြစ်ပြီး လယ်ကွင်းနားက အခန်းတစ်ခန်းသာရှိသော အိမ်ကလေးမှာ နေကြသည်။ သူသည် တရုတ်၏ MIT ဟုခေါ်နိုင်သော ဆင်ဟွာတက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး ဟွာဝေ (Huawei) ၌ ဆော့ဖ်ဝဲ အင်ဂျင်နီယာ အဖြစ်အလုပ်ရခဲ့သည်။ သူ့အောင်မြင်မှုသည် သူ့မိသားစုဘ၀ကို ထာဝရပြောင်းပစ်လိုက်နိုင်သည်ဟု ကျန်က တစ်နေ့မှာ ကျွန်တော့်ကို ပြောဖူးသည်။ "ကျွန်တော့်ရဲ့နောင်မျိုးဆက် ဘယ်သူမှ ဂျုံခင်းထဲမှာ မလုပ်စေရဘူး…ကျွန်တော့်ကလေးတွေရော…ကျွန်တော့် ကလေးတွေက မွေးလာတဲ့ သားသမီးတွေရောပေါ့ဗျာ…အဲဒီဘ၀ က ပြီးသွားခဲ့ပြီ..." ဟု ကျန် က ပြောပါသည်။ (သူ့မိဘတွေလည်း လုပ်ကြမည်မဟုတ်တော့.။ သူ့အလုပ်ရပြီးမကြာမီမှာပင် ဟောင်ကောင်မြောက်ဘက်နားက တိုးတက်နေသော ရှန်ဇန် (Shenzhen) သို့ ပြောင်းသွားကြသည်။)

            ထိုလူငယ်ကလေး၏ ဇာတ်လမ်းကို သန်းပေါင်းများစွာသောလူဦးရေ ဖြင့် မြှောက်ကာ ဆပွားခြင်းဖြင့် တစ်ခါက လွန်စွာ ခေတ်နောက်ကျနေခဲ့သော လူမှုအဖွဲ့အစည်းသည် အလားအလာကောင်းသော နိုင်ငံအဖြစ် ပြောင်းလဲလာခဲ့သည်ကို မြင်တွေ့ရပေမည်။ တရုတ်နိုင်ငံ၌ အနေကြာသော၊ အမြော်အမြင်ရှိသော အမေရိကန် တစ်ယောက်သည် ဤသို့ ပြောပေလိမ့်မည်။ "တရုတ်ဟာ မဖြစ်သေးတာတွေ ဖြစ်လာဖို့ ကြိုးစားနေတယ်…ပြီးတော့ သိသိသာသာ ထင်ထင်ရှားရှားပဲ တရိပ်ရိပ်တိုးတက်လာနေတယ်…နိုင်ငံရဲ့ လက်တွေ့အောင်မြင်မှုဟာလည်း ဆက်ပြီး တိုးတက်ခိုင်မာလာနေတာ သိပ်ဂုဏ်ယူဖို့ကောင်းတယ်…"

            အလွန်ဂုဏ်ယူစရာကောင်းပါသည်။ အကြောင်းမူကား ကျန် နားလည်ထားသကဲ့သို့ပင် ယနေ့ အလုပ်ကြမ်းသည် သူ ဖန်းတီးခဲ့သည့်ဘ၀သစ်ကို အမွေဆက်ခံမည့် နောင်မျိုးဆက်အတွက် နောင်ဆယ်စုနှစ်များစွာကြာသည့်အခါ ပိုမိုတိုးတက်ကောင်းမွန်သော ဘ၀ဖြစ်သောကြောင့်တည်း။ အကယ်၍ ဤသဘောကို အမေရိကန်တို့ နားလည်ကြပုံရလျှင် ယခုလက်ရှိ ၂၆ နှစ်အတွင်း အဆိုးဝါးဆုံး စီးပွားရေးကျဆင်းမှု၌ သောင်တင်နေသည်မှာ တင်ထိုက်၍ တင်ခြင်းဟု ကန်တို့ သဘောပိုက်ရပေမည်။

မှတ်ချက်။ ၂၀၀၉ နိုဝင်ဘာ ၂၃ ထုတ် TIME မဂ္ဂဇင်းပါ ဆောင်းပါးရှင် Bill Powell ရေးသော 5 Things the U.S. Can Learn from China ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

ကိုဇော် (မောရ၀တီ)

ဆက်လက်ဖတ်ရှုရန်

Tuesday, March 29, 2011

မြန်မာ့မိသားစုထမင်းဝိုင်း နှင့် အိမ်ထောင့်ရှင်မတို့၏ အခန်းကဏ္ဍ

"ရွှေနန်းတော်ကြီးမှာဖြစ်ဖြစ်၊ တဲအိုပျက်မှာဖြစ်ဖြစ်၊ ဘယ်နေရာမှာ ဖြစ်ဖြစ် ပျော်ရွှင်ချမ်းမြေ့မှုဆိုတာ ကိုင်တွယ်ပြလို့မရတဲ့ ဒြပ်မဲ့မဟုတ်ဘူး…ကိုင်တွယ်ပြလို့ ရတာမျိုးပါပဲ။ အိမ်နံရံလေးဘက်အတွင်းက မိသားစုတစ်စုဟာ တိတ်တဆိတ် တည်ရှိနေတဲ့ ကလာပ်စည်းတစ်ခု၊ ယူနစ်တစ်ခုပါပဲ…"

ဤသို့ မဒမ်ဆီဗိုးဗွားက ဆိုပါသည်။ မှန်ပါသည်။ မိသားစုသည် လူ့အဖွဲ့အစည်း၏ အခြေခံအကျဆုံး ကလာပ်စည်းဖြစ်သည်။ မိသားစုအတွင်း ပျော်ရွှင်ချမ်းမြေ့မှု၊ တိုးတက်သာယာဝပြောမှုကို ထိုမိသားစု၏ စည်းလုံးညီညွတ်မှု၊ သဟဇာတဖြစ်မှု၊ ကြင်နာနွေးထွေးမှု၊ နားလည်ဖေးမမှု၊ မိသားစုသံယောဇဉ်၊ မေတ္တာကရုဏာ၊ ယဉ်ကျေးမှုထုံးဓလေ့၊ တန်ဖိုးထားမှုများက ပြဌာန်း၏။ ပျော်ရွှင်ချမ်းမြေ့သော မိသားစုများနှင့်ဖွဲ့စည်းထားသောလူ့အဖွဲ့အစည်းသည် ဟန်ချက်ညီညီ၊ တည်တည်ငြိမ်ငြိမ် တိုးတက်စည်ပင်သာယာဝပြောလာရမည်မှာ ဧကန်ပင်။ ဤသို့သာယာဝပြောကာ ညီညွတ်သော၊ ကာရန်သင့်သော လူမှုအဖွဲ့အစည်းကို မိသားစုထမင်းဝိုင်းများက မွေးဖွားဖန်တီးပေးနိုင်သည်ဆိုလျှင် မှားအံ့မထင်။ မိသားစုထမင်းဝိုင်းသည် တစ်နည်းအားဖြင့် မိသားစုဝင်များ မျက်နှာစုံညီ တွေ့ဆုံရာ နေရာ ဖြစ်သည်။ မိသားစု ၀မ်းရေးအတွက် အပြင်ထွက်ကာ စီးပွားရှာသွားရာမှ၊ ရုးံမှ ပြန်လာသော ဖခင်၊ ကျောင်းသွား၊ အလုပ်သွားရာမှ ပြန်လာသော သမီးသားတို့နှင့် မျက်နှာချင်းဆိုင် တွေ့နိုင်သော နေရာသည် မိသားစုဝင်များ စုဝေးရာ မိသားစုထမင်းဝိုင်း၊ လ္ဘက်ရည်ဝိုင်းပင်ဖြစ်သည်။ ထိုထမင်းဝိုင်းသည် မိသားစုအရေး ဆွေးနွေးဆုံးဖြတ်ညှိနှိုင်းရာ အစည်းအဝေးလည်း ဖြစ်နိုင်သည်။ သားသမီးတို့အား လိမ္မာယဉ်ကျေးအောင် ဆုံးမပဲ့ပြင်ရာ စာသင်ခန်းသဖွယ်လည်း ဖြစ်နိုင်သည်။ အခက်အခဲတို့ကို ရင်ဖွင့်တိုင်ပင်ရာ နေရာလည်း ဖြစ်နိုင်သည်။ အကြံကောင်းဥာဏ်ကောင်းတို့ ထွက်ပေါ်ရာလည်း ဖြစ်နိုင်သည်။ မိသားစုအတွင်း ချစ်ခြင်းမေတ္တာ သန္ဓေတည် ပေါက်ဖွားရာနေရာလည်းဖြစ်သည်။ "ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်ခင်မင်မင် လက်ရည်တစ်ပြင်တည်း ရှေးကထက်ပိုချစ်ကြတယ်" ဟူ၍ နန်းတော်ရှေ့ဆရာတင် စပ်ဆိုခဲ့သလို မြန်မာ့မိသားစုအတွင်း ကျန်းမာအသက်ရှည်ခြင်း၊ ခင်မင်ရင်းနှီးခြင်း၊ သာတူညီမျှခြင်း၊ ညီညွတ်ခြင်း နှင့် ချစ်ခြင်းမေတ္တာကို ရှေးကထက် ပိုလို့ တိုးပွားစေသည်မှာ မြန်မာ့မိသားစုထမင်းဝိုင်းပင်တည်း။ စင်စစ် မိသားစုထမင်းဝိုင်းသည် ကောင်းကျိုးဖြာဖြာတို့ ဝေစည်နေသည့် ပဒေသာပင်သဖွယ်ပင်တည်း။ မြန်မာတို့၏ မိသားစုထမင်းဝိုင်းဓလေ့သည် စည်းလုံးမှု၊ ညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှု၊ မေတ္တာတရား၊ လက်ရည်တစ်ပြင်တည်း တန်းတူညီမျှမှုစသည့် ဗြဟ္မစိုရ်တရားတို့၏ အခြေခံဖြစ်၏။ မိသားစုထမင်းဝိုင်းသည် လူ့အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှု၊ ဟန်ချက်ညီမှုကို သာ မွေးဖွားပေးနိုင်သည်မဟုတ်၊ ထိုလူ့အသိုင်းအ၀ိုင်း၏ လောကအမြင်၊ အဘိဓမ္မာ၊ ယဉ်ကျေးမှုစံနှုန်းများကိုလည်း ထင်ဟပ်ပြနိုင်သည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုကို လေ့လာရာ၌ ထိုလူမျိုး၏ စားသောက်မှုစနစ်၊ အစားအစာ၊ ချက်နည်းပြုတ်နည်း တို့ကို မလေ့လာဘဲ ပြီးပြည့်စုံမည် မဟုတ်ပေ။

မိသားစုဝင်တို့၏ စား၊၀တ်၊နေရေး သုံးပါးအနက် စားရေးအတွက် မီးဖိုချောင်ကို စီမံခန့်ခွဲရသော အိမ်ရှင်မတို့၏ အခန်းကဏ္ဍသည် မိသားစုအတွင်း သာယာဝပြောရေး၌ အခရာကျလှသည်။ "စီးတဲ့ရေ၊ ဆည်တဲ့ကန်သင်း" ပမာ အယိုအစီး၊ အဖိတ်အစင်၊ အလေအလွင့် မရှိရလေအောင် မီးဖိုချောင်နိုင်နင်းသော၊ "မြိန်ရာဟင်းကောင်း" ဆိုသလို ရသည့်ဟင်းလျာနှင့် မြိန်အောင်စီမံချက်ပြုတ်နိုင်သော အိမ်ရှင်မတို့၏ အစွမ်းအစပေါ်မူတည်၍ ထိုမိသားစုသည်လည်းကောင်း၊ ထိုလူ့အဖွဲ့အစည်းသည်လည်းကောင်း နေပျော်ဖွယ် တိုးတက်စည်ပင်သာယာဝပြောလာပေလိမ့်မည်။ "မီးဖိုချောင် နှင့် အိမ်ကို ဖန်တီးခြင်းသည်ပင် နွေးထွေးမှု နှင့် အဓိပ္ပာယ်ရှိသော ဘ၀ကို ထုဆစ်ခြင်း" ဟု အိမ်ကလေး ၁၆ လုံး ဆောင်းပါးစုတွင် ဆရာနေ၀င်းမြင့် က ဆိုထား၏။ နွေးထွေးမှု နှင့် အဓိပ္ပာယ်ရှိသော ဘ၀ကို ထုဆစ်ရာ၌ ပုခက်လွှဲသော လက်ပိုင်ရှင် (၀ါ) အိမ်ရှင်မတို့သည် လူ့အဖွဲ့အစည်းကို ပုံဖော်သူ ဗိသုကာများတည်း။ ထို့ကြောင့် အနောက်နိုင်ငံများ၌ Housekeeper ခေါ် အိမ်ထောင်ထိန်းသိမ်းသူကို ဆရာဝန်၊ အင်ဂျင်နီယာစသည့် အသက်မွေးလုပ်ငန်းများ နှင့် တစ်တန်းတစ်စားတည်း ထားကြသည်။ အမှန်စင်စစ် အိမ်ထောင်ထိန်းသိမ်းသူ အိမ်ရှင်မတို့သည် နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံသားတို့၏ ကျန်းမာပျော်ရွှင်ရေး၊ သာယာဝပြောရေး ကို ကန့်လန့်ကာနောက်ကွယ်မှ ဖန်တီးစီမံနေသူများ ဖြစ်ကြပါသည်။ "ပုခက်လွှဲသော လက်သည် ကမ္ဘာကို စိုးမိုးနိုင်၏" ဟူသောစကားသည် ထိုအချက်ကို ထောက်ခံနေ၏။ ဤစကားကို အတွင်းကျကျ ထောက်ချင့်တွေးဆလေ ချဲ့တွေးနိုင်သလောက် အဓိပ္ပာယ် နက်ရှိုင်းကျယ်ဝန်းလေ ဖြစ်သည်။

လူတစ်ဦးချင်း ကျန်းမာစွာ အသက်ရှင်ရပ်တည်နိုင်ရန်၊ ဓာတ်ကြီးလေးပါး သပ္ပာယ မျှတစေရန်၊ ပျော်ရွှင်တက်ကြွစွာ အလုပ်လုပ်နိုင်ရန်၊ စား၊၀တ်၊နေရေး မဏ္ဍိုင်သုံးရပ် ပြည့်စုံမျှတရန် လွန်စွာ လိုအပ်ပါသည်။ လူမှုအဖွဲ့အစည်း၏ အခြေခံအကျဆုံး ယူနစ်ဖြစ်သည့် မိသားစုစားဝတ်နေရေး ချောင်ချိပြေလည်စေရေး၊ ကျန်းမာပျော်ရွှင်ရေးအတွက် သမိုင်းမတင်မီ ခေတ်ကပင် ဖကတစ်ထမ်း၊ မိကတစ်ရွက် တာဝန်ယူကြရသည်ဟု ဆိုကြသည်။ မြန်မာ့ လူမှုအသိုင်းအ၀ိုင်း၌လည်း ထိုသဘောကို ၀န်ကြီးပဒေသရာဇာရေး တျာချင်းများတွင် တွေ့နိုင်၏။
"မယားကတစ်သွယ်၊ ဟင်းရွက်ဆိုးကောင်း သောင်းပြောင်းရော၍လွယ်၊ လင်ကတစ်သွယ် ယုန်ငယ်ကစ၊ တောသတ္တ၀ါ တွေ့တိုင်းကိုသာ၊ အိတ်မှာသာ ယူ၍ ချသည်နှင့်လေး။"

ထန်းသမားလင်မယား မောင်တစ်ထမ်း၊ မယ်တစ်ရွက် ဟင်းစားရှာထွက်ပုံကို ၀န်ကြီးပဒေသရာဇာက ဤသို့ ဖွဲ့၏။ ညောင်ရမ်းခေတ် မြန်မာမိသားစုအတွင်း ၀မ်းရေးအတွက် လင်နှင့်မယား အေးအတူပူအမျှ ဒိုးတူပေါင်ဖက် ဤနှယ် အသီးသီး အသက တာဝန်ယူရပါ၏။ ထန်းသမားဇနီးက လင်ကို ပါရမီဖြည့်ရ၏။ အပိုမကုန်သင့်တာ မကုန်ရအောင် လင်ဟင်းခပ်ရှာစဉ်မှာ၊ မယားက ရတတ်သမျှ ဟင်းစား အသီးအရွက် အဆိုးအကောင်းတို့ကို ခူးရရှာရ၏။ လင်က ထန်းဦးရေ ခံချိန်၊ မယားငယ်ဆွေ ထန်းရည် သိမ်းဆည်းရသည်။ ထန်းသမားမယား၏ တာဝန်ကား ဤမျှနှင့် မပြီးသေး။ "သို့နှင့်ရောက်ကာ ခဏအောင့်လျှင်၊ တံစို့ထက်နှင့် ထန်းလျက်ဖိုမှာကင်၊ ဟင်းအိုးဆူလျှင် အကင်ခပ်ပြီး၊ အိုးကင်းနှင့် လှော် ရေနှင့် ကြော်၊ မိုးမျှော်ငရုပ်သီးငယ်နှင့်လေး။" ဆိုသလို ကြော်ရချက်ရသေး၏။ ထန်းသမ အဖြစ် ထန်းလုပ်ငန်းခွင်ဝင်ရသလို၊ အိမ်ရှင်မ အဖြစ် မီးဖိုချောင်လည်း ၀င်ရပါသေးသည်။ ဤထန်းတက်ဘွဲ့သည် မြန်မာ့မိသားစုအတွင်း အိမ်သူဇနီးမယား အရေးပါမှုကို မီးမောင်းထိုးပြထားသည်။ ဆရာမကြီး လူထုဒေါ်အမာ က သူ၏ "ကျွန်မတို့အညာ" ဆောင်းပါး၌ ထန်းသမား မိန်းမ တာဝန်ကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။

"မီးကလည်းပူသေး၊ ထန်းလျက်အိုး အဆက်မပြတ်ကလည်း မွှေရသေး၊ အပူကိုလည်း နှိုက်လုံးရသေး၊ ယောကျာ်း ထန်းပင်ပေါ်က ဆင်းလာချိန်မှာ စားဖို့သောက်ဖို့ ထမင်းဟင်းကို လည်း အချိန်ရှာပြီး ချက်ထားရပါသေးတယ်။"

ထန်းလုပ်ငန်းသည် မိုး၊ လေ၊ နေ တို့ကိုကြည့်ကာ အချိန်လုလုပ်ရသည့် လုပ်ငန်းဖြစ်သည်။ နေမမြင့်ခင် ထန်းရည်ချိုကို ခံရ၊စုရသည်။ မွန်းတိမ်းလျှင် ထန်းရည်ပျက်တတ်သည်။ ထန်းလုပ်ငန်းသည် ဥဋ္ဌာနသမ္ပဒါ ထကြွလုံ့လ၀ီရိယ နှင့် ပြည့်စုံမှ အောင်မြင်နိုင်သည့် လုပ်ငန်းဖြစ်သည်။ ဥာဏသမ္ပတိ လုပ်ငန်းဆိုင်ရာနားလည်တတ်ကျွမ်းမှုနှင့် ပြည့်စုံခြင်း၊ ဂတိသမ္ပတိ အလုပ်ဖြစ်နိုင်လောက်သည့် အကွက်ကောင်း၊ နေရာကောင်းနှင့် ပြည့်စုံခြင်း၊ ဥပတိသမ္ပတိ အလုပ်ဖြစ်နိုင်လောက်သည့် လက်နက်ကိရိယာ တန်ဆာပလာ နှင့် ပြည့်စုံခြင်း၊ ကာလသမ္ပတိ အလုပ်ဖြစ်နိုင်လောက်သည့် အခွင့်အခါ၊ အချိန်ကာလကို ကောင်းစွာသိမြင်နားလည်မှု၊ အချိန်ကိုက်အသုံးချတတ်မှုနှင့် ပြည့်စုံခြင်း၊ ပယောဂသမ္ပတိ ဥာဏ်နှင့်ယှဉ်သည့် မဆုတ်မနစ်၊ စွဲမြဲထက်သန်သော ဇွဲလုံ့လ၊ ၀ီရိယနှင့် ပြည့်စုံခြင်း စသည့် အင်္ဂါရပ်များနှင့် ပြည့်စုံမှ ထန်းလုပ်ငန်း အောင်မြင်ကြီးပွားနိုင်သည်။ သို့ဖြစ်ရာ ထန်းလုပ်ငန်းသည် ထန်းသမားမိသားစုဝင်အားလုံး တက်ညီလက်ညီ ရုန်းကြမှ အောင်မြင်နိုင်သည့် လုပ်ငန်းဖြစ်သည်။ ထန်းသမားဇနီးသာ မရှိပါက ထန်းသမား၏ ထန်းလုပ်ငန်းခွင်၊ စားရေးသောက်ရေးသည် အဘယ်မျှ ကသီလိုက်မလဲ။ ထို့ကြောင့် မိသားစုတစ်စု သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ခု အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ရေး၌ အိမ်ရှင်မတို့သည် လူမှုယန္တယား၏ အခြေခံအကျဆုံး ခွေးသွားစိတ်များ ဖြစ်ကြပါသည်။

အိမ်ထောင်ထိန်းသိမ်းသူ အိမ်ရှင်မတို့ မီးဖိုချောင်ကို အဖိတ်အစင် အလေအလွင့်မရှိအောင် စီမံခန့်ခွဲနိုင်စွမ်းသည် မိသားစုဘဏ္ဍာရေးကိုသာမက နိုင်ငံ၏စီးပွားရေးကိုပါ တစ်ဘက်တစ်လမ်းက အထောက်အကူပြုနိုင်ကြောင်း ရှေ့၌ ဆိုခဲ့ပြီးဖြစ်သည်။ နောက်ဖေးမီးဖိုချောင်သည် မိသားစု၏ ငွေယိုပေါက် ဖြစ်သည်။ အိမ်ထောင်ဦးစီးက မည်မျှ ကုန်းရုန်းရှာဖွေစေကာမူ၊ နောက်ဖေးမီးဖိုချောင်ကို စေ့စေ့စပ်စပ်၊ နိုင်နိုင်နင်းနင်း မစီမံနိုင်ပါက ပလိုင်းပေါက်နှင့် ဖားကောက်သည့်နှယ် ဖြစ်နေလိမ့်မည်။ အိမ်ရှင်မတို့သည် မိသားစု၏ ၀င်ငွေထွက်ငွေမျှတ အောင် စီမံရသည့် ဘဏ္ဍာရေးမှူးများလည်း ဖြစ်သည်။ အရှင် ပညာဝရ(သရက်) စီရင်သော ဒီဃဇာဏုသုတ္တန်အကျဉ်းကို ပြဆိုသည့် မြတ်ဗုဒ္ဓ၏ ကြီးပွားချမ်းသာရေးလမ်းပြကျမ်းတွင် "၀င်ထွက်ညီမျှ၊ သုံးစွဲမှ၊ ကြွယ်ဝချမ်းသာမည်" ဟုပြထား၏။ မြတ်ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာစေကြောင်းနည်းလမ်း လေးသွယ်တွင် သမဇီဝိတသမ္ပဒါ ၀င်ငွေထွက်ငွေမျှတကောင်းမွန်အောင် အသက်မွေးမှုနှင့် ပြည့်စုံခြင်းလည်း တစ်ပါးအပါအ၀င် ဖြစ်လေသည်။ ထို့ကြောင့် မိသားစုတစ်စုစီ၏ ငွေယိုပေါက်မီးဖိုချောင်ကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်စွမ်းသည် ထိုမိသားစုများနှင့်တကွ လူ့အဖွဲ့အစည်းတစ်ခုလုံး၏ စီးပွားရေးကြီးပွားတိုးတက်မှု၏ အကြောင်းတရားပင်တည်း။ သာလွန်မင်းတရားကြီးတိုင်းခန်းလှည့်လည်စဉ် သူဆင်းရဲမတစ်ယောက်သည် ထမင်းရည်ကို အောက်က ခွက်မခံဘဲ၊ မြေပေါ် အလဟဿ သွန်ငှဲ့ပစ်နေသည်ကို မြင်ရာ နောင်ဤသို့ အလဟဿ သွန်မပစ်ဘဲ သားသမီးတို့အား အာဟာရအလို့ငှာ တိုက်ကျွေးနိုင်ကြောင်း ဆုံးမသည် ကို အားလုံးကြားဖူး၊ သိဖူးပြီးဖြစ်မည်။ ဒီဃဇာဏုသုတ္တန်၌လည်း အာရက္ခသမ္ပဒါ ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ပြည့်စုံခြင်းကို ကြီးပွားချမ်းသာခြင်း အကြောင်းတစ်ရပ်အနေဖြင့် ပြဆိုထားသည်။ အိမ်သူတို့ မီးဖိုချောင်ကို အလေအလွင့်မရှိစေရအောင် ထိန်းသိမ်းစောင့်ရှောက်၊ စီမံခန့်ခွဲနိုင်ခြင်းဖြင့် သားသမီးတို့အား ထမင်းရည်မှ အာဟာရဖြစ်စေ၍ ကျန်းမာစေကာ၊ ငွေပိုမကုန်၍ မိသားစုဝင်ငွေ၊ ထို့ထက်တစ်ဆင့်တက်လျှင် နိုင်ငံဘဏ္ဍာငွေကို ဖြုန်းရာ မရောက်ကြောင်း သာလွန်မင်း၏ အဆုံးအမက သင်ခန်းစာပေးသည်။ ဤသည်မှာ လူ့အဖွဲ့အစည်း၏ အခြေခံအကျဆုံးယူနစ်ဖြစ်သည့် မိသားစုအတွင်း မီးဖိုချောင်ကို စီမံနေကြရသည့် အိမ်ရှင်မတို့သည် နိုင်ငံစီးပွားရေး၊ ပြည်သူပြည်သားတို့ အာဟာရပြည့်ဝရေး၊ ကျန်းမာကြံ့ခိုင်ရေးကို ကန့်လန့်ကာ နောက်ကွယ်မှ ပြုပြင်စီမံနေကြကြောင်း ဥာဏ်အမြော်အမြင်ကြီးမားသော သာလွန်မင်းတရားကြီး၏ ဆုံးမစကားက သက်သေပြနေ၏။ "စနစ်တကျ ထန်းသိမ်းမှ ကြွယ်ဝချမ်းသာမည်" ဆိုသမဟုတ်လား။

မိသားစုထမင်းဝိုင်းကို အကုန်အကျမများစေဘဲ စိုစိုပြည်ပြည်၊ ဖွယ်ဖွယ်ရာရာ ချက်ရပြုတ်ရသည့်အတတ်မှာ အနုပညာတစ်ရပ် ပင်ဖြစ်သည်။ ထို့ကြောင့် အချက်အပြုတ် (Culinary) ပညာရပ်ကို ယဉ်ကျေးမှုထွန်းကားသည့် နိုင်ငံများဝယ် တက္ကသိုလ်များ၌ ဘာသာရပ်တစ်ခုအဖြစ် တခုတ်တရ လေ့လာလိုက်စားနေကြသည်။ ရသာရုံ၊ ဂန္စာရုံကို လှုံ့ဆော်နိုင်သော၊ ကျန်းမာရေးနှင့်ညီညွတ်သော၊ ဓာတ်ကြီးလေးပါးကို မျှတစေသော ဟင်းလျာများကို စီမံချက်ပြုတ်ခြင်းအတတ်၌ ပန်းချီသဘောတရားများပါဝင်နေသည် ဆိုလျှင် မှားအံ့မထင်။ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဟူသည့် လူတို့၏ ကျန်းမာရေးကို စီမံပြုပြင်နေသည့် အကြောင်းလေးပါး ညီညွတ်မျှတအောင် စီမံချက်ပြုတ်ခြင်းအတတ်၌ အာဟာရပညာ၊ ဆေးပညာသဘောတရားများ၊ ဓာတ်သဘောတရားများ ပါဝင်နေသည်။ ထိုအကြောင်းလေးပါးအနက် အာဟာရကို လူတို့ ပြုပြင်စီမံနိုင်သည်။ "အစာလည်းဆေး၊ ဆေးလည်းအစာ" ဆိုသကဲ့သို့ ဥတု နှင့် လိုက်ဖက်ညီထွေသင့်လျော်စေမည့် အစာအာဟာရဖြင့် လူတို့၏ ကျန်းမာရေးကို ပြုပြင်စီရင်ခြင်းသည် တစ်နည်းအားဖြင့် ဆေးမှီဝဲခြင်းတစ်မျိုးပင် ဖြစ်သည်။ ထို့ကြောင့် ဆရာကြီးရွှေဥဒေါင်းက သူ၏ အာဟာရ နှင့် ကျန်းမာရေး ကျမ်းငယ်၌ "မှန်ကန်သော အစားအစာကို မှန်ကန်စွာ တွဲဖက်၍ မှန်ကန်သော အတိုင်းအထွာဖြင့် စားသုံးခြင်းသည်သာလျှင် ကိုယ်ခန္ဓာ၌ အညစ်အကြေးအပုပ်အစပ်တို့ ကပ်သပ်၍ မနေနိုင်သော နည်းဖြစ်ချေသည်။ အညစ်အကြေးအပုပ်အစပ်မရှိခဲ့လျှင် အခြားရောဂါကို မဆိုထားဘိ၊ ခေါင်းခဲ၊ လည်နာခြင်းမျှ ရရှိကြမည် မဟုတ်ချေ။" ဟု ဖော်ပြထားသည်ကို ထောက်ရှုရသော် အိမ်ရှင်မတို့ စီမံချက်ပြုတ်သော အစာအာဟာရတို့သည် မိသားစုဝင်တို့ကျန်းမာရေးအတွက် အဘယ်မျှ အရေးပါလှကြောင်း သဘောပေါက်လောက်ပေပြီ။

အိမ်ရှင်မတို့သည် မိသားစု သက်သာချောင်ချိရေးအလို့ငှာ ၀င်ငွေထွက်ငွေ မျှတအောင်၊ ငွေယိုပေါက် မီးဖိုချောင်အတွင်း မလစ်ဟင်းရအောင် စီမံရသကဲ့သို့ အိမ်ထောင်ဦးစီး နှင့် အိမ်သူအိမ်သား သမီးသားတို့ အာဟာရပြည့်ဝအောင်၊ ကျန်းမာရေးနှင့်ညီညွတ်အောင် အစားအသောက်တို့ကို စီမံချက်ပြုတ်တတ်ရသေးသည်။ ဆီး၊ ၀မ်း၊ သွေး၊ လေ မှန်အောင် ခန္ဓာကိုယ်၏ မဟာဘူတ ဓာတ်ကြီးလေးပါးမျှတအောင် ပူလျှင် ပူသည့်အလျောက်၊ အေးလျှင် အေးသည့် အလျောက် ဟန်ချက်ညီအောင် ရေပူရေချမ်းကမ်းလှမ်းခြင်း၊ စပ်ဟပ်စီမံချက်ပြုတ်ခြင်း အနုပညာသည် အိမ်သူတို့ တတ်အပ်သည့် အဌာရဿတည်း။ မြန်မာပြည်သည် ဥတုရာသီစုံ နိုင်ငံဖြစ်သည့် အားလျော်စွာ ရာသီပေါ် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ လှိုင်လှိုင်ပေါလှသည်။ နွေ၊ မိုး၊ ဆောင်းရာသီအလိုက် အစာအာဟာရကို သဘာဝတရားကြီးက မျက်နှာသာပေးဖန်တီးပေးထားလေရာ မြန်မာပြည်သားတို့မှာ ကံထူးလေစွ။ ထို့ကြောင့် မြန်မာထမင်းဝိုင်း၊ အချိုဝိုင်းများသည် အခါအလိုက် ရာသီစာများဖြင့် ဖွယ်ရာနေတတ်သည်။ မြန်မာထမင်းဝိုင်းတွင် ငါးပိရည်၊ တို့စရာမှာ မပါမဖြစ် ဟင်းရံဖြစ်သည်။ မြန်မာတို့ တို့စရာအဖြစ် အစိမ်းစားသော အသီးအရွက်များမှာ အမျိုးမျိုးအစားအစားပြားသည်။ အသီးအရွက်တို့ကို ချက်ပြုတ်စားခြင်းထက် အစိမ်းစားခြင်းက ဗီတာမင်ဓာတ်မပျက်သဖြင့် မြန်မာထမင်းဝိုင်း၏ တို့စရာ ပန်းကန်သည် ဗီတာမင်စုံ အားဆေးပဒေသာကြီးပင် ဖြစ်လေသည်။

ရိုးတစ်လျှောက်
ဖြိုးမောက်ပါတဲ့ လယ်ပတူ
အရွက်ချွန်း ကန်စွန်း၊ ပုစွန်စာနှင့်
လွန်တရာ ကညို့ပေါတယ်
တော့ဖြစ်လို့ထူ။
မှိုနားတို ငွေရောင်ဖျော့ငယ်နှင့်
ရွှေကနဖော့ ကြာရိုးဖြူ
ချိုးယူလို့ မကုန်ခန်း။
ပတ္တမြားရောင်
ဖားကပေါင် သံလွင်လွင်နှင့်
ရွှေညံပင်ရှုပ်မရှင်းတယ်
ကွင်းပြည့်ခမန်း။
ဤကဗျာလာ တို့စရာ အမျိုးအစားတင် ၁၀ မျိုးပြားသည်။ လယ်ပတူ၊ ကန်စွန်း၊ ပုစွန်စာ၊ ကညို့၊ မှိုနားတို၊ ကနဖော့၊ ကြာရိုးဖြူ၊ ဖားကပေါင်၊ သံလွင်၊ ညံပင် စသည့် လယ်ကန်းသင်းရိုးတစ်လျှောက် အလေ့ကျပေါက်နေသည့်၊ မြန်မာ့လယ်သမားဦးကြီးများ၏ ထမင်းဝိုင်းအတွက် လယ်စာ၊ တောစာ ဟင်းသီးဟင်းရွက်တို့စရာတို့မှာ အဘယ်မျှ လတ်ဆတ်လိုက်ပါသနည်း။ ယနေ့ ချမ်းသာသည့်နိုင်ငံများတွင် တခုတ်တရ မတန်တဆ ဈေးကြီးပေးဝယ်စားနေရသည့် Organic Vegetables ခေါ် ဓာတုပစ္စည်းကင်းသည့် သဘာဝ ဟင်းသီးဟင်းရွက်တို့ကို မြန်မာ့လယ်ယာဦးကြီးတို့၏ လယ်ယာမြေ ရိုးတစ်လျှောက် ချိုးဆွတ်ယူငင်၍ မကုန်ခန်းအောင် ပေါချက်က ကွင်းပြည့်လုမတတ်ပါပင်။ မြန်မာ့လယ်သမားတို့၏ ထမင်းဝိုင်းသည် အဖိုးတန် သားပြွမ်းဟင်းဖြင့် မြိုင်မြိုင်ကြီးဖွယ်ရာစရာမလို။ ငါးပိရည်နှင့် တို့စရာလှိုင်လှိုင်ကို မြိန်မြိန်ကြီးလွေးရလျှင် ကျေနပ်ပြီ။ အာဟာရဖြစ်ပြီ။ အလုပ်ကပင်ပန်း၍ ၀မ်းမီးကလည်းကောင်းလှရာ ပြောင်းခင်းဆင်ကျသလို တဂျွမ်းဂျွမ်း စားလိုက်ပုံများ သွားရည်ယိုစရာ ကောင်းပါဘိ။ မြန်မာ့လယ်သမားကြီးတို့မှာ ဖြူနေအောင်ဖွတ်ထားသည့်ဆန်ထက် အဆာခံအောင် လုံးတီးဆန်ကြမ်းကို သာ စားကြရာ ကျန်းမာရေး နှင့် ညီညွတ်လှသည်။ အစာသေ (သားငါး) ထက် အစာရှင် (ဟင်းသီးဟင်းရွက်) ကို ပို၍ စားကြသဖြင့် ဆရာကြီး ရွှေဥဒေါင်းစကား ငှားသုံးရလျှင် မိုးကိုဒူးဖြင့် တိုက်ချင်လောက်အောင် ကျန်းမာကြသည်။ လယ်ယာဦးကြီးတို့ "ကျွဲချွတ်ကယ်အိမ်ပြန်၊ မုရင်းငယ်ကောက်ဆန်၊ ထမင်းငယ်နီကြန်" ကို အိမ်သူဇနီးမယား စီမံချက်ပြုတ်ထားသော "ရွှေဂုံညို၊ ယုန်ဖိုနှောချက်၊ တစ်ခွက်ကယ်အချဉ်၊ တောပြည့်စင်၊ ရည်ငင်ရွှန်းစို၊ လယ်ကန်စွန်းရယ်နှင့်၊ မယ်လွန်းအောင်ကျိုပါ့၊ နဂိုလှ ဦးရင်ငယ်၊ လှော်မီးကင်ပုစွန်ထောင်းငယ်နှင့်…" လည်းကောင်း၊ "ယုန်သားငယ်စိမ်းစို၊ ဆူးပုပ်ကယ်ပင်အို၊ လက်ငုတ်ကယ်တိုတို၊ ဟင်းရေကချို" နှင့်လည်းကောင်း ဆုပ်ကာဆုပ်ကာ လွေးလိုက်ပုံမှာ အားရစရာကြီးပါပေ။ ဦးဆောင်း၏ လွမ်းချင်း၌လည်း "ဖျဉ်းနားတိုတွင်၊ ချဉ်ပေါင်ညို ပေါ်စဖူးရယ်နှင့်၊ ငါးလူးငယ်မျှင်မျှင်၊ ကြေးမသင်ရေလုံပြုတ်ပါလို့၊ အင်ကုပ်ကျယ်ကျယ်နှင့်…" ဟု စပ်ဆိုထားရာ မြန်မာ့ဓလေ့ ဟင်းလျာတို့သည် အသားပြုတ်ရည်ချိုချိုဝယ် လတ်လတ်ဆတ်ဆတ် ရတတ်သမျှ ဟင်းရွက်တို့ကို သောင်းပြောင်းရော၍ ခပ်ကာ ချက်ထားသော အရည်ရွှမ်းဟင်းမျိုးများ ဖြစ်ကာ ဆီမပါသဖြင့်၊ ဟင်းသီးဟင်းရွက်တို့က လတ်ဆတ်ကာ ချိုသဖြင့်၊ အာရသာရှိရုံမက၊ အာဟာရပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွတ်ပါပေသည်။ ထို့ကြောင့် ရှေးမြန်မာ တောနေလူတန်းစားတို့မှာ ကျန်းမာတုတ်ခိုင်ကြကာ၊ အလုပ် လုပ်နိုင်စွမ်းမြင့်မားကြခြင်း ဖြစ်ရပေမည်။ မြန်မာပြည်သည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် အားလျော်စွာ လူဦးရေ၏ ၇၀ % ကျော်မှာတောနေ လယ်သမားများ ဖြစ်ကြသည်။ တောနေလူတန်းစား လယ်သမားတို့ ကျန်းမာ၍ အလုပ်လုပ်နိုင်စွမ်းမြင့်လေ နိုင်ငံထုတ်ကုန် တိုးလေ၊ နိုင်ငံထုတ်ကုန်တိုးလေ နိုင်ငံ၏ GDP မြင့်လေ၊ နိုင်ငံ့ GDP မြင့်လေ နိုင်ငံချမ်းသာလေ၊ နိုင်ငံချမ်းသာလေ၊ နိုင်ငံ၏ ပြည်သူပြည်သားတို့ ဘ၀ပျော်ရွှင်ငြိမ်းချမ်း၊ စည်ပင်ဝပြောလေ ဖြစ်မည်ကား မုချဧကန်ပင်။

မြန်မာပြည်၌ နောက်ပိုင်း ဟော့ပေါ့ Hot Pot ဆိုင်များပေါ်လာကြသည်။ ထိုဟော့ပေါ့ကို တတန်တက ဆိုင်ကြီးကနားကြီးဖွင့်ကာ တခမ်တနား ရောင်းချလာကြသည်။ စင်စစ် ဟော့ပေါ့ယဉ်ကျေးမှုသည် ဂျပန်ကလား၊ တရုတ်ကလား မသိ ဈေးကွက်စီးပွားရေး နှင့် အတူ မြန်မာပြည်သို့ ၀င်လာတာ ဖြစ်ရမည်။ ဟော့ပေါ့သည် မီးအပူပေးထားသော အသားပြုတ်ရည်အိုးကြီးထဲ ဟင်းသီးဟင်းရွက်နှင့် အသားများရော နှောချက်ထားသည့် အရည်သောက်ဟင်းချိုပါပဲ။ ဒါကို ၀ိုင်းဖွဲ့စားကြသည့် အခါ အာရသာပို ရှိသွားစေသည်။ အမှန်တော့ ဟော့ပေါ့ မြန်မာပြည်သို့ မ၀င်လာမီကပင် မြန်မာလူမျိုးတို့ ရှေးယခင်ကတည်းက ဟော့ပေါ့ နှင့် အလားတူဟင်းများ ချက်ပြုတ်စားသောက်လာခဲ့ကြကြောင်း ၀န်ကြီးပဒေသရာဇာ၊ ဦးဆောင်း၊ ဦးကြီး၊ လယ်ဝန်မင်းကြီး ဦးစီတို့၏ ကျေးလက်ဘွဲ့ ကဗျာများတွင် တွေ့နိုင်၏။ ဟော့ပေါ့ကဲ့သို့ဝိုင်းဖွဲ့ကာ သိုင်းချဲ့ကာ စားရသော ဓလေ့ မြန်မာတို့တွင်လည်း ရှိခဲ့ပါ၏။ ထိုဓလေ့ကား ဒေါင်းလန်းကြီးအလယ် ထမင်းတွေပုံ၊ ဟင်းတွေပုံကာ မိသားစုဝိုင်းဖွဲ့ကာ စားကြသည့် လက်ရည်တစ်ပြင်စီး မြန်မာ့ဒေါင်းလန်းကြီး ထမင်းဝိုင်းပေတည်း။

လက်ရည်တစ်ပြင်စီး မြန်မာ့မိသားစုထမင်းဝိုင်းကို နန်းတော်ရှေ့ဆရာတင်က "လက်ရေတစ်ပြင်စီး၊ နှီးဒေါင်းလန်းကြီးရယ်နှင့် ၀ိုင်းဖွဲ့ကာ၊ သိုင်းချဲ့ကာ၊ စားကြသည်မောင်၊ မကြည်အောင် ခပ်ငယ်ငယ်….ဒေါင်းလန်းကြီးရယ်နဲ့ ထမင်းတွေပုံ၊ ဟင်းဇလုံ အလယ်မြှုပ်ပါလို့၊ တစ်လုပ်စီ မောင်နှမတွေရှင်…စားကြပျော်ရွှင်…တေးဆိုကြ…မြူးပျော်ကြ…ဟေ့သူငယ်ချင်းတို့…တို့နယ်ပယ်တွင်…" ဟူ၍ သရုပ်ဖော်သည်။ လက်ရေတစ်ပြင်တည်း၊ လက်ရေတစ်ပြင်စီး၊ ဇာတိနွယ် သုံးမည်ရ ဤသီချင်းကို ကနဦး အငြိမ့်ခုံပေါ်ဝယ် သူဆိုသူမှာ လေဘာတီမမြရင် ဖြစ်သည်။ သာစည်နယ် ရွှေဖလားကန်သူ မမြရင် သီချင်းကို ပုဇွန်တောင် စက်ဆန်းသူ မကြည်အောင် ဓာတ်ပြားသွင်းတော့လည်း စွဲလန်းကြသည်။ မြန်မာ့ကျေးလက်မိသားစုထမင်းဝိုင်းရဲ့ တန်ဖိုး၊ အနှစ်သာရကို မြန်မာတိုင်းက နားလည်ကြသည်ကိုး။ ခုခေတ်ပြန်ဆိုနေကြတော့လည်း ဘယ်တော့မှ မရိုးနိုင်၊ နှစ်ခြိုက်ကြဆဲ။ မြန်မာမှန်ရင် မြန်မာ့မိသားစုထမင်းဝိုင်းသြဇာရိပ်နှင့် ကင်းနိုင်တဲ့သူမှ မရှိတာကလား။ နှီးဒေါင်းလန်းကြီးကို ၀ိုင်းကာ သူ့လက်ရည်ကိုယ့်ဘက်စီး၊ ကိုယ့်လက်ရည်သူ့ဘက်စီး တစ်သားတည်း စားကြသည်မှာ အချစ်မေတ္တာကို ရှေးကထက်ပိုလို့တိုးစေ၏။ မြန်မာ့ကျေးလက်မိသားစုထမင်းဝိုင်းသည် စည်လုံးညီညွတ်မှု၊ အေးအတူပူအမျှ ရှိမှု တို့၏ ပြယုဂ်ဖြစ်သည်။ မိသားစုဝင်တစ်တွေ တိုးကာဝှေ့ကာ၊ အားရပါးရ ဆုပ်ကာ လွေးကြသည်မှာ အားရစရာ မြိန်စရာကောင်းလှချည့်။ သြော်….ကောင်းလိုက်ပါဘိ။ လွမ်းဖွယ်အတိ။

"ခင်ရာ ဆွေမျိုး၊ မြိန်ရာ ဟင်းကောင်း" ဆိုသလို စားမြိန်စေဖို့ အဖိုးတန် ဟင်းလျာ ဖြစ်ဖို့မလို။ စားမြိန်ဟင်းတစ်ခွက်သည် အဖိုးအနဂ္ဃ ကုဋေတစ်သိန်းထိုက်သော သားပြွမ်းဟင်းတစ်ခွက် ဖြစ်ချင် မှ ဖြစ်မည်။ မေတ္တာစေနာ၊ နွေးထွေးမှုတို့ဖြင့် ပြည့်လျှမ်းသော ထမင်းဝိုင်းသည် ငါးပိရည်ကျိုတစ်ခွက်၊ တို့စရာတစ်ဖက်နှင့် ပင် ဖြစ်ပါစေ မြိန်စေရမည် ဖြစ်သည်။ မိခင်က သမီးသားတို့ အပေါ်၊ မယားက လင့်အပေါ် ထားသော မြိန်စေချင်သည့် စေတနာက စေ့ဆော်လျှင် ထိုဟင်းသည် အာရသာရှိရမည်သာ။ အာဟာရရှိရမည်သာ။ မြိန်စေရမည်သာ။ ထို့ကြောင့် အမေချက်သော ငါးပိရည်ကျဲ ကလေးပင် ဖြစ်စေ မလွမ်းသော သားဟူ၍ မရှိ။ မေတ္တာဖြင့် ထုံမွှမ်းသဖြင့် ထိုငါးပိရည်ကျဲကလေးသည်ပင် သားတို့အတွက် အာဟာရဖြစ်ရပါ၏။ နတ်သုဒ္ဓါတမျှ ဖြစ်ရပါ၏။

ဆာလောင်မွတ်သိပ်နေချိန် စားမိသော အစာသည် အာရသာအရှိဆုံး၊ အမြိန်ဆုံးဖြစ်သည်။ လယ်ထွန်က အပြန် အိမ်သူသက်ထား ဇနီးမယား ချက်ထားသော ချဉ်ပေါင်ဟင်းရည်ချက်ကလေး နှင့် ပြောင်းဆန်ထမင်းကိုပင် ဆာဆာနှင့် တစ်ပန်းကန် တက်တက်ပြောင် ဗိုက်ကားအောင် စားမြိန်လှကြောင်း "လယ်ထွန်ပြန်တွင်၊ နွားကန်ပစ်ချ၊ ဆာမွတ်ချိန်ကျသောကြောင့်၊ ဆံစလိပ်ခွေ၊ ဖားလျားဝေနှင့်၊ အိမ်နေသူ့သက်ပန်၊ ချက်ပြောင်းဆန်ကို၊ တစ်ပန်းကန်ကုန်အောင်၊ တက်တက်ပြောင်တော့၊ ကိုတောင်သူ့အနေ၊ ဗိုက်ဝမ်းရေပတ်လည်ကျရယ်နှင့်၊ ယဉ်လှတယ်လေး" ဟူ၍ ဦးဆောင်းရေး ချဉ်ပေါင်ဖူးဘွဲ့ လွမ်းချင်း၌ မြိန်ရာဟင်းကောင်း ဖြစ်ပုံကို ဖွဲ့၏။ ထိုနည်းတူ လက်ပံပွင့်ဘွဲ့လွမ်းချင်း၌ လည်း ဦးဆောင်းက "သားရေနှင့် အမဲ၊ လက်ပံနှင့်ချိုင်ရလျှင်၊ ကျိုနိုင်ရင် မွမွပြောင်းတာမို့၊ ပြောင်းဆန်အို မျိုမကျရယ်နှင့်၊ မြိန်လှတယ်လေး" ဟု သွားရည်ယိုစရာ လက်ပံခေါင်း အမဲသားချက်ဟင်းကို လွမ်းလောက်အောင် ဖွဲ့ပြ၏။ နူးအိသွားအောင် နှပ်ထားသော မွမွပြောင်းပြောင်း အမဲသား လက်ပံခေါင်းချက် ကလေးကို စုံကန်မျှောချရသည့် ပြောင်းဆန်ကြမ်းထမင်းနှင့်ပင်ဖြစ်စေ စားရသည်မှာ ခံတွင်းတွေ့လှ မြိန်လှချည့်ဟူ၍ မြိန်ရာဟင်းကောင်း ဖြစ်ပုံကို ဦးဆောင်းက ဤသို့ ရေးပြ၏။

ဂင်္ဂါမာလ ရေသည်ပြဇာတ်၊ ဗာရာဏသီမြို့မြောက်မျက်နှာက ရေသည်ယောကျာ်း ရေရောင်းထွက်ခန်း၌ ရေသည်ယောက်ကျာ်း၏ အာသီသကို ဦးပုည လှစ်ပြပုံကလည်း "ကောက်လျင်ကြီးဆန်၊ နီတာလံနှင့်၊ ငါးသန်သေးနုပ်၊ ရေလုံပြုတ်များကို၊ တစ်လုတ်ကယ်၀၀၊ စားလိုက်ရလျှင်ဖြင့်၊ အာဂပါးစပ်၊ လူဖြစ်ကျိုးနပ်လေငဲ့။" ဟူ၍တည်း။ ရေသည်ယောကျာ်းတောင့်တသော နီတာလံ ကောက်လျင်ကြီးဆန်ထမင်း နှင့် ငါးသန်ရေလုံပြုတ်ဟင်းတို့မှာ သူ့အတွက်တော့ စားမြိန်ထမင်းတစ်နပ်ပါပေ။ ဤထမင်းတစ်နပ်ကို မက်ရည်စက်ရည်စားလိုက်ရလျှင်ဖြင့် မြိန်ချက်ကတော့ အာဂပါးစပ် လူဖြစ်ကျိုးနပ်လေပြီဟူသတတ်။

တစ်ဖန် မြို့တောင်မျက်နှာက ရေသည်မိန်းမကလည်း "မုရင်းဆန်နှင့် ပွဲရန်ချဉ်ပေါင်၊ ကျွေးနိုင်တဲ့ မောင်များကို၊ လူ့ဘောင်တွင်တစ်ခါ၊ ကြိမ်စမ်းချင်ပါဘိ၊ ဇာတာထွန်းပေါ်၊ ကံနှိုးဆော်လို့၊ မတော်တဆ၊ မုရင်းမောင်မောင်၊ ဦးချဉ်ပေါင်ရိုး နှင့်၊ အိမ်ထောင်များကျခါမှ၊ ၀၀ကြီးပေါင်းလန်အောင်၊ စည်းစိမ်ခံတော့မယ်…"ဟူ၍ သူ့ချင်ခြင်းကို ရင်ဖွင့်ပြ၏။ ရေသည်ယောကျာ်းနှင့် ရေသည်မိန်းမတို့သည် အမွဲတကာ့ထွဋ်ခေါင် ဖွတ်မင်းနောင် ဆိုရလောက်အောင် ကျောမွဲများ ဖြစ်ကြ၏။ သို့သော် သူတို့ တောင့်တာရာ၊ မြိန်ရာ ဟင်းလျာသည် သူ့တို့၏ နတ်သုဒ္ဓါ ဖြစ်၏။ "အာဂပါးစပ်၊ လူဖြစ်ကျိုးနပ်လေငဲ့"၊ "၀၀ကြီးပေါင်းလန်အောင်၊ စည်းစိမ်ခံတော့မယ်" ဟုထုတ်ဖော်တောင့်တရလောက်အောင် အာသာချင်ခြင်း ဖြစ်ကြသည့် ထမင်းတစ်နပ်သည် မြိန်ယှက်နေလိမ့်မည်မှာ ဧကန္တတည်း။ ရေသည်မိန်းမမှာ မုရင်းထမင်း၊ချဉ်ပေါင်ဟင်းကိုတင်မက၊ ထိုထမင်း၊ဟင်းမျိုးကျွေးနိုင်သည့် အိမ်ထောင့်ရှင်၏ အိမ်သူသက်ထား ဇနီးမယားလည်း ဖြစ်ချင်ပါသေးသတဲ့။ တူနှစ်ဖြာရွှေဂဟေဆက် ရွှေလက်တွဲကာ ထမင်းလက်ဆုံစားသည့်ခါဝယ် "လည်ချောင်းကိုမြေလှန်၊ ဂလုံဆန်အောင်၊ စုံကန်လို့မျှော" ရသော "ပဲစေ့တစ်ဝက်၊ ပြောင်းတစ်ဝက်နှင့်၊ ဆန်ပြက်သိကာ၊ ပါကောင်းပါ" သည့် ထမင်းကြမ်းပင်ဖြစ်စေဦး မေတ္တာ၊ အကြင်နာ၊ စေတနာတို့ဖြင့် ၀န်းဖွဲ့ယှက်သိုင်းသော လက်ဆုံထမင်းဝိုင်းကား မြိန်ဖွယ်အတိ ပြီးမည်သာတည်း။

ရွှေဘိုစီရင်စု ငါးနဲရွာနေ သိမ်ဒါယကာ ဦးကြီးက ကနောင်အိမ်ရှေ့စံကိုယ်တော့်ထံ ဆက်သွင်းသည့် ဆယ်အိမ်ခေါင်းလွမ်းချင်း၌လည်း "စည်းစိမ်ကြီးပါဘိ၊ ရုပ်သီးတောင့်ကိုင်၊ နှစ်ယောက်ကယ်ထိုင်၊ ယှဉ်လက်ပြိုင်ကျယ်၊ စပျစ်ကယ်နှင့်၊ ဖွယ်သစ်မြေအင်ရံလို့၊ ဇွန်းမတန်ကန်ယောက်သွားငယ်နှင့်၊ ကြွက်နဖားပုန်းရည်ကျိုသည့်၊ အလိုဗျာ စားပုံတင့်ပါဘိ၊ ခေါင်မင်း ဆယ်အိမ်ပေမို့ အခြေကြီးလှတောင်းကိုလေး။" ဟူကာ ဆယ်အိမ်ခေါင်းစည်းစိမ်ကို လွမ်းတသသ တမ်းတသည်။ ဆယ်အိမ်ခေါင်းမင်း နှင့် မင်းကတော်တို့ နှစ်ယောက်သား ငရုပ်သီးတောင့်ကိုယ်စီကိုင်ကာ ကြွက်နဖားပုန်းရည်ကျိုးဟင်းနှင့် လက်ဆုံစားရသည့်စည်းစိမ် ကြီးလှချည့်၊ မြိန်လှချည့်ဟူ၍ ဦးကြီးက နှစ်ကိုယ်တူလက်ဆုံထမင်းဝိုင်းကို လွမ်းပြပါသည်။ ဦးကြီးက အိမ်သူချက်ထားသည့် ထမင်းဟင်းကို မြိန်မြိန်ကြီးခံစားပြီးသကာလ "ရသာချမ်းငြိမ်း၊ အခြင်မြေသက်၊ ပင်ထန်းရွက်နှင့်၊ ခေါင်ပျက်အိမ်တွင်၊ စည်းစိမ်ကြီးရင်၊ ခြေလိမ်တင်လို့၊ ခုတင်ကြမ်းပေါက်၊ သုံးချောင်းထောက်မှာ၊ မှောက်ချည်လှန်ချည်၊ အဆီရစ်ဖိန်း၊ မှိန်းတဲ့ချည်နှင့်၊ မကြည်သန်းဝေ၊ ထယ်မင်းပုံနေလိုက်တယ်၊ နွားရေပြန့်အပေါ်မှာ၊ ခေါင်းကတော် ကိုယ်တိုင်နှိပ်ခါမှ၊ သူအိပ်တယ်လေး။" ဟူ၍ ဆယ်အိမ်ခေါင်းမင်းစည်းစိမ်ကြီးပုံ၊ အိမ်ထောင့်ရှင်မ၏ အခန်းကဏ္ဍ၊ လက်ဆုံထမင်းဝိုင်း၏ တန်ဖိုးကို ဦးကြီး၏ ဆယ်အောင်ခေါင်းလွမ်းချင်းက သက်သေပြပါသည်။ ဆယ်အိမ်ခေါင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် အလို့ငှာ ဆယ်အိမ်ခေါင်းမင်း၏ စားရေး၊ ကျန်းမာရေး အတွက် ရေပူရေချမ်းကမ်းပေးသော ဆယ်အိမ်ခေါင်းကတော်၏ အခန်းကဏ္ဍသာပျောက်ကွယ်နေပါက ဆယ်အိမ်ခေါင်းမင်းစည်းစိမ်ကို ဤသို့စာတစ်တန်ပေတစ်ဖွဲ့ နွဲ့ ရလောက်အောင် လွမ်းလောက်မည်မဟုတ်ချေ။

ဝန်ကြီးပဒေသရာဇာရေး ကျေးလက်ရနံ့သင်းသော တျာဘွဲ့ (၄) ပုဒ်တွင် မြန်မာ့မိသားစု ကျေးလက်ထမင်းဝိုင်းကို ဖွဲ့သည်။ ၀န်းကြီးပဒေသရာဇာသည် မြန်မာ့ကျေးလက်ဓလေ့၊ ကျေးလက်လူနေမှုစရိုက် ကို ဖွဲ့ရာတွင် ပီပြင်လှသည်။ မြန်မာ့ကျေးလက်ပြည်သူလူထု၏ ချစ်စရာဓလေ့စရိုက်၊ စည်းလုံးညီညွတ်မှု၊ အေးတူပူအမျှ၊ ကောင်းတူဆိုးဖက် နေထိုင်ကြပုံ လူမှုစနစ်တစ်ခုလုံးကို ထင်ဟပ်ပြသည်။ မြန်မာ့ကျေးလက်နေပြည်သူတို့၏ သဘာဝ၊ ယဉ်ကျေးမှုဓလေ့ကို တင်ပြရာ၌ စာဆိုသည် မြန်မာတို့၏ စားသောက်မှုပုံစံကို ဖော်ညွှန်းသည့် လက်ရေတစ်ပြင်တည်း မြန်မာ့ထမင်းဝိုင်းကို သင်္ကေတပြုကာ ခြယ်မှုန်းဖွဲ့ဆိုသည်။ စာဆိုသည် မြန်မာ့ကျေးလက်လူနေမှုဓလေ့စရိုက်ကို ဖော်ပြရာ၌ မြန်မာ့ထမင်းဝိုင်းကို တွင်တွင်ထည့်၍ အဘယ်ကြောင့်ဖွဲ့သနည်း။ ရှင်းပါသည်။ မိသားစုထမင်းဝိုင်းသည် လူ့အဖွဲ့အစည်းတစ်ခု၏ အဘိဓမ္မာ၊ လောကအမြင်၊ ယဉ်ကျေးမှုထုံးဓလေ့၊ တန်ဖိုးထားမှု၊ စည်းလုံးညီညွတ်မှု၊ ဗြဟ္မစိုရ်တရားတို့ကို ထင်ဟပ်သော ပြယုဂ်ဖြစ်သောကြောင့် ပင်တည်း။

မိုးဦးကာလ ချောင်းကျသောခါ ပန်းလောင်ချောင်းတစ်လျှောက် ကုန်သွယ်ဖောက်ကားစီးပွားရှာကြသည့် ပိန်းကောလှေရှင်နှင့် လှေထိုးသားသွေးသောက်တို့ စုဝေးစားသောက်ကြသည့် ထမင်းဝိုင်းကို ၀န်ကြီးပဒေသရာဇာက "အငွေ့ငွေ့ချောင်းချောင်း၊ စလောင်းနှင့် ငါးပိကင်၊ လှေဆိုက်တည့်လျှင် ကြေးလင်နှင့်ကျင်း၊ ရိုးရွက်ကယ်ဖူးခေါင်၊ အာပါးကိုလောင် ချဉ်ပေါင်ပူလှသည့်ဟင်း" နှင့် "သွေးသောက်ကယ်ခေါ် အဖော်ပေါင်းညှိ၊ ငုံ့ကာငုံ့ကာ ၀ပ်၍သာ၊ ဆုပ်ကာလွေးလိုက်ဘိသည်" ဟူ၍တစ်ဖုံ…

ဝသန်ကာလ မိုးကျသောခါ လယ်ထွန်သွားသော လယ်သမားမိသားစု လက်ရေတစ်ပြင်တည်း ထမင်းဝိုင်းမြင်ကွင်းကို "ဖားပေါက်စင်းငယ် ခြင်းပလိုင်းဝယ်၊ ခရူပီလော ရောနှော၍သာလွယ်၊ ဟင်းရွက်ကယ်နုနယ် တစ်သွယ်ကန်းစွန်း၊ ဆူးပုပ်ကယ်ကင်းပုံ အလုံးစုံ၊ ဖူးငုံသာ ရော၍ ပြွမ်းသည်နှင့်လေး။ ချိုလည်းချိုလွန်း၊ ရည်ရွှမ်းများစွာ၊ ကြံဟင်း ကြွက်နားပေါင်း သောင်းပြောင်းရော၍သာ၊ အိမ်သို့ရောက်ခါ လျင်စွာချက်ပြုတ်၊ ထမင်းကပူ ဟင်းကပူ၊ ရှူရှူသာ ရှမ်းငရုတ်ကယ်နှင့် လေး။" ဟူ၍ တစ်မျိုး…

နွေဦးကာလ မြူထသောခါ ထန်းလုပ်ငန်းခွင်က ထန်းသမားမိသားစု ဒေါင်းလန်းကြီးထမင်းဝိုင်းကို စာဆို သရုပ်ဖော်ပုံမှာ "နှီးဒေါင်းလန်းကြီး ခူးပြီးသောခါ၊ သမီးနှင့်သား များလို့မ၀င်သာ၊ ဒူးတစ်ဖက်ဟာ တွန်းကာဖယ်လျက်၊ သူ့ထက်ငါလေ စားတော့မည်စေ၊ စပေ သာလှ အုန်းခွက်ကယ်နှင့်လေး။ ငုံ့လျက်ကိုယ်စီသာ ဆုပ်ကာလွေးတော့သည်။ ပြီးလျှင် ရေမရှာ ခွေးသာ ကျွေးတော့သည်။" ဟူ၍ တစ်သွယ်…

ဆောင်းဦးကာလ နှင်းကျသောခါ တောင်ပိုင်တက်ဘွဲ့၌လည်း ၀န်ကြီးပဒေသရာဇာ မိသားစုလက်ဆုံထမင်းဝိုင်းကို စာပန်းချီခြယ်ပုံက "ကင်ပလင်းရွက် ဖွတ်ခြောက်စွက်ကာ၊ မီးမှာဖုတ်သည် ငရုတ်မိုးမျှော်သာ၊ ကြက်သွန်မပါ ဆုံမှာထောင်းမှ၊ ထမင်းဟင်းပူ ငရုတ်ဟူ၊ လူလူအငွေ့ထသည်နှင့်လေး။ ရုက္ခနတ်ကိုပင် တင်ရည်ထားတော့သည်။ တိုးဝှေ့သူ့ထက်ငါ ဆုပ်ကာစားတော့သည်။" ဟူ၍ တစ်နည်း… ဖွဲ့ပြ၏။ မိုးမျှော်ငရုတ်၊ ဟင်းရွက်အဆိုးအကောင်းသောင်းပြောင်းရောရာ အသားခပ်ထားသော ဟင်းတစ်မယ်၊ ငါးပိကင်တို့သည် မြန်မာ့ထမင်းဝိုင်း၏ အင်္ဂါရပ်များဟု ဆိုနိုင်သည်။ ဒေါင်းလန်းကြီး၊ ဖျဉ်းနားတို၊ မြေအင်တုံ စသည်တို့သည် ရှေးမြန်မာတို့၏ ထမင်းဝိုင်း အိုးခွက်အသုံးအဆောင် တန်ဆာပလာများ ဖြစ်၏။ အလုပ်ကပန်းပန်းနှင့် ၀မ်းမီးကလည်းတညီးညီးတောက်လောင်နေခိုက် ခုချက်ခုစား ထမင်းပူပူဟင်းပူပူကို ရှူရှူသာ ရှမ်းငရုတ်ကယ်နှင့် ဧရာမထမင်းလုပ်ကြီးကို ဆုပ်ကာ သူ့ထက်ငါ တိုးကာဝှေ့ကာ စားကြသည်မှာ အဘယ်မျှမြိန်လိုက်လေ မလဲ။ ဤကဲ့သို့သောထမင်းဝိုင်းမျိုးမှ မိသားစုဝင်တို့ကြား အချစ်မတိုးစေလျှင် အဘယ်သို့သော ထမင်းဝိုင်းက အချစ်ကို တိုးစေလိမ့်မလဲ။ ၀န်ကြီးပဒေသရာဇာ၏ မြန်မာ့လက်ရေတစ်ပြင်စီး ထမင်းဝိုင်းများက ၀ိုင်းလုပ်ဝိုင်းစား သမ၀ါယမစိတ်ဓာတ်၊ စည်လုံးညီညွတ်မှုစိတ်ဓာတ်၊ အေးအတူပူအမျှစိတ်ဓာတ်ကို ထင်ဟပ်ပြသနေပါ၏။

ဆရာနေ၀င်းမြင့်က သူ၏ နှီးဒေါင်းလန်းဆင်ဖနီ ဆောင်းပါး၌ "ကျွန်တော်ကတော့ ဆရာကြီးဦးချမ်းမြေ့ (မြကေတု) ၏ အယူအဆကို နှစ်သက်ပါသည်။ စိတ်၊ လက်၊ ၀မ်းကို မြန်မာတို့ အဓိပ္ပါယ်တူ ရေလဲသုံးကြပါသည်။ ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်း စိတ်သာယာခြင်း၊ မသာယာခြင်းကို ပြောခြင်းဖြစ်သည်။ ရှေးအသုံး "၀မ်းပျက်လိလိ" သည် "စိတ်ပျက်လိလိ" ပင်ဖြစ်သည်။ စိတ်အေးလက်အေး၊ စိတ်ပါလက်ပါ၊ စိတ်လက်ချမ်းသာ၊ စိတ်လက်ညှိုးငယ်စသည် ဖြင့် စိတ်နှင့်လက်ကို အဓိပ္ပါယ် အတူတူသုံးစွဲကြသည်လည်းရှိသည်။ လက်ရေတစ်ပြင်တည်း ဟူသော သီချင်း၏ သဘောရင်းမှာ စိတ်ရေတစ်ပြင်တည်း ကိုသာ ဆိုလိုသည်။ တစ်စိတ်တစ်ဝမ်းတစ်လက် ရေကဲ့သို့ အရှိုင်းအကောမရှိ တစ်ချက်တည်းညီသည်ဆိုသည့် သဘောဟု ကောက်ယူနိုင်သည်။" ဟူ၍ လက်ရေတစ်ပြင်တည်းသည် စိတ်ရေတစ်ပြင်တည်းပင် ဖြစ်ကြောင်း အဓိပ္ပာယ်စပ်ဟပ် ပြပုံမှာ နှစ်သက်ဖွယ်ကောင်းလှသည်။ လက်ရေတစ်ပြင်တည်းထမင်းဝိုင်းသည် မြန်မာတို့၏ စိတ်ရေတစ်ပြင်တည်း၊ တစ်သွေးတည်း၊ တစ်သားတည်း၊ မေတ္တာ၌ တိမ်းညွတ်နှောင်ဖွဲ့ခြင်းသဘောပင်တည်း။ နန်းတော်ရှေ့ဆရာတင်၊ လေဘာတီမမြရင် နှင့် မကြည်အောင်တို့သည် ဇာတိနွယ် (၀ါ) လက်ရေတစ်ပြင်တည်း သီချင်းဖြင့် မြန်မာတို့၏ ဇာတိမာန် နှင့် အမျိုးသားသွေးစည်းညီညွတ်ရေးကို ပုတ်နှိုးခဲ့ကြသည်။ ထိုအမျိုးသားသွေးစည်းညီညွတ်ရေးသည်ကား ပုခက်လွှဲသော လက်ပိုင်ရှင်၊ အိမ်ထောင့်ရှင်မတို့ဖန်တီးသော၊ မေတ္တာ၊ စေတနာ၊ ဂရုဏာ၊ မုဒိတာ စသည့် ဗြဟ္မစိုရ်တရားတို့ဖြင့် ထုံမွှမ်းသော လက်ရေတစ်ပြင်တည်း မြန်မာ့ထမင်းဝိုင်းများဆီမှ မြစ်ဖျားခံလာခြင်းပင် ဖြစ်ပေသည်။

ကိုဇော်(မောရ၀တီ)

ဆက်လက်ဖတ်ရှုရန်

 
Clicky Web Analytics